၂၀၁၈ ခုနှစ်၊ မေလ (၅- ၆- ၇) ရက်နေ့
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသော
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မှ ရရှိလာသည့်
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံရေးကဏ္ဍဆိုင်ရာ
အခြေခံမူများ စာတမ်း
စာတမ်းပါအကြောင်းအရာများ
• နိဒါန်း
• မွန်လူမျိုးတို့၏ နိုင်ငံရေးရည်မှန်းချက်
• နိုင်ငံရေးကဏ္ဍ စာတမ်း၏ရည်ရွယ်ချက်များ
• ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံလိုအပ်ချက်များ
• ဖက်ဒရယ်စနစ်တွင် အခြေခံလိုအပ်ချက်များ
• နိဂုံး
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပပြုလုပ်သည့်မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှရရှိလာသော နိုင်ငံရေးကဏ္ဍဆိုင်ရာအခြေခံမူများအဆိုပြုချက်စာတမ်း
နိဒါန်း
သမိုင်းပညာရှင်များ၏ အဆိုအရ မွန်လူမျိုးတို့သည် မြန်မာနိုင်ငံအတွင်းသို့ နှစ်ပေါင်းများစွာကတည်းက ဝင်ရောက်အခြေချသည့် လူမျိုးဖြစ်သည်။ မွန်လူမျိုးတို့သည် ဗုဒ္ဓမြတ်စွာ ဘုရားမပွင့်မီကပင် မြန်မာနိုင်ငံတောင်ပိုင်းတွင် မြို့ပြများထူထောင်ကာ မွန်ဘုရင်များ အုပ်ချုပ်ခဲ့ပေသည်။ သုဝဏ္ဏဘူမိ (သထုံ) နှင့် ဟံသာဝတီ (ပဲခူး) သည် မွန်ဘုရင်အဆက်ဆက်တို့မှအုပ်ချုပ်ခဲ့သော ဘုရင့်နိုင်ငံတော်၏ မြို့တော်များဖြစ်သည်။
မုတ္တမပင်လယ်ကွေ့၏ ကမ်းရိုးတန်းတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် မွန်လူမျိုးတို့သည် အိန္ဒိယနိုင်ငံတောင်ပိုင်းနှင့် သီရိလင်္ကာကျွန်းတို့ အား ရေကြောင်းအားဖြင့် အဆက်အသွယ်ရရှိကာ ဗုဒ္ဓသာသာနှင့်တကွ အခြားသောအိန္ဒိယယဉ်ကျေးမှုတို့ကို ယူဆောင်လာနိုင်ခဲ့ပေသည်။ ထို့ကြောင့် မွန်လူမျိုးများသည် ပထမဦးစွာ ဗုဒ္ဓဘာသာနှင့် ပိဋိကတ်သုံးပုံအပေါ်အမှီပြုပြီးစာပေ အရေးအသားပါ ရရှိလာခဲ့သည်။ မွန်လူမျိုးတို့သည် ထေရဝါဒဗုဒ္ဓသာသာကို မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှနိုင်ငံတစ်ခွင်တွင်ပါ ပျံ့နှံ့စေခဲ့ပါသည်။
မွန်လူမျိုးတို့သည် သမိုင်းတလျှောက်တွင် လွတ်လပ်စွာနေထိုင်ခဲ့သောလူမျိုး၊ တိုင်းနိုင်ငံကို ထူထောင်ခဲ့သည့်လူမျိုးဖြစ်ပေသည်။ သို့ရာတွင် မွန်နှင့်ဗမာပဒေသရာဇ်တို့ အကြားအားပြိုင်မှုကြောင့် မွန်မြို့ပြနိုင်ငံများသည် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဗမာပဒေသရာဇ်တို့၏ လက်အောက်သို့ ပဏ္ဍာဆက်နိုင်ငံအဖြစ်သို့ ရောက်ရှိသွားသည်။ ၁၇၅၇ ခုနှစ် မွန်လူမျိုးတို့၏ နောက်ဆုံးဌာနီ ဟံသာဝတီနေပြည်တော်ကြီး အလောင်းဘုရားလက်အောက် ကျဆုံးချိန်တွင် မွန်လူမျိုးအများအပြား ထိုင်းနိုင်ငံအတွင်းသို့ ခိုလှုံရသည်ဖြစ်သောကြောင့် မွန်တို့၏လူဦးရေသည် မြန်မာနိုင်ငံတွင် နည်းပါးစွာကျန်ရှိခဲ့သည်။ တဖန် အင်္ဂလိပ်-မြန်မာပထမစစ်ပွဲအပြီးတွင် မွန်လူမျိုးတို့သည် ဗမာလက်အောက်မှ အင်္ဂလိပ်လက်အောက်သို့ ရောက်ရှိခဲ့ပေသည်။
အင်္ဂလိပ်ကိုလိုနီလက်အောက်တွင် အင်္ဂလိပ်အစိုးရအားဆန့်ကျင်သည့် အမျိုးသားတပ်ပေါင်းစုတို့တွင် မွန်လူမျိုးခေါင်းဆောင်များဖြစ်သည့် ဦးချစ်လှိုင်၊ ဆာဂျေအေမောင်ကြီး စသည့်ပုဂ္ဂိုလ်များသည် ဗမာလူမျိုးခေါင်းဆောင်များနှင့်ပူးပေါင်းပြီး တစ်မျိုးသားလုံး ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပေသည်။ ဂျီစီဘီအေ၊ ဒို့ဗမာအစည်းအရုံး၊ ဖဆပလအမျိုးသားတပ်ပေါင်းစုတို့တွင် မွန်ခေါင်းဆောင်တို့ ပါဝင်ခဲ့ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော် (၃) ကျိပ်တို့သည် ဂျပန်ပြည်၌ စစ်သင်တန်းသင်ကြားပြီး အင်္ဂလိပ်တို့အား တော်လှန်တိုက်ထုတ်ရန် ကြိုးပမ်းသည့်ကာလတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အချိန်တွင် မွန်လူမျိုး (၈၀၀) ခန့်တို့မှ ဗမာ့တပ်မတော်ကို အင်အားဖြည့် အင်္ဂလိပ်တို့ကို ဝိုင်းဝန်းတော်လှန်ခဲ့ပေသည်။
သို့ရာတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တောင်တန်းမြေပြန့်ပူးပေါင်းပြီး ပြည်ထောင်စု တည်ဆောက်ခဲ့သော်လည်း မွန်လူမျိုးတို့အတွက် သင့်ရထိုက်သော အခွင့်အရေးကိုမရရှိခဲ့ပေ။
၁။ မွန်ဆွေမျိုးတို့၏ နိုင်ငံရည်မှန်းချက်
မွန်လူမျိုးတို့သည် (၁၉၄၇) တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပပြီနောက် မွန်အမျိုးသားတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် မွန်အမျိုးသားခေါင်းဆောင်တို့မှ အရှိန်မြှင့် တိုက်ပွဲဝင်တောင်းဆိုခဲ့သည်။ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသည့် ဖဆပလမှ အစိုးရအဖွဲ့ ဖွဲ့ပြီးသည့်နောက်ပိုင်း မွန်ခေါင်းဆောင်တို့မှ မိမိတို့လူမျိုးရသင့်ရထိုက်သော အခွင့်အရေးကို တောင်းဆိုခဲ့သည်။
၁၉၄၇ ခုနှစ် မွန်ခေါင်းဆောင်များမှ ဖဆပလအစိုးရသို့ တင်ပြသည့် “မွန်အမျိုးသားတို့၏ နိုင်ငံရေးတောင်းဆိုချက် (၇) ချက်” မှာထင်ရှားပေသည်။ ၎င်းတို့မှာ –
(က) အစိုးရ၏ ပထမပြန်စာမေးပွဲများတွင် မွန်သံဃာတော်များအတွက် ပုစ္ဆာများကိုမွန်ဘာသာဖြင့် မေးမြန်းဖြေဆိုခွင့် ရရှိရန်နှင့် မွန်ပါဠိပထမပြန်ကော်မီတီတစ်ရပ်(ဖွဲ့ပေးရန်၊
(ခ) မွန်နယ်များရှိ မူလတန်းကျောင်းများတွင် မွန်စာကို သင်ကြားခွင့်ပေးရန်နှင့် မွန်ပညာရေးအတွက် ရန်ပုံငွေသီးသန့်ကို အုပ်ချုပ်စီမံနိုင်သည့် မွန်ပညာရေးဘုတ်အဖွဲ့ကခု ဖွဲ့စည်းပေးရန်၊
(ဂ) မွန်လူမျိုးများနေထိုင်ကြသည့် ခရိုင်၊ မြို့နယ်၊ ဒေသများရှိ အစိုးရဌာနအသီးသီးတို့တွင် မွန်အမျိုးသား အစိုးရအမှုထမ်း၊ အရာထမ်းများအား ခန့်အပ်နေရာချထားပေးပါရန်၊
(ဃ) မွန်အမျိုးသားတို့အတွက် သီးခြားစာရင်းပြုလုပ်၍ လွှတ်တော်တွင် အချိုးကျလူဦးရေအရ သီးသန့် မွန်ကိုယ်စားလှယ်အမတ်များပေးပါရန်၊
(င) အာဏာနှင့်ပြည့်စုံသော မွန်ရေးရာကောင်စီတစ်ရပ်ကို ဖွဲ့စည်းပေးပါရန်၊
(စ) အခြား တိုင်းရင်းသားများနည်းတူ ဗဟိုအစိုးရ၏ လက်အောက်ခံ မွန်အမျိုးသားတပ်ဖွဲ့များ ဖွဲ့စည်းပေးရန်၊
(ဆ) မိမိတို့ကံကြမ္မာကို မိမိတို့ ဖန်တီးနိုင်ရေးအတွက် ကြိုးပမ်းကြသော မွန်လူမျိုးစုအား အခြားလူမျိုးများနည်းတူ လွတ်လပ်စွာပြောဆိုရေးသား၊ စည်းရုံး၊ ဆန္ဒပြပိုင်ခွင့်များပေးရန် တောင်းဆိုခဲ့ပေသည်။
ထိုသို့ လူမျိုးတစ်မျိုး၏ ရသင့်ရထိုက်သော အခွင့်အရေးကို တောင်းဆိုခဲ့သော်လည်း ပဆဖလ အစိုးရမှ အရေးတယူတုံ့ပြန်မှုမရှိခဲ့ပေ။ မွန်ခေါင်းဆောင်တို့မှ ဖဆပလအစိုးရခေါင်းဆောင်နှင့် တွေ့ဆုံရာတွင် “မွန်နှင့် ဗမာအတူတူပါပဲ အထူးအခွင့်အရေး တောင်းစရာမလိုပါ” ဟု အလွယ်တကူပြောဆိုကာ မွန်တို့၏ အခွင့်အရေးကို စဉ်းစားပေးရန် ငြင်းဆိုခဲ့ပေသည်။
မွန်ခေါင်းဆောင်တို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရ မိမိတို့၏ မွန်အမျိုးသားအခွင့်အရေးကို ဥပဒေဘောင်အတွင်း တောင်းဆိုခဲ့သော်လည်း အရေးတယူဆောင်ရွက်ပေးခြင်း မရှိသည်သာမက မွန်ခေါင်းဆောင်အချို့ကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးတင်ရှို့ခံရခြင်းတို့ကြောင့် မွန်လူငယ်တို့မှ စတင်ဦးဆောင်ပြီး မွန်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးကို မလွှဲမရှောင်သာ ဆင်နွှဲလာခဲ့ရသည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် မွန်ခေါင်းဆောင်တို့ အနေဖြင့် ဒီမိုကရေစီနည်းလမ်းအရ မိမိတို့၏ မွန်အမျိုးသားအခွင့်အရေးကို ဥပဒေ ဘောင်အတွင်း တောင်းဆိုခဲ့သော်လည်း အရေးကယူသောင်ရွက်ပေးခြင်း မရှိခြင်းတို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးစတင်ဖြစ်ပေါ်ခဲ့သည်။
၁၉၄၈ ခုနှစ်မှစတင်ပြီး ဒေသအသီးသီးတွင် ပြန့်ကျဲနေသော မွန်လက်နက်ကိုင်အင်အားထုများစုစည်းပြီး မွန်ပြည်သူ့တပ်ဦး အမည်ခက်တွင်တဖြည်းဖြည်းစုစည်းကာ ဖဆပလအစိုးရနှင့် ဗမာ့တပ်မတော်သား တော်လှန်တိုက်ခိုက်ခဲ့သည်။ မွန်ပြည်သူ့တပ်ဦးသည် ၁၉၅၈ ခုနှစ်တွင်ဒီမိုကရေစီနှင့် လက်နက်လဲလှယ်ကာ ရွေးကောက်ပွဲဝင်ခဲ့ပေသည်။ ယင်းနောက်ပိုင်းတွင်မွန်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးကို မွန်ပြည်သစ်ပါတီမှ ဆက်လက်ပြီး ယနေ့အထိတိုင် သယ်ဆောင်လာခဲ့ပေသည်။
မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးရည်မှန်းချက်သည် မွန်လူမျိုးတို့၏ ကိုယ့်ကံကြမ္မာကိုယဖန်တီးခွင့် (သို့မဟုတ်) ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်သည်။ မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနှင့်သာ အဖြေရှာရမည်ကို အလေးအနက်ယုံကြည်သည့်အလျောက် နိုင်ငံရေးဆွေးနွေးပွဲအတွက် အစဉ်တစိုက် တောင်းဆိုခဲ့သည်။
(က) ၁၉၆၃ ခုနှစ်၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းမှ ခေါ်ဆိုသည့်ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ပြည်သစ်ပါတီမှ (မ.ဒ.ည.တ)တော်လှန်ရေးတပ်ပေါင်းစုနှင့်အတူ ပါဝင်ဆွေးနွေး အဖြေရှာခဲ့သည်။ သို့ရာတွင်တော်လှန်ရေးကောင်စီက လက်နက်ချရေးမူကိုသာ ဦးတည်ပြောဆိုခဲ့သည့် အတွက် မွန်ပြည်သစ်ပါတီမှ ဆွေးနွေးပွဲကို ကျောခိုင်းခဲ့သည်။
(ခ) ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (တပ်မတော်အစိုးရ) လက်ထက်တွင် မွန်ပြည်သစ်ပါတီမှ အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်မှတ်ရေးထိုးကာ နိုင်ငံရေးဆွေးနွေးပွဲအတွက် တောင်းဆိုခဲ့သည်။ သို့ရာတွင် စစ်အစိုးရအနေဖြင့် မိမိတို့သည် နိုင်ငံတော်ကို တည်ငြိမ်မှုရှိစေရန်ထိန်းပေးရုံသာဖြစ်ပြီး နောင်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ရန် ပြောဆိုပြန်ကြားခဲ့သည်။ ၂၀၁၀ ခုနှစ်တိုင်အောင် မည်သည့်နိုင်ငံရေးဆွေးနွေးပွဲမျှမရှိဘဲ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသာထွက်ရှိခဲ့သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အခြေပြုပြီး မွန်ပြည်သစ်ပါတီနှင့် ၎င်းတပ်ဖွဲ့အား”နယ်ခြားစောင့်တပ်” အဖြစ်သို့ ကူးပြောင်းရန် ဖိအားပေးသည်မှစပြီး ၁၉၉၅အပစ်အခတ်ရပ်စဲရေးသည်လည်း အဆုံးသတ်ခဲ့သည်။
(ဂ) ၂၀၁၂ ခုနှစ်၊ သမ္မတဦးသိန်းစိန်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်အား ပြန်လည်ဖော်ဆောင်သောကြောင့် မွန်ပြည်သစ်ပါတီမှ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပေသည်။ သို့ရာတွင် မွန်ပြည်သစ်ပါတီမှ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ်အား ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့မှသာ လက်မှတ်ရေးထိုးခဲ့သည်။
အထက်ပါ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးသမိုင်းကြောင်းများကို ကြည့်မည်ဆိုပါက မွန်ပြည်သစ်ပါတီနှင့် မွန်လူမျိုးတို့သည် ငြိမ်းချမ်းရေးကို လိုလားသည့်သူများဖြစ်ကြောင်း သက်သေထူနေပေသည်။ မွန်လူမျိုးတို့၏ နိုင်ငံရေး မျှော်မှန်းချက်ပန်းတိုင်ကား တိုင်းရင်းသားလူမျိုးများနှင့် လူနည်းစုများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အမျိုးသားတန်းတူရေးနှင့်ဒီမိုကရေစီအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်သည်။
၂။ နိုင်ငံရေးကဏ္ဍစာတမ်း၏ ရည်ရွယ်ချက်များ
(က) တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ ဒီမိုကရေစီပြည့်ဝသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် မွန်လူမျိုးတို့၏ ရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ တင်ပြသွားရန်။
(ခ) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် မွန်လူမျိုးတို့လိုလားသောနိုင်ငံရေးအရ အမျိုးသားအခွင့်ရေးကို လက်နက်ကိုင်နည်းလမ်းဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်း အဖြေရှာသွားရန်။
(ဂ) မွန်လူမျိုးများအနေဖြင့် ပဋိပက္ခချုပ်ငြိမ်းပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တစ်တပ်တစ်အားပါဝင်နိုင်ရေး။
(ဃ) ပြည်ထောင်စု ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲတွင် မွန် လူမျိုးတစ်ရပ်လုံးမှ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့် ပြည်နယ်ဖွဲ့စည်းပုံ ပုံသဏ္ဍာန်များအား ပွင့်ပွင့်လင်းလင်းတင်ပြသွားရန်။
၃။ ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံလိုအပ်ချက်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် မွန်၊ ဗမာ၊ ရှမ်း၊ ရခိုင်လူမျိုးများသည် မြို့ပြနိုင်ငံကို လွတ်လပ်စွာ အသီးသီးထူထောင်နိုင်ခဲ့ပေသည်။ ထို့နည်းတူ တောင်ပေါ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးများသည် မိမိတို့ မျိုးနွယ်စုအလိုက် သက်ဆိုင်ရာဒေသတွင် လွတ်လပ်စွာနေထိုင်ခဲ့ ပေသည် ။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုကြီး(၈) မျိုးဖြစ်သည့် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းလူမျိုးတို့ နေထိုင်ကာကျန်သောလူမျိုးစုငယ် (သို့မဟုတ်) လူနည်းစုများအား ဘာသာစကားအရ ထိုလူမျိုးစုကြီး (၈) မျိုးမှ ဖြာထွက်လာသည့်လူမျိုးများ ဖြစ်ပေသည်။
မြန်မာနိုင်ငံ၏ နှစ် (၇၀) ကျော်ကြာ စစ်ရေးပဋိပက္ခသည် နိုင်ငံရေးပဋိပက္ခ၏ အကျိုးဆက်ပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ်ထူထောင်ရာတွင် ပီပီပြင်ပြင်မရှိသည့်အပြင် အခြားသော တိုင်းရင်းသားလူမျိုးစုကြီး ဖြစ်သောမွန်၊ ကရင်နှင့် ရခိုင်ကို ပြည်ထောင်စုတွင် မထည့်သွင်းထားပေ။
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ဗမာ့/ မြန်မာ့တပ်မတော်မှ အာဏာသိမ်းပြီးနောက်တွင်ပြည်တွင်းစစ်သည် ပိုမိုတောက်လောင်လာခဲ့သည်။ ဦးနေဝင်း၏ တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ပြည်တွင်းစစ်ကို အရှိန်မြှင့်ခဲ့ခြင်းကြောင့် တိုင်းပြည်သည်လည်း နိုင်ငံတကာတွင် အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ကျောင်းသားများဦးဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုခဲ့ပေသည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း ရွေးကောက်ပွဲမှတက်လာသည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားပြည်သူများ မျှော်လင့်တောင့်တသော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ရန် စတင်ကြိုးပမ်းခဲ့ပေသည်။
ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အတိတ်သမိုင်းတွင် ဖြစ်ပေါ်လာခဲ့သည့် အမှားများအပေါ် သင်ခန်းစာရယူရန်လိုသည်။ အကယ်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ဖြည့်ဆည်းနိုင်ပါက ပြည်တွင်းစစ်ဖြစ်ပေါ်နိုင်စရာအကြောင်းမရှိပေ။ အိန္ဒိယ၊ ဆွစ်ဇာလန်၊ ကနေဒါ၊အမေရိကန်နိုင်ငံကဲ့သို့ ဖက်ဒရယ်နိုင်ငံထူထောင်နိုင်ခဲ့မည်ဆိုလျှင် မြန်မာနိုင်ငံသည်လည်း ထိုနိုင်ငံများကဲ့သို့ တိုးတက်ကြီးပွားမည် ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သကဲ့သို့ တိုင်းရင်းသားလူမျိုးများမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူရေးနှင့် ဒီမိုကရေစီစနစ်ကို အားမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်လိုသည်။ ထိုသို့ တည်ဆောက်နိုင်ရန်အတွက် ပြီးပြည့်စုံသော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖြစ်ရမည်။ ၎င်းအပြင် ထိုဖက်ဒရယ်ပြည်ထောင်စုကိုလည်း ပထဝီဒေသကိုအခြေမခံပဲ လူမျိုးကို အခြေခံသည့် အမျိုးသားတန်းတူရေးအခွင့်ရေးရှိသည့် ပြည်နယ်များဖြင့် စုစည်းဖွဲ့စည်းရပါမည်။
ထိုဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၏ အခြေခံမူ၊ အခြေခံရမည့် နိုင်ငံရေးအဆောက်အအုံများ၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား အာဏာခွဲဝေမှုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး လမ်းညွှန်ချက်ကို အောက်တွင်တစ်ခန်းချင်းစီ ဖော်ပြထားပါသည်။
ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ
၁။ အချူပ်အခြာအာဏာ
(က) ဖက်ဒရယ်ပြည်ထောင်စု၏ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာ၏ ရေသောက်မြစ်သုံးသွယ်ဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို သီးခြားစီကျင့်သုံးခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်းတို့ပြုရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စု အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော တိုင်းရင်းသားပြည်သူလူထုသည် ဆန္ဒဖေါ်ထုတ်ခွင့်၊ အဆိုတင်သွင်းခွင့်နှင့် ဆန္ဒခံယူခွင့်တို့ကို ကျင့်သုံးခွင့် ရှိရမည်။
၂။ အမျိုးသားတန်းတူရေး
(က) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ တန်းတူရည်တူ အခွင့်အရေးရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသာလူမျိုးများတိုင်းအား ရသင့်ရထိုက်သော အခွင့်အရေးမှအပ အထူးအခွင့်အရေးမပေးရ။ တိုင်းရင်းသားလူမျိုးများ၏ ရသင့်ရထိုက်သောအခွင့်အရေးကို ချုပ်ခြယ်ကန့်သတ်ခြင်း၊ လူမျိုးရေးအရလွှမ်းမိုးခြင်း မရှိစေရ၊
(ဂ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို တန်းတူရည်တူ ကျင့်သုံးပိုင်ခွင့်ရှိရမည်။
၃။ ကိုယ်ပိုင်ပြဌာန်းခွင့်
(က) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးနှင့် စာပေယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် မိမိတို့၏ ကံကြမ္မာကို မိမိတို့လွတ်လပ်စွာ ဖန်တီးဆုံးဖြတ်ပိုင်ခွင့် ရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိရမည်၊ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို ပြည်နယ်များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွာထည့်သွင်းပြဌာန်းရမည်။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးနှင့် လူနည်းစုအခွင့်အရေးများကို မည်သည့်အခြေအနေတွင်မျှလျှော့ချခြင်း၊ ကန့်သတ်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဟန့်တားခြင်းမရှိစေရ။
၄။ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များဖွဲ့စည်းပုံ
(က) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ၏ အမည်သည် တိုင်းရင်းသားအားလုံး၊ ကိုယ်စားပြုသည့် အမည် ဖြစ်ရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော၊ အမျိုးသား ပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များဖြင့် နယ်နိမိတ်သတ်မှတ်ပြီး ဖွဲ့စည်းသည်။
(ဂ) ပြည်နယ်သစ်ဖွဲ့စည်းခြင်း၊ အင်္ဂါရပ်များနှင့်ပြည့်စုံလျှင် အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်အသစ်များကို ဖွဲ့စည်းနိုင်သည်။
(ဃ) အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များသည် တန်းတူအာဏာရှိရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ဖက်ဒရယ်ပြည် ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာများကို ခွဲဝေကျင့်သုံးခြင်းရှိစေရမည်။
(စ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များသည် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ လွတ်လပ်စွာ ရေးသားပြဌာန်းရမည်။
(ဆ) ဖက်ဒရယ်ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော် (၂) ရပ်ဖြင့်ဖွဲ့စည်းမည်။
(ဇ) လွှတ်တော် (၂) ရပ်သည် ဥပဒေပြုအာဏာ တန်းတူရှိရမည်။ ဥပဒေတစ်ရပ်ရပ်ကို အတည်ပြုရာတွင် လွှတ်တော်တစ်ရပ်စီမှ လွတ်လပ်စွာ သီးခြား အတည်ပြုပြီး လွှတ်တော် (၂) ရပ်စလုံးက သဘောတူမှသာ ယင်းဥပဒေအတည်ဖြစ်သည်။
(ဈ) အမျိုးသားလွှတ်တော်ကို ပြည်နယ်များမှ သတ်မှတ်ထားသည့် တူညီသောဦးရေဖြင့် ရွေးချယ်စေလွှတ်သော ပြည်နယ်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ ပြည်သူ့လွှတ်တော်ကို နိုင်ငံသားများမှ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
(ည) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာပြည်နယ်လူမျိုးကို ကိုယ်စားပြုရမည့်အပြင်ယင်းပြည်နယ်လွှတ်တော်မှ ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်ဖြစ်ရမည်။
(ဋ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအားလုံး၏ဘုံအကျိုးစီးပွားအတွက် ကျင့်သုံးရန် လိုအပ်သောအခွင့်အာဏာများကိုသာ ပြည်ထောင်စုသို့ အပ်နှင်းသည်။
(ဌ) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စုဥပဒေပြုအာဏာအညွှန်း၊ ထပ်တူဥပဒေပြုအာဏာအညွှန်းနှင့် ပြည်နယ်ဥပဒေပြုအာဏာအညွှန်းများကို တိကျစွာ ပြဋ္ဌာန်းထားရမည်။ ဖက်ဒရယ်ပြည်ထောင်စုသို့ အပ်နှင်းထားသည့်အာဏာများမှအပ ကြွင်းကျန်အာဏာများကို ပြည်နယ်များတွင် ထားရှိရမည်။
(ဍ) အောက်ပါဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများရှိလာခဲ့လျှင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဖြေရှင်းရမည်။
(၁) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်အကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု။
(၂) ပြည်နယ်အချင်းချင်းအကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု။
(၃) ပြည်နယ်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု။
(ဎ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခန်းကဏ္ဍအသီးသီးတွင် အမျိုးသမီးတို့၏ပါဝင်မှုနှုန်းများပြားလာရေး၊ အမျိုးသား၊ အမျိုးသမီးတန်းတူရေးနှင့် အမျိုးသမီးတို့၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မားရေးတို့အား ဖော်ဆောင်ရမည်။
၅။ ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်း
(က) ဖက်ဒရယ်ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်တွင်ထားရှိရမည့် ဥပဒေပြု အညွှန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ပြည်ထောင်စုတရားစီရင်ရေး၊
(၂) နိုင်ငံတော်ကာကွယ်ရေး
(၃) နိုင်ငံခြားရေး
(၄) နိုင်ငံသားဆိုင်ရာကိစ္စရပ်များ
(၅) ငွေစက္ကူထုတ်လုပ်ရေး
(၆) နိုင်ငံတော်ဘဏ္ဍာရေး
(၇) ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေး
(၈) ပြည်ထောင်စုလူမှုဖူလုံရေး
(၉) အကြီးစားစက်မှုလက်မှုလုပ်ငန်း
(၁ဝ) ပြည်ထောင်စုနှင့်ဆိုင်သော အခြေခံအဆောက်အအုံများ
(၁၁) အဆင့်မြင့်ပညာရေး
(၁၂) အလေး၊ တင်းတောင်းနှင့် အချိန်အတွယ်များ
(၁၃) လူဝင်မှုကြီးကြပ်ရေး၊ သန်ခေါင်းစာရင်း
(၁၄) အဆင့်မြင့်သိပ္ပံနှင့် သုတေသန
(၁၅) တံဆိပ်ခေါင်းအခွန်
(၁၆) သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်စီမံခန့်ခွဲရေး။
(ခ) ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ထပ်တူဥပဒေပြု အညွှန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဖက်ဒရယ်ပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်အပါအဝင် အကောက်အခွန်ဆိုင်ရာကိစ္စရပ်များ၊
(၂) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း၌ တည်ရှိသည့်ပြည်ထောင်စု၏ စွမ်းအင်စီမံကိန်းလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ။
(၃) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအတွင်း မြေပေါ်မြေအောက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း။
(၄) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပိုင်ဆိုင်မှုလွဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များ။
(၅) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုမှတစ်ခုသို့ သွားလာနေသောကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ ရေကြောင်း သယ်ယူပို့ဆောင်ရေး၊လေကြောင်း သယ်ယူပို့ဆောင်ရေးနှင့်ဆိုင်သည့် ကိစ္စရပ်များ၊ ကမ်းရိုးတန်း သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ။
(၆) ဒုက္ခသည် ရေးရာနှင့် နိုင်ငံရေးခိုလှုံခွင့်။
(၇) ရာဇဝတ်ဥပဒေနှင့် တရားမဆိုင်ရာဥပဒေများ။
(၈) ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေး။
(၉) တောင်သူလယ်သမားနှင့် အလုပ်သမားဆိုင်ရာကိစ္စရပ်များ။
(၁၀) ကုန်သွယ်ရေး။
(၁၁) လူဝင်မှုကြီးကြပ်ရေး။
(၁၂) လမ်းပန်းဆက်သွယ်ရေး။
(၁၃) နိုင်ငံခြား ပို့ကုန်သွင်းကုန်။
(၁၄) အကြီးစားရင်းနှီးမြှုပ်နှံမှု။
(၁၅) ဆိပ်ကမ်းအခွန်။
(၁၆) နယ်စပ်ကုန်သွယ်ရေး။
(၁၇) သိပ္ပံနှင့်သုတေသန ။
(၁၈) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး။
(၁၉) ဖွားသေစာရင်း မှတ်ပုံတင်ခြင်း။
(ဂ) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပြည်နယ်အဆင့်ဥပဒေပြု အညွှန်းမှာအောက်ပါအတိုင်းဖြစ်သည်။
(၁) ပြည်နယ်အထွေထွေအုပ်ချုပ်ရေး။
(၂) ပြည်နယ်တရားစီရင်ရေး။
(၃) ပြည်နယ်ရဲတပ်ဖွဲ့။
(၄) ပြည်နယ်လုံခြုံရေးတပ်။
(၅) ပြည်နယ်ဘဏ္ဍာရေး။
(၆) အခြေခံပညာရေး၊ တက္ကသိုလ်နှင့် ကောလိပ်ပညာရေး။
(၇) ပြည်နယ်ကျန်းမာရေး။
(၈) တရားရေးကဏ္ဍ (ပြစ်မှုဆိုင်ရာဥပဒေနှင့်တရားမမှု)။
(၉) ပြည်နယ်လူမှုဖူလုံရေး။
(၁ဝ) ပြည်နယ်အခြေခံအဆောက်အအုံများ။
(၁၁) မြေယာဆိုင်ရာ ကိစ္စရပ်များ။
(၁၂) ပြည်နယ်သားဆိုင်ရာ ကိစ္စရပ်များ။
(၁၃) မြေပေါ်မြေအောက်သယံဇာတဆိုင်ရာ ကိစ္စရပ်များ။
(၁၄) တောင်သူလယ်သမားဆိုင်ရာ ကိစ္စရပ်များ။
(၁၅) ပြည်နယ်ရုံးသုံးဘာသာစကား။
(၁၆) ပြည်နယ်အတွင်း အကောက်အခွန်၊ ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်အပါအဝင် အကောက်အခွန်ဆိုင်ရာ ကိစ္စရပ်များ။
(၁၇) စိုက်ပျိုးရေး။
(၁၈) စည်ပင်သာယာရေး။
(၁၉) သဘာဝသယံဇာတနှင့် သစ်တောဆိုင်ရာကိစ္စရပ်များ။
(၂၀) အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရေး။
(၂၁) နိုင်ငံခြားယဉ်ကျေးမှုဖလှယ်ရေး။
(၂၂) ကမ်းရိုးတန်းဒေသစီမံခန့်ခွဲရေး။
(၂၃) မူပိုင်ခွင့်။
(၂၄) နယ်စပ်ကုန်သွယ်ရေး။
(၂၅) မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး။
(၂၆) ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း။
(၂၇) ဒေသဆိုင်ရာရေဒီယိုနှင့် ရုပ်မြင်သံကြားလုပ်ငန်းများ၊
(၂၈) ဘဏ်နှင့်အာမခံလုပ်ငန်းများ။
(၂၉) တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းပညာရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ။
(၃ဝ) ပြည်နယ်ပြည်သူ့ဝန်ထမ်းလေ့ကျင့်ရေး။
(၃၁) ပြည်နယ်လူဝင်မှုကြီးကြပ်ရေး။
(၃၂) သတ္တုတွင်းလုပ်ငန်း။
(၃၃) ဆားနှင့် ရေထွက်ကုန်လုပ်ငန်း။
(၃၄) ဆောက်လုပ်ရေး။
(၃၅) နေအိမ်၊ ဥပစာဆိုင်ရာကိစ္စရပ်များ။
(၃၆) စွမ်းအင်ဆိုင်ရာကိစ္စရပ်များ။
(၃၇) အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း။
၆။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်
(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များသည်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရဥပဒေ ပြုရေးအာဏာ၊အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာများကိုအပြည့်အဝကျင့်သုံးနိုင်စေရန် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီးတွင်အတိအကျ ရေးဆွဲပြဌာန်းထားရမည်။
(ဂ) သက်ဆိုင်ရာပြည်နယ်၏ ထူးခြားချက်အလိုက် ဥပဒေပြုအာဏာကို လွှတ်တော် (၁) ရပ်ဖြင့်ဖြစ်စေ၊ (၂) ရပ်ဖြင့်ဖြစ်စေ ကျင့်သုံးပိုင်ခွင့်ရှိသည်။
(ဃ) ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေကျင့်သုံးခြင်းမူအရ ပြည်နယ်ဥပဒေပြုအညွှန်းများနှင့် ထပ်တူဥပဒေပြုအညွှန်းများကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အပြည့်အစုံရေးဆွဲပြဋ္ဌာန်းထားရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ်လုံခြုံရေးတပ်၊ ပြည်နယ်ရဲတပ်ဖွဲ့ဆိုင်ရာကိစ္စရပ်များကို ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်။
(စ) သက်ဆိုင်ရာပြည်နယ်အတွင်း အစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏စာရင်းကို ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားရမည်။
(ဆ) အမျိုးသားပြည်နယ်အစိုးရ၏ အကြီးအကဲသည် သက်ဆိုင်ရာပြည်နယ်၏ကိုယ်စားပြု လူမျိုးဖြစ်ရမည်။
(ဇ) ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အချင်းချင်း၊ ပြည်နယ်တွင်းကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိရ။
(ဈ) ပြည်နယ်များတွင် တိုင်းရင်းသားမိခင်ဘာသာစကားနှင့် နိုင်ငံသုံးဘာသာစကားကို ပူးတွဲရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ရမည်။
(ည) ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီတစ်ရပ် ဖွဲ့စည်းရေးဆွဲကာ ပြည်နယ်အတွင်း လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုရမည်။
(ဋ) ပြည်နယ်ပညာရေးစနစ်တွင် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင်ကြားရေး ပညာရေးစနစ်ကို ကျင့်သုံးရမည်။
(ဌ) မြေယာနှင့် သယံဇာတစီမံခန့်ခွဲခွင့်ကို ပြည်နယ်များတွင် ထားရှိရမည်။
(ဍ) ပြည်နယ်များတွင် နေထိုင်သည့် လူနည်းစုများ၏ လူဦးရေအရေအတွက်နှင့်၎င်းတို့ နေထိုင်သည့် နေရာဒေသ အကျယ်အဝန်းအပေါ်မူတည်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အမျိုးသားနယ်မြေအဖြစ် သတ်မှတ်နိုင်သည်။
(ဎ) မဲဆန္ဒနယ်မြေသတ်မှတ်ချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အမျိုးသားနယ်မြေမှ လူဦးရေသည် ပြည်နယ်လွှတ်တော်သို့ ကိုယ်စားလှယ်ရွေးချယ်ရန် မပြည့်ဝသော်လည်း အထူးအခွင့်အရေးအနေဖြင့် ထိုတိုင်းရင်းသားလူနည်းစုမှ ကိုယ်စားလှယ်များကို ပြည်နယ်လွှတ်တော်သို့ ရွေးချယ်တင်မြှောက်ရမည်။
၇။ လူနည်းစုအခွင့်အရေးအား ကာကွယ်ခြင်း
(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်းနေထိုင်ကြသော တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ဥပဒေဖြင့် ကာကွယ်ပေးရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များအတွင်းရှိ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် အမျိုးသားနယ်မြေများကို ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတို့တွင် အတိအလင်း သတ်မှတ်ပြဋ္ဌာန်းရမည်။
(ဂ) တိုင်းရင်းသားလူနည်းစုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အမျိုးသားရေးလက္ခဏာများ ထိန်းသိမ်းကာကွယ်ခွင့်၊ စီးပွားရေးနှင့် လူမှုရေး တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်ခွင့်များကို ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် သတ်မှတ်ပြဋ္ဌာန်းရမည်။
(ဃ) တိုင်းရင်းသားလူနည်းစုများ၏ မတူကွဲပြားသည့် ဝိသေသလက္ခဏာများကို အသိအမှတ်ပြုရမည့်အပြင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးများကို ဥပဒေပြုကာကွယ်စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်။
(င) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ တိုင်းရင်းသား လူနည်းစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကို အကာအကွယ်ပေးရန် ထိုပြည်နယ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာမခံချက် ပေးထားရမည်။
၈။ ပါတီစုံဒီမိုကရေစီစနစ်
(က) ဖက်ဒရယ်ပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲရာတွင်အာဏာရှင်စနစ်ကဲ့သို့သော စနစ်ဆိုးများ လုံးဝမပေါ်ပေါက်စေရ။
(ဂ) ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာဥပဒေကို ပြည်ထောင်စုအဆင့်လွှတ်တော်က သီးခြားပြဋ္ဌာန်းရမည်။
(ဃ) ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာဥပဒေကို ပြည်နယ်လွှတ်တော်က သီးခြားပြဋ္ဌာန်းရမည်။
(င) နိုင်ငံရေးပါတီများသည် ဒီမိုကရေစီအခြေခံမူများ၊ ကျင့်စဉ်များနှင့်အညီ ကွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်။
(စ) လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများကို ဖက်ဒရယ်ပြည်ထောင်စုနှင့်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၉။ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနှင့်ကျား/မတန်းတူရေး
(က) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိတိုင်းရင်းသားလူမျိုးများအားလုံးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်ခံစားခွင့်ရှိသည့် တစ်သီးပုဂ္ဂလအခွင့်အရေးများနှင့် တိုင်းရင်းသားလူမျိုးအလိုက် ခံစားခွင့်ရှိသည့် စုပေါင်းအခွင့်အရေးများကို အပြည့်အ၀ ခံစားပိုင်ခွင့်ရှိရမည်။
(ခ) နိုင်ငံသားတိုင်းသည် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရှိရမည်။ နိုင်ငံသားဖြစ်မှုသည် ဥပဒေဖြင့် သတ်မှတ်ရမည်။
(ဂ) နိုင်ငံသားတိုင်း၏ မွေးရာပါ ရပိုင်ခွင့်ဖြစ်သော အခြေခံလူ့အခွင့်အရေးများကိုမည်သည့်အခြေအနေအောက်တွင်မှ ရုပ်သိမ်းခွင့် မရှိစေရ။
(ဃ) လူမျိုး အသားရောင်၊ ကိုးကွယ်သည့်ဘာသာ မွေးဖွားရာဇာတိ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ကျားမဆိုင်ရာ လိင်ကွဲပြားမှုတို့အပေါ်အခြေခံသော ခွဲခြားနှိမ့်ချဆက်ဆံမှု မဖြစ်စေရန် ဥပဒေဖြင့် အပြည့်အ၀ ကာကွယ်ပေးရမည်။
(င) ကျားမဆိုင်ရာ တန်းတူအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိကျစွာပြဋ္ဌာန်းရမည်။
(စ) ကဏ္ဍအသီးသီး၌ ဆုံးဖြတ်ချက်ချမည့် ကိစ္စရပ်များတွင် အမျိုးသမီးများပါဝင်မှု၃၀ % ပါဝင်ခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရမည်။
(ဆ) ဖက်ဒရယ်ပြည်ထောင်စုတွင် နိုင်ငံတကာမှပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံချိန်စံညွှန်းများကို လိုက်နာရမည်။ ထိုလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လျော်ညီစွာ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားလူနည်းစုအခွင့်အရေး၊ ဌာနေတိုင်းရင်းသားများအခွင့်အရေးတို့ကို အပြည့်အဝ ပေးအပ်ရမည်။
(ဇ) ဖက်ဒရယ်ပြည်ထောင်စုတွင် သော်လည်းကောင်း၊ ပြည်နယ်များတွင် သော်လည်းကောင်း လူနည်းစုတို့ ကိုးကွယ်သည့်ဘာသာရေးကို အသိအမှတ်ပြုကာ ၎င်းတို့ ကို ဖိနှိပ်ချုပ်ခြယ် ခွဲခြားဆက်ဆံခြင်း မပြုရ။
(ဈ) တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေးလက္ခဏာများဖြစ်သည့် ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် သမိုင်းအမွေအနှစ် စသည်များကို သက်ဆိုင်ရာလူမျိုးများက ထိန်းသိမ်းမြှင့်တင်နိုင်ခွင့် ရှိရမည်ဖြစ်ပြီးအစိုးရက ထောက်ပံ့ကူညီပံ့ပိုးပေးရမည့်အပြင်ဥပဒေများပြဌာန်း၍ ကာကွယ်ပေးရမည်။
(ည) နိုင်ငံသားတိုင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရရှိပိုင်ခွင့်ကိုအာမခံချက်ပေးနိုင်သည့်ဥပဒေ ပြဋ္ဌာန်း၍ ကာကွယ်ပေးရမည်။
၁၀။ ဘာသာရေးကိုအခြေမခံသည့်နိုင်ငံတော်
(က) ဖက်ဒရယ်ပြည်ထောင်စုတွင် ဘာသာရေးကိုအခြေခံသော နိုင်ငံရေးစနစ် ကျင့်သုံးရမည်။
(ခ) နိုင်ငံသားတိုင်းသည် မိမိနှစ်သက်ရာ ဘာသာအယူဝါဒကို လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိရမည်။
(ဂ) မည်သူမျှ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာရေးကို အသုံးချ၍ သေပင်ရွက်ခြင်း မရှိစေရ။
နိဂုံး
အထက်ပါ တင်ပြချက်များသည် မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးရည်ရွယ်ချက်များ၊ မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ၏ဖက်ဒရယ်ပြည်ထောင်စုအပေါ် နိုင်ငံရေးကဏ္ဍ တင်ပြချက်များ၊ မွန်ဒေသတွင် အခြေစိုက်သည့်မွန်လူထုအခြေပြုအဖွဲ့အစည်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေးအတွက် အကြံပြုစာတမ်းများ၊ မွန် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသအများပြားမှ မွန်လူထုကိုယ်စားလှယ်များ၏ အသံများ ကောက်နှုတ်တင်ပြထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့်တိုင်းရင်းသားပြည်သူလူထုတို့လိုလားသော ဒီမိုကရေစီစနစ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အမျိုးသားတန်းတူရေးနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့် အရေးကာကွယ်ရေးတို့အတွက် အာမခံချက်ပေးသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ပါက တိုင်းရင်းသားလူမျိုးအားလုံး ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးတွင်အေးအတူပူအမျှ၊ ဥမကွဲသိုက်မပျက်နေထိုင်ကာနိုင်ငံတော်၏ အချုပ်အခြာအာဏာကိုလည်း အတူတကွ ကာကွယ်ကြမည် ဖြစ်ပါသည်။