၂၀၁၈ ခုနှစ်၊ မေလ ( ၅ – ၆ – ၇ ) ရက်နေ့
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသော
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မှ
ရရှိလာသည့်
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် လူမှုရေးကဏ္ဍ
အခြေခံမူများ စာတမ်း
စာတမ်းပါအကြောင်းအရာများ
• နိဒါန်း
• အရင်းခံအကြောင်းတရား
• ရည်မှန်းချက်
• ရည်ရွယ်ချက်
• ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အခြေခံမူများ
• လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများ
• လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများ
• နိဂုံး
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပပြုလုပ်သည့်
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ
ရရှိလာသော လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူများ
အဆိုပြုချက်စာတမ်း
နိဒါန်း
၁၉၄၈ခုနှစ်၊မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်တွင်မွန်တိုင်းရင်းသားတို့ကမိမိတို့နှင့် သက်ဆိုင်သည့် အခွင့်အရေးအချို့ကို တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရသည့်အတွက်ကြောင့် ၁၉၄၈ ခုနှစ်၊ သြဂုတ်လတွင် လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲခဲ့ကြသည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံအမျိုးမျိုးကို ခါးသီးစွာရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အဆိုပါ အခက်အခဲများ ပြဿနာများကို အစိုးရအဆက်ဆက်တို့က ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့သည့်အပြင်မျက်မှောက်ကာလတိုင်အချို့သော တိုင်းရင်းသားဒေသများ၌ ယမ်းငွေ့ဝေနေဆဲအခြေအနေတွင် ရှိနေပါသည်။ ဤပြဿနာများ ပြေလည်စေရေးအတွက် တိုင်းရင်းသားတို့ မျှော်မှန်းတောင့်တသော အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိပြီး လူမျိုးကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်သွားရမည် ဖြစ်ပါသည်။
အရင်းခံအကြောင်းတရား
မြန်မာနိုင်ငံသည် ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သောကြောင့် ၁၉၄၈ ခုနှစ်တွင်ရရှိခဲ့သည့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သည်။ မွန်တိုင်းရင်းသားတို့သည်လည်း မလွှဲမရှောင်သာတော့သည့်အခြေအနေတွင် လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်ဆင်နွှဲခဲ့ရသည်။
မွန်ပြည်သူ့တပ်ဦးသည် ဦးနု ဦးဆောင်သော ပထမအစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဖိတ်ခေါ်မှုကြောင့် နိုင်ငံရေးပြဿနာကို ပါလီမန်တွင်ဖြေရှင်းနိုင်ရန် ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ခဲ့သည်။ ထိုအခြေအနေတွင် မြန်မာအစိုးရ၏ တိုင်းရင်းသားအပေါ်သဘောထားကို ကြိုတင်တွက်ဆပြီး နိုင်ရွှေကျင်က မွန်ပြည်သစ်ပါတီကို ၁၉၅၈ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။
မွန်တိုင်းရင်းသားတို့သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ရာ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ (၂၅) ရက်နေ့ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ သော်လည်း မွန်လူမျိုးများနေထိုင်ရာဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့်အခြားမြိမ်းခြောက်မှုများ ဖန်တီးခဲ့သည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရသည်။
နိုင်ငံရေးပြဿနာများ ဖြေရှင်းရန် နိုင်ငံရေးနည်းမှတပါး အခြားနည်းလမ်းများ မရှိသည်ကိုယုံကြည်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့၌ NCA လက်မှတ် ရေးထိုးခဲ့ပြီးနောက်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁- ရာစုပင်လုံ) တွင် ပါဝင်ဆွေးနွေးနိုင်ရန် ပြင်ဆင် လျက်ရှိသည်။ UPDJC ၏ မူဘောင်နှင့် လမ်းညွှန်မှုအတိုင်းဆောင်ရွက်သော မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များအနက်လူမှုရေးကဏ္ဍဆိုင်ရာအခြေခံမူများကို စုစည်းတင်ပြပါသည်။
ရည်မှန်းချက်
စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားအားလုံး ငြိမ်း
ချမ်းသော လူမှုအသိုက်အဝန်း ဖြစ်ထွန်းလာစေရန်နှင့် လူမှုဘဝဖူလုံရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်
အရေးများကို တန်းတူရရှိစေရန်။
ရည်ရွယ်ချက်
(က) ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အခြေခံမူများ ရရှိစေရန်။
(ခ) လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များဆိုင်ရာ အခြေခံမူများ ရရှိစေရန်။
(ဂ) လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များဆိုင်ရာ အခြေခံမူများ ရရှိစေရန်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်
အခြေခံရမည့် လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူများ
၁။ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာမူဝါဒများ
(က) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့်သော်လည်းကောင်း၊ လူလုပ်နှင့် သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မိမိ၏နေရပ်မှစွန့်ခွာတိမ်းရှောင်သူများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များမိမိဆန္ဒအလျောက်ဂုဏ်သိက္ခာရှစွာ ပြန်လာနိုင်ရန်၊ မိမိနေရပ်ဇာတိ (သို့မဟုတ်) မိမိသွားရောက်လိုရာနေရာသို့ ဘေးကင်းလုံခြုံစွာ အခြေချနေထိုင်နိုင်ရန်၊ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ အခြေခံအဆောက်အအုံများ တည်ထောင်ပေးရန် မြေယာပိုင်ဆိုင်ခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အခြားအလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်သည့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးအစီအစဉ်များကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့မှ မူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။
(ခ) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပြည်ပနိုင်ငံတွင် မှီခိုနေထိုင်နေရသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဒုက္ခသည်များအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဥပဒေကြောင်းဆိုင်ရာကိစ္စရပ်များ ထောက်ပံ့ရာတွင် ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရန်နှင့် အထူးအကူအညီလိုအပ်သူများအတွက် သီးသန့်မူဝါဒ ချမှတ်ဖော်ဆောင်ပေးရမည်။
(ဂ) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့်သော်လည်းကောင်း၊ လူလုပ်နှင့်သဘာဝ ၊ ဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း ၊ နေရပ်စွန့်ခွာခဲ့ရသူများကို မူလပိုင်ဆိုင်ခဲ့သော မြေယာဆုံးရှုံးနစ်နာမှုများအတွက် အိမ်ခြံမြေနေရာများနှင့် စိုက်ပျိုးမြေအသစ်ကို နေရာချထားခြင်း၊ အိမ်ထောင်စုစာရင်းအသစ်နှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးခြင်းတို့ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့မှ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။
(ဃ) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပြည်ပနိုင်ငံတွင် မှီခိုနေထိုင်ခဲ့သည့်ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားဒုက္ခသည်များကို ၎င်းတို့ ရရှိထားပြီးသောအသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုဆိုင်ရာပညာရပ်များအား ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ အသိအမှတ်ပြုပေးပြီး သင့်တော်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အသုံးချနိုင်ရန် အာမခံချက်ပေးရမည့်အပြင် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရမည်။
(င) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့်သော်လည်းကောင်း၊ လူလုပ်နှင့်သဘာဝ ဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ မိမိ၏ နေရပ်မှစွန့်ခွာတိမ်းရှောင်သူများ၊ စစ်ဘေးရှောင်ဒုက္ခသည်များဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားများအား လွတ်လပ်စွာ သွားလာနိုင်ရေးကို ခွင့်ပြုပေးရမည့်အပြင် ပြည်တွင်းပြည်ပလူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများမှ အကူအညီများကို တိုက်ရိုက်ရန်နိုင်ရမည်။ ၎င်းအကူအညီများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့် သက်ဆိုင်ရာဒေသ၏ စံနှုန်းသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရမည်။
လုပ်ငန်းစဉ်များ
(၁) ပြည်တွင်း နေရပ်စွန့်ခွာသူ များနှင့် စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားသည့်နေရာတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်အစီအမံများနှင့်ကာကွယ်နှိမ်နှင်းမှုများကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့မှလိုအပ်သည့် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်။
(၂) ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ မိဘမဲ့ကလေးသူငယ်များနှင့် မုဆိုးမများအတွက် အထူးဝန်ဆောင်မှုလိုအပ်ချက်များကို အသိမှတ်ပြုပေးရမည့်အပြင် လျစ်လျူရှုခြင်းမပြုရန်နှင့် ထိုလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည်။
(၃) နေရပ်ပြန်ရေးအစီအစဉ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်ရာတွင် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ လွတ်ကင်းရန်အပါအဝင် လူ့အခွင့်အရေးကို ကာကွယ်ရန်နှင့် ၎င်းကို ချိုးဖောက်ပါက အရေးယူဆောင်ရွက်ရန် ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သော တရားဥပဒေစိုးမိုးသည့်ယန္တရားထားရှိရမည်။
(၄) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ၊ စစ်ပြေးဒုက္ခသည်များကို ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး အကောင်အထည်ဖော်ခြင်း အစီအစဉ်များအတွက် စောင့်ကြည့်အကဲဖြတ်ခြင်းစနစ် ထားရှိရမည်။
(၅) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် စစ်ပြေးဒုက္ခသည်များ ထွက်ခွာခဲ့သော အိမ်ခြံမြေများ၊ လယ်ယာမြေများတွင် ရွှေ့ပြောင်းဝင်ရောက်လာသူများမရှိစေရန် ကာကွယ်ပေးရမည်။ ထိုနေရာများသို့ ရွှေ့ပြောင်းဝင်ရောက်သူများရှိပါကဖယ်ရှားပေးရပါမည်။
(၆) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများစခန်းနှင့် စစ်ပြေးဒုက္ခသည်စခန်းများမှပြန်လာမည့် အမျိုးသမီးများအား အကြမ်းဖက်မှုမဖြစ်ပွားရေး၊ လူကုန်ကူးမှုများမဖြစ်ပွားရေးနှင့် မြေမြှုပ်မိုင်းနှင့် အခြားလိုအပ်သည့် အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ပေးရမည်။
(၇) ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့်စစ်ပြေးဒုက္ခသည်များ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ဆိုင်သောနစ်နာဆုံးရှုံးမှုများကိုပြန်လည်ကုစားပေးသည့်အပြင် သင့်တော်သော နစ်နာကြေးများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ဆောင်ရွက်ပေးရမည်။
(၈) ပြည်သူများ အရေးပေါ်စစ်ဘေးကြုံလာပါက သက်ဆိုင်ရာပြည်နယ်အစိုးရမှ အရေးပေါ်ကူညီပေးရမည်။
ကြားကာလအစီအစဉ်များ
(က) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တည်ထောင်ထားသော ပညာရေးစနစ်နှင့်ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှတရားဝင်အသိအမှတ်ပြုပေးပြီး လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာများနှင့် ရန်ပုံငွေများကို အပြည့်အဝ ထောက်ပံ့ပေးရမည်။
(ခ) မူလနေရပ်သို့ မပြန်လိုသော နေရပ်စွန့်ခွာတိမ်းရှောင်သူများ၏ လူမှုစီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန် ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့မှ ပူးပေါင်းပြီး လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးရမည်။ လိုအပ်ပါက နယ်စပ်ဖြတ်ကျော်အကူအညီများကို ခွင့်ပြုပေးရမည်။
(ဂ) နေရပ်ပြန်လည်ချထားရေး လုပ်ငန်းစဉ်၊ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှုဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရ၊ နိုင်ငံတကာအသိုင်းအဝန်းများ၊ ပြည်တွင်း ၊နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် စစ်ပြေးဒုက္ခသည်များ၊ အမျိုးသမီးများပါဝင်သော ကော်မတီများ၊ ဒုက္ခသည်အရေးဆောင်ရွက်နေသော လူမှုအဖွဲ့ စည်းများနှင့်ဘာသာရေးအဖွဲ့အစည်းများ မဖြစ်မနေ ပါဝင်ရမည်။
(ဃ) ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် စစ်ပြေးဒုက္ခသည်များ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြုရမည့်အပြင် တပ်မတော်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမဆိုအစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ မြေမြှုပ်မိုင်းများကို ပြန်လည်ရှင်းလင်းရန်နှင့်ထပ်မံသုံးစွဲခြင်းမပြုရ။
(င) မူးယစ်ဆေးဝါးပြဿနာကို တစ်မျိုးသားလုံး၏အန္တရာယ်အကြီးမားဆုံး လူမှုရေး ပြဿနာအဖြစ်သတ်မှတ်၍အစိုးရ၊တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ ချမှတ်ဆောင်ရွက်ရမည်။အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများပူးပေါင်းပါဝင်၍ ထိရောက်စွာ တားဆီး၊ ကာကွယ်၊ တိုက်ဖျက်နိုင်သည့် မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်ရမည်။
(စ) မူးယစ်ဆေးဝါးနှင့် ဆက်စပ်သောကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်မှုရှိစေရန်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်။
၂၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခြေခံမူများ
(၁) ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော မူဝါဒဆိုင်ရာကိစ္စရပ်များကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာပြည်နယ်အစိုးရတို့ပူးပေါင်းညှိနှိုင်း၍ မူဝါဒချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
(က) မူလအိမ်ထောင်စုစာရင်းကို ပယ်ဖျက်ထားခြင်းမရှိပါက အိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးခြင်းမပြုရန်၊
(ခ) ယာယီနေထိုင်ခွင့်သာ ပေးအပ်ရန်၊
(ဂ) ဌာနေတိုင်းရင်းသားတို့၏အခွင့်အရေးကို အကာအကွယ်ပေးရန်၊
(ဃ) ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများအတွက် သင့်တော်သောအလုပ်အကိုင်များကိုသာ လုပ်ကိုင်ခွင့်ပေးရန်၊
(၂) ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသော နိုင်ငံသားရွှေ့ပြောင်းအလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုအစိုးရအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီသက်ဆိုင်ရာနိုင်ငံနှင့် သဘောတူညီချက်ရယူပြီး လိုအပ်သောမူဝါဒများကို ရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။
(၃) ရွှေ့ပြောင်းလုပ်သားများကြောင့်ဖြစ်ပေါ်လာနိုင်သည့်လူမှုရေး၊ ယဉ်ကျေးမှုနှင့် အခြားသောပဋိပက္ခများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ဥပဒေစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပြဌာန်းထားရမည်။
(၄) စစ်ဘက်ဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများအကြား ပြစ်မှုတစ်စုံတစ်ရာဖြစ်လာပါက ၎င်းအမှုကို ဒေသဆိုင်ရာ အရပ်ဘက်တရားရုံးတွင်သာ ပွင့်လင်းမြင်သာ မှုရှိစွာ စစ်ဆေးအရေးယူရမည်။
(၅) လူမှုကာကွယ်စောင့်ရှောက်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော လူထုအခြေပြုအဖွဲ့ အစည်းများကို အစိုးရက အသိအမှတ်ပြုပေးရမည့်အပြင် ၎င်းအဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ရမည်။
(၆) သဘာဝနှင့် လူကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်ကျရောက်ပါက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်အစီအမံများပါဝင်သော မဟာဗျူဟာ၊ နည်းဗျူဟာများ ထားရှိဆောင်ရွက်ရမည့်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်သော ကယ်ဆယ်ရေးလုပ်ငန်းအစီအမံများ ဆောင်ရွက်ထားရှိရမည်။
လုပ်ငန်းစဉ်များ
(၁) အကြမ်းဖက်ခံရသည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများအား ကာကွယ်စောင့်ရှောက်ရေးစင်တာများကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရတို့က စီမံဆောင်ရွက် ထားရှိရမည်။
(က) သက်ငယ်မုဒိမ်းမှုကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးအရေးယူသည့်မူဝါဒ ချမှတ်ရမည်။
(ခ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြေရှင်းရာတွင် အမျိုးသမီးတာဝန်ခံများထား ရှိရမည်။
(ဂ) မုဒိမ်းမှုကျူးလွန်သူများအား လွတ်ငြိမ်းချမ်းသာခွင့် အခွင့်အရေး မခံစားစေရ။
(၂) ဖက်ဒရယ်ပြည်ထောင်စုအစိုးရအနေဖြင့် သက်ဆိုင်ရာပြည်ပနိုင်ငံများရှိ အလုပ်သမားရေးရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်၍ အလုပ်သမားများအတွက် အာမခံချက်ရှိသည့် အလုပ်အကိုင်များရရှိရေး၊ လူမှုဘဝဖူလုံရေးနှင့် လူမှုဘဝလုံခြုံရေးစသည့်ကိစ္စရပ်များကို အစီအမံများ ထားရှိဆောင်ရွက်ပေးရမည်။
(၃) မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်တွင်း၌ ဘိန်းကဲ့သို့ မှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊ အသီးအရွက်များ စိုက်ပျိုးမှုကို တားမြစ်ပိတ်ပင်၍ တင်သွင်းမှု၊ ထုတ်လုပ်မှု၊ ရောင်းချမှု၊ သယ်ယူမှု၊ သိုလှောင်မှု၊ ကိစ္စအဝဝကို လုံးဝပပျောက်အောင် စီမံကိန်းချမှတ်ပြီးဆောင်ရွက်ရမည်။
(၄) မူးယစ်ဆေးစွဲသူများကို ကုသမှု၊ လူမှုရေးပံ့ပိုးကူညီမှုများဖြင့် ဆေးသုံးစွဲမှု ကင်းဝေးစေရန်နှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်ရရှိရေးအပါအဝင် ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ရမည်။
(၅) ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှုကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးရမည် ။
(၆) ပညာပေးရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘိန်းအစားထိုး စိုက်ပျိုးထုတ်လုပ် ကုန်သွယ်မှုမှသည်မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် အားလုံးအတွက် ထိရောက်ကျယ်ပြန့်သော ပညာပေးမှုဆောင်ရွက်ပေးရမည်။ မူးယစ်ဆေးဝါးအန္တရာယ်ကိုကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းသင်ကြား ပေး ရမည်။
(၇) လူငယ်များဗလငါးတန်မြှင့်တင်နိုင်ရေးနှင့် မူးယစ်ဆေးဝါသုံးစွဲမှုမရှိစေရန်အတွက် ရှေးရှု၍ ရပ်ရွာအတွင်း လူငယ်ဂေဟာ (လူမှုစင်တာများ) ထူထောင်ထားရှိရမည်။
(၈) မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်သောရန်ပုံငွေကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ညှိနှိုင်း၍ပြည်နယ်နှင့် ဒေသန္တရ အစိုးရများသို့ လုံလောက်စွာ ခွဲဝေပေးနိုင်ရေး အစီအမံထားရှိရမည်။
(၉) သက်ဆိုင်ရာ ပြည်နယ်အစိုးရအစီအမံဖြင့် ဆေးဝါးသုံးစွဲသူများအား စာရင်းကောက်ယူ၍ ဆေးကုသပေးရေး အသိပညာပေးရေး၊ နှစ်သိမ့်ဆွေးနွေးပညာပေးရေး၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည် ။
(၁၀) UNODC ကဲ့သို့ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ အစည်းများကိုအချိန်မီ ဝင်ရောက်လုပ်ကိုင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ရမည်။
၁။ လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ
(၁) တိုင်းရင်းသားလူမျိုးအသီးသီး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ဝတ်စားဆင်ယင်မှု၊ ဂီတအနုသုခုမပညာ၊ သမိုင်း နှင့်ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့ မူဝါဒချမှတ်၍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာပြည်နယ်အစိုးရက စီမံချက်ချမှတ်အကောင်အထည်ဖော်ရမည်။
(၂) ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးကိုအခြေခံသည့် ဖက်ဒရယ်ပညာရေးစနစ်ဆိုင်ရာ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံသင် လူတိုင်းအကျုံးဝင်ပညာရေးစနစ် ကျင့်သုံးနိုင်ရန်အတွက်ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ပညာရေးမူဝါဒ ရေးဆွဲချမှတ်ရမည်။
(၃) ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား တိကျသောအာဏာခွဲဝေမှု ရှိရမည်။ ပြည်နယ်အစိုးရများသည်ပြည်နယ်တွင်း ဆေးရုံဆေးခန်းများ စီမံခန့်ခွဲရေးဆိုင်ရာအာဏာ ရှိစေရမည်။
(၄) နိုင်ငံသားတိုင်း လက်လှမ်းမီသည့်ထိရောက်သော ကျန်းမာရေးဝန်ဆောင်မှုစနစ် ကျင့်သုံးနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ပူးပေါင်း၍ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး မူဝါဒ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ရေးဆွဲချမှတ်ရမည်။
(၅) အခမဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုကို နိုင်ငံသားတိုင်း ရရှိစေရမည့်အပြင် တန်းတူညီမျှမှုနှင့် သာတူညီမျှမှုရှိရမည်။
(၆) တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ဒေသခံတိုင်းရင်းသားများကိုယ်တိုင် စီမံအုပ်ချုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ ဦးဆောင်ပိုင်ခွင့် ရှိရမည်။
(၇) ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများကို လုပ်ဆောင်ရာတွင် တာဝန်ရှိသူများအနေဖြင့် ဒေသခံအများစု၏ ကြိုတင်သိရှိနားလည်မှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊တာဝန်ခံမှုနှင့်အတူ ဒေသခံပါဝင်မှုရှိစေရေးနှင့် ဘေးအန္တရာယ်ထိခိုက်မှု ကင်းဝေးစေရေးကိုအခြေပြု၍ ဆောင်ရွက်ရမည်။ ယင်းသို့ ဆောင်ရွက်ကြောင်းကို စောင့်ကြည့်လေ့လာနိုင်ရန်အတွက်ဒေသခံများပါဝင်သော စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းရမည်။
(၈) ဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်သူများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှု၊ဒေသခံ လူထုအတွက် တရားမျှတမှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်မှုများအကြား သဟဇာတဖြစ်စေရန် တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ရမည်။
(၉) နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်အရေးအပြည့်အဝရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီရေရှည် တည်တံ့ဖွံ့ဖြိုးမှုရှိသည့် လူမှုအသိုက်အဝန်းကို ရှေးရှုလျက် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များတို့၏ လူမှုဘဝဖွံ့ဖြိုးမှုကိစ္စအဝဝကို ဆောင်ရွက်ရမည်။
(၁၀) လူငယ်ဖွံ့ဖြိုးရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားတို့၏ယဉ်ကျေးမှုနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်စေဘဲ အသက်မွေးဝမ်းကျောင်းပညာရေး၊ အဆင့်မြင့်ပညာရေးများကို လွတ်လပ်စွာသင်ယူနိုင်မှုနှင့် တီထွင်ကြံဆနိုင်မှုကို အာမခံသည့် လူငယ်မူဝါဒရှိရမည်။
(၁၁) အားကစားကဏ္ဍကို တစ်မျိုးသားလုံး၏ အရေးကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ်သတ်မှတ်၍ တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ရေးဆွဲသည့် အမျိုးသားအားကစားမူဝါဒ ချမှတ်ဆောင်ရွက်ရမည်။
(၁၂) သက်ဆိုင်ရာပြည်နယ်နှင့် သက်ဆိုင်သည့်နေ့ထူးနေ့မြတ်များ( ဥပမာ – မွန်အမျိုးသားနေ့၊ မွန်ပြည်နယ်နေ့ကဲ့သို့သောနေ့ထူးနေ့မြတ်များ)ကို ပြည်နယ်တွင်းတရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရေးနှင့် သက်ဆိုင်ရာပြည်နယ်တွင်း ဘွဲ့ထူးဂုဏ်ထူးများ သတ်မှတ်ပေးအပ်ရေးအတွက် ဥပဒေပြုစီမံခန့်ခွဲခွင့် ရှိရမည်။
လုပ်ငန်းစဉ်များ
(က) တိုင်းရင်းသားဒေသများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ ဒေသခံများကို ဦးစားပေးခန့်အပ်နိုင်ရန်အတွက် လိုအပ်သောနည်းပညာနှင့် ကျွမ်းကျင်မှုတို့ကို ဖြည့်ဆည်းပေးရမည်။
(ခ) ပညာရေးစနစ်တွင် နေရာဒေသခွဲခြားခြင်း အလျဉ်းမရှိစေဘဲ တန်းတူအခွင့်အရေးနှင့် မျှတမှုရှိသည့် ပညာရေးစနစ်ကို ကျင့်သုံးရမည်။ ပညာရေးဆိုင်ရာဦးဆောင်ကော်မတီများ ဖွဲ့စည်းရာတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်ရမည်။
(ဂ) ကျန်းမာရေးကဏ္ဍတွင် အုပ်ချုပ်စီမံခန့်ခွဲခွင့်၊ ဘဏ္ဍာငွေခွဲဝေသုံးစွဲခွင့်နှင့်ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ခွင့်ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရက ပြည်နယ်အစိုးရအား အာဏာခွဲဝေပေးရမည်။
(ဃ) ကျန်းမာရေးဆိုင်ရာ အာမခံစနစ်များကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်။
(င) ပြည်သူ့ကျန်းမာရေးအစီအစဉ်များ ချမှတ်ရာတွင် ဝေးလံသီခေါင်သည့်ဒေသများ၊နယ်စပ်ဒေသရှိ ပြည်သူလူထုများ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များကိုအထူးဦးစားပေးအစီအစဉ်ဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
(စ) သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၅) နှစ်အောက်ကလေးများ၊ မိဘမဲ့ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် ဆင်းရဲချို့တဲ့သောသူများအတွက် ကျန်းမာရေး ကူညီထောက်ပံ့မှုများနှင့် အခမဲ့ ဆေးဝါးကုသနိုင်ခွင့်ကိုသက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်ပြည်ထောင်စုအစိုးရတို့မှ မဖြစ်မနေ စီစဉ်ဆောင်ရွက်သွားရမည်။
(ဆ) နှစ်ပေါင်းရှည်ကြာ လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးသင့် ထိခိုက်ဒဏ်ရာရထားသောသူများ၊ မသန်စွမ်းသူများ၊ အိုမင်းမစွမ်း တိုင်းရင်းသားလက်နက်ကိုင်များအား စောင့်ရှောက်ရေးအစီအစဉ်များ ဆောင်ရွက်ပေးရမည်။
(ဇ) တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများတွင် ဒေသခံပြည်သူများ၏ သဘောထားကိုရယူ၍ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ အရင်းအမြစ်၊ ဈေးကွက်၊ လည်ပတ်မှုယန္တရားစသည်တို့ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က စီစဉ်ဆောင်ရွက်ပေးရမည်။
(ဈ) တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝပြန်လည်မြှင့်တင်ပေးရန်လိုအပ်သော ဘက်စုံအကူအညီကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရမည်။
(ည) တိုင်းရင်းသားစာပေ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အတွင်းရှိ အစိုးရရုံးများတွင် သက်ဆိုင်ရာတိုင်းရင်းသားစာပေကို ပူးတွဲရုံးသုံးစာအဖြစ် ထားရှိ ရမည်။
(ဋ) တိုင်းရင်းသားများအတွက် ပညာရေးကို အကောင်အထည်ဖော်ရာတွင် လွတ်လပ်စွာ စီမံအုပ်ချုပ်နိုင်သော အမျိုးသားကျောင်းများ၊ နည်းပညာတက္ကသိုလ်များ၊တက္ကသိုလ်ကောလိပ်များ ဖွင့်လှစ်ပေးရမည်။
(ဌ) တက္ကသိုလ်၊ ကောလိပ်များတွင် တိုင်းရင်းသားစာပေကို လေ့လာသင်ယူနိုင်ရန်သီးခြားအထူးပြုဌာနများ ဖွင့်လှစ်ထားရှိရမည်။
(ဍ) တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရာတွင် စေတီပုထိုးများအပါအဝင် ရှေးဟောင်းအမွေအနှစ် အနုပညာလက်ရာများကို ထိန်းသိမ်းကာကွယ်ရန် တိုင်းရင်းသားယဉ်ကျေးမှု တက္ကသိုလ်များနှင့် ပြတိုက်များ ထားရှိရမည်။
(ဎ) တိုင်းရင်းသားလူမျိုးများနှင့် သက်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် တည်ရှိရာဒေသများကို ယဉ်ကျေးမှုနေရာနှင့် ဇုန်အဖြစ်သတ်မှတ်ပြီး ဖော်ထုတ်၊ ထိန်းသိမ်း၊ကာကွယ် စောင့်ရှောက်ပေးရမည်။ (ဥပမာ – ပဲခူး၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီဒေသ)
(ဏ) အစိုးရကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားနေသော တိုင်းရင်းသားဆရာ/ဆရာမများကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းသောအားဖြင့် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ခွင့်ရှိစေရမည်။
(တ) ပရိယတ္တိစာပေကဏ္ဍတွင် မွန်သံဃာတော်များအား မွန်ဘာသာဖြင့် ဖြေဆိုခွင့်ပေးရမည်။
(ထ) နိုင်ငံသားစိစစ်ရေးကဒ်ပြား၌ တိုင်းရင်းသားများ၏ ကြန်အင်လက္ခဏာများကိုဖော်ပြပေးရမည်။ (ဥပမာ- တိုင်းရင်းသားတို့၏ ကိုယ်စားပြု အခေါ်အဝေါ်အတိုင်းဖော်ပြခွင့် နာဟံသာ အမည်အား နိုင်ဟံသာ ဟုသာ ဖော်ပြရန်နှင့် ဦးနိုင်ဟံသာဟု မဖော်ပြရန်၊ လူမျိုးဖော်ပြခွင့်)
(ဒ) သတင်းမီဒီယာလွတ်လပ်ခွင့် အပြည့်အဝရရှိရန် အာမခံချက်ရှိရမည်။
(ဓ) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှတည်ထောင်ထားသော ပညာရေးစနစ်နှင့် ကျန်မာရေးစနစ်တို့ကို အသိအမှတ်ပြုပြီး လိုအပ်သောနည်းပညာများနှင့် ရန်ပုံငွေကို ကူညီပံ့ပိုးခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ခံစားမှုအတိုင်း အကျိုးခံစားခွင့်ပြုခြင်းနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်ခွင့်ရှိရမည်။
နိဂုံး
အထက်ဖော်ပြပါ လူမှုရေးကဏ္ဍဆိုင်ရာအခြေခံရမည့်မူများသည် အမျိုးသားတန်းတူရေး၊
ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော လွတ်လပ်၍တရားမျှတသည့်ဖက်ဒရယ်
ပြည်ထောင်စုထူထောင်ရန် ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ အပေါ်အခြေခံ၍ ဖက်ဒရယ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန် တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ရန်လိုအပ်မည်
ဖြစ်သည်။ မွန်လူမျိုးအပါအဝင် တိုင်းရင်းသားများတို့သည် အကြောက်တရားမှ ကင်းဝေးပြီး ဖွံ့
ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းလာစေရန် လူမှုရေးကဏ္ဍသည် အရေးပါသည့်
ကဏ္ဍကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ အခြေခံရမည့်မူများကို ရေးဆွဲတင်ပြအပ်ပါသည်။