၂၀၁၈ခုနှစ်၊ မေလ (၅ – ၆ – ၇) ရက်နေ့တွင်
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသည့်
မွန် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ
ရရှိလာသော
ဖက်ဒရယ်စနစ်ကိုအခြေခံသည့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ
အခြေခံမူများ စာတမ်း
စာတမ်းပါအကြောင်းအရာများ
• နိဒါန်း
• ဦးတည်ချက်နှင့် ရည်ရွယ်ချက်
• ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒ
• သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ
• သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ မူဝါဒများ
• နိဂုံး
မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပပြုလုပ်သည့်
မွန် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ
ရရှိလာသော မြေယာနှင့် သဘာပတ်ဝန်းကျင်ဆိုင်ရော
အမူများ အထိုက်စာတမ်း
နိဒါန်း
မွန်လူမျိုးတို့သည် မြေကို “အမွေ” အဖြစ် သတ်မှတ်ခံယူပြီး မြေယာများကို ဘိုးဘွားဘီဘင်လက်ထက်ကတည်းကလက်ဆင့်ကမ်းအမွေအဖြစ်ပေးအပ်လာခဲ့သည်။ မွန်လူမျိုးတို့၏ ရှည်လျားသောသမိုင်းကြောင်းတလျှောက်မြေယာကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများကိုတွင်ကျယ်စွာ လုပ်ကိုင်လာခဲ့သည်။ ရှေးမင်းနေပြည်တော်မှ ပြဌာန်းခဲ့သည့် ဓမ္မသတ်ကျမ်းများကိုလည်းကောင်း၊ လောကီရေးရာရှေးဟောင်းမွန်ကျမ်းစာများကိုလည်းကောင်း၊ မိရိုးဖလာမြေယာ အသုံးပြုမှု စနစ်ကို လည်းကောင်း အခြေပြု၍ မြေယာအသုံးပြုမှုနှင့် စီမံခန့်ခွဲမှုများကို ယခုထိတိုင် ပြုလုပ်လာခဲ့ကြသည်။
မွန်လူမျိုးတို့၏ မြေယာအသုံးပြုမှုတွင် “အများပိုင်မြေ” နှင့် “ပုဂ္ဂလိကပိုင်မြေ” ဟူ၍ ပုံစံနှစ်မျိုးဖြင့်အသုံးပြုကြသည်။ မွန်လူမျိုးတို့၏ မိရိုးဖလာပိုင်ဆိုင်မှုအရ မွန်လူမျိုးတို့၏ ကျေးရွာများ ဝန်းကျင်တွင်အများပိုင်မြေများဖြစ်သည့် သာသနာ့မြေ၊ သုသာန်မြေ၊ ကျေးရွာမြေလွတ်ကွင်း (အားကစားကွင်းမြေ)၊နတ်ကွန်းမြေအစရှိသည့်အများပိုင်မြေများသာရှိပြီး”မြေလွတ်၊ မြေလပ်၊မြေရိုင်း” ဟူ၍မရှိပေ။ စိုက်ပျိုးရေးလုပ်ငန်း အသုံးပြုထားသည့် မြေများအပြင် အသုံးပြုခြင်းမရှိသေးသော တောတောင်မြေအများစုတို့သည်မိမိတို့၏အနာဂတ်မျိုးဆက်များ လုပ်ကိုင်စားသောက်ရန်ချန်ရှိ ထားသည့် မြေများအဖြစ် မိရိုးဖလာအရ သတ်မှတ်ထားရှိကြသည်။ လက်ရှိကာလတွင်မွန်လူမျိုးများ အများဆုံးနေထိုင်သည့်ဒေသများတွင် လယ်ယာမြေ၊ ရော်ဘာခြံမြေ၊ ဥယျာဉ်ခြံမြေ၊တောင်ယာမြေများနှင့် ဆားကွင်းမြေများ စသည်တို့ကို ပုဂ္ဂလိကပိုင်မြေများအဖြစ် အသုံးပြုကြသည်။
(၁၉၇၂)ခုနှစ်၊သြဂုတ်လတွင်၊မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၏ မြေယာကော်မတီမှ မြေယာ လမ်းစဉ်တစ်ခုရေးဆွဲပြဌာန်းခဲ့သည်။ ၎င်းမြေယာလမ်းစဉ်၏ ရည်ရွယ်ချက်မှာ တောင်သူလယ်သမား တို့သည်မိမိတို့ကိုယ်တိုင်စိုက်ပျိုးထားသောလယ်ယာမြေကို မိမိတို့ပိုင်ဆိုင်ခြင်း၊လယ်ယာထွက်သီးနှံများ ပိုမိုထွက်ရှိစေခြင်းနှင့် လွတ်လပ်စွာရောင်းဝယ်နိုင်စေခြင်း ဖြစ်သည်။အဆိုပါ မြေယာလမ်းစဉ်အတိုင်း မွန်ပြည်သစ်ပါတီ၏အုပ်ချုပ်ရေးယန္တရားအတွင်းရှိမွန်ပြည်သူတို့၏မြေယာအသုံးပြုမှုကို အထောက်အကူ ဖြစ်စေရန်စိုက်ပျိုးမြေဖော်ထုတ်မှုများ၊မြေယာပိုင်ဆိုင်မှုလက်မှတ်ထုတ်ပေးခြင်းများနှင့် မြေယာစီမံခန့်ခွဲ မှုများ စသည့်လုပ်ငန်းစဉ်များ ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသီး သီးတို့သည် တိုင်းရင်းသားပြည်သူများ၏ ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုကို အကန့်သက်ထားရှိမှုဗဟို အစိုးရ၏စီမံခန့်ခွဲမှုစနစ်ကိုအထောက်ကူဖြစ်စေသော ဥပဒေများစွာ ပြဌာန်းခဲ့သည့် အတွက်ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ (တစ်နည်းအားဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏အခန်းကဏ္ဍ) နှင့် တိုင်းရင်းသားဒေသရှိ ပြည်သူလူထုတို့၏ မြေယာပိုင်ဆိုင်မှု အခွင့်အရေးကိုလျစ်လျူရှုထားခဲ့သည်။ ထို့ကြောင့်မြန်မာနိုင်ငံအတွင်းခေတ်အဆက်ဆက် ဖြစ်ပေါ်နေပြည်တွင်းစစ်နှင့် နိုင်ငံရေးပဋိပက္ခများသည် မြေယာဆိုင်ရာပဋိပက္ခများနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
သို့ဖြစ်ပါ၍နိုင်ငံရေးပဋိပက္ခများဖြေရှင်းရာတွင်အတိက်ကာလ ဖြစ်ပေါ်ခဲ့သောမြေယာ ပဋိပက္ခ များကိုပါအချိန်နှင့်တစ်ပြေးညီဖြေရှင်းရန်လိုအပ်သကဲ့သို့ပုဂ္ဂလိက မြေယာအခွင့်အရေး၊ လူမျိုးစု အလိုက်မြေယာအခွင့်အရေး၊တိုင်းရင်းသားဒေသလိုက်မြေယာအခွင့်အရေးများ မလွဲမသွေဖော်ဆောင် ရမည် ဖြစ်သည်။
ထို့ကြောင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင်ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီပြည်ထောင်စုအစိုးရနှင့်ပြည်နယ်အစိုးရကြားကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တရားမျှတမှုရှိသော မြေယာ စီမံခန့်ခွဲခွင့်အာဏာများကိုခွဲဝေ/ပူးတွဲကျင့်သုံးနိုင်ရန်အတွက် ဗဟိုချုပ်ကိုင်မှုဖျက်သိမ်းပြီး ဖက်ဒရယ် ဆန်သောမြေယာဆိုင်ရာအခြေခံမူဝါဒများ ပြဌာန်းရမည်ဖြစ်သည်။၎င်းအပြင် မြေနှင့်ဆက်စပ်၍ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေထုအတွင်းရှိ သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု များပြုလုပ်ရာတွင်တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အကျိုးခံစားမှုကို ဖော်ဆောင်နိုင်ရန် ဖက်ဒရယ်ဆိုင်ရာသဘာဝသယံဇာတစီမံခန့်ခွဲရေးအာဏာများကိုခွဲဝေ/ပူးတွဲသည့် မူဝါဒများချမှတ်ရမည်။ မြေနှင့် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ဆက်စပ်၍သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံမျာကိုလည်း အခြေခံမူများ ချမှတ်ရမည်ဖြစ်သည်။
ဦးတည်ချက် နှင့် ရည်ရွယ်ချက်
(၁) တိုင်းရင်းသားပြည်သူလူထုတို့၏မြေယာပိုင်ဆိုင်ခွင့်နှင့် အသုံးချခွင့်တို့ကိုဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပေးရန်။
(၂) ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ပြည်ထောင်စု ဝင်ပြည်နယ်အသီးသီးတို့တွင်တိုင်းရင်းသားတို့၏ မိရိုးဖလာမြေယာအသုံးပြုမှုစနစ် ကိုအခြေခံသည့်မြေယာမူဝါဒ ရေးဆွဲပြဌာန်းပိုင်ခွင့်ရရှိရန်။
(၃) ဖက်ဒရယ်ပြည်နယ်အသီးသီးတို့တွင် ပြဌာန်းသော မြေယာမူဝါဒတို့သည့်သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများ၊ တိုင်းရင်းသားလူမျိုးများနှင့်ကိုက်ညီသည့် ၎င်းတို့၏ အကျိုးစီးပွားကို အာမခံပေးနိုင်သော ကိုယ်ပိုင်မြေယာမူဝါဒရပ်တည်ချက်များ၊ ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာစီမံခန့်ခွဲပိုင်ခွင့်များနှင့် လုပ်ထုံးလုပ်နည်းများကို အသိ အမှတ်ပြုပြီး ဥပဒေပြဌာန်း၍ အကာအကွယ်ပေးနိုင်ရန်။
(၄) ခေတ်နှင့်လျော်ညီမှုမရှိသော မြေယာဆိုင်ရာဥပဒေများ ဖျက်သိမ်းနိုင်ရေး၊ ခွဲခြားမှုမရှိစေဘဲလူသားတိုင်းလွတ်လပ်မှုနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို အာမခံပေး နိုင်သည့်စံနှုန်းများ၊ သာတူညီမျှသည့် အကျိုးစီးပွားဖြစ်ထွန်းစေသည့် စီးပွားရေးဆိုင်ရာ မြေယာအသုံးပြုနိုင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော မြေယာအသုံးပြုမှုစနစ်များကို ကျင့်သုံးပိုင်ခွင့်ရှိသည့်မူဝါဒများ ရေးဆွဲရန်။
(၅) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ဖက်ဒရယ်အုပ်ချုပ်မှုစနစ်ကို ထင်ဟပ်စေမည့် မြေယာမူဝါဒ၊မြေယာဥပဒေနှင့် မြေယာပဋိပက္ခများ ဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ယန္တရားများ ဖော်ဆောင်ရေးမူဝါဒများ ပြဌာန်းရန်။
(၆) ဖက်ဒရယ်ပြည်ထောင်စုအတွင်းရှိ ရေ၊ လေ၊ မြေ၊ မြစ်ချောင်း၊ အင်းအိုင်၊ တောတောင်၊ သစ်တော၊ သားငါး၊ တောရိုင်းတိရိစ္ဆာန်နှင့် ဆက်စပ်သော သဘာဝသယံဇာတများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အထွတ်အမြတ်ထားရာ နေရာများ၊ ရေချိုအရင်းအမြစ်များ၊ ကမ်းရိုးတန်းတလျှောက် သဘာဝအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အကာအကွယ်ပေးသည့် မူဝါဒများ ချမှတ်နိုင်ရန်။
(၇) ကုန်ခမ်းနိုင်သောသယံဇာတများ၊မကုန်ခမ်းနိုင်သောသယံဇာတများ၊ ပြန်လည်အစားထိုး အသုံးပြုနိုင်သော သယံဇာတများ စသည် သယံဇာတအမျိုးမျိုးတို့ကိုထုတ်ယူသုံးစွဲခွင့်၊ တိုက်ရိုက်အကျိုးအမြတ်ခွဲဝေခံစားခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာ အာဏာများကိုပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ကြားလိုအပ်သည့် သဘောတူ ညီမူ အခြေခံမူများ ရေးဆွဲနိုင်ရန်။
(၈) ပြည်ထောင်စုအဆင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်အသီးသီးအတွင်းရှိ မိမိတို့ဒေသနှင့်သင့်လျော်ကိုက်ညီသည့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအမံနှင့် ဘသာဝဘေးအန္တရာယ် ကာကွယ်ရေးအစီအမံများဆိုင်ရာ အခြေခံမူများချမှတ်နိုင်ရန်။
ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒ
(၁) နိုင်ငံတော်အတွင်းရှိ တည်ရှိသော မြေ၏မူလပိုင်ရှင်သည် တိုင်းရင်းသားပြည်သူတို့ ဖြစ်သည်။
(၂) မြေယာဆိုသည်မှာ မြေ၊ သစ်တော၊ ရေ၊ ရေလုပ်ငန်းနှင့်မြေမှဆက်စပ်ထွက်ရှိသော သဘာဝသယံဇာတများအားလုံး ပါဝင်သည်။
(၃) တိုင်းရင်းသားပြည်သူတို့၏မြေယာပိုင်ဆိုင်ခွင့်၊လုပ်ပိုင်ခွင့်တို့ကို ဖက်ဒရယ်ပြည်ထောင်စု နှင့် ပြည်နယ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းရေးဆွဲရမည်။
(၄) တိုင်းရင်းသားပြည်သူတို့သည် ၎င်းတို့ပိုင်ဆိုင်ထားသည့်မြေယာကို ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ပေးကမ်းခွင့်၊ လဲလှယ်ခွင့်၊ ငှားရမ်းခွင့်၊ အမွေဆက်ခံပိုင်ခွင့်နှင့်ပြည်သူတို့၏ စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်နစ်နာမှုမရှိစေဘဲ တခြားနည်းဖြင့်ပြောင်းလဲလုပ်ပိုင်ခွင့် ရှိသည်။
(၅) မြေယာသည် လူသားအားလုံးနှင့် သက်ဆိုင်သည်ဖြစ်၍ ပမာဏကြီးမားသော မြေယာပိုင်ဆိုင်မှုရယူလိုသောတစ်သီးပုဂ္ဂလနှင့် အဖွဲ့အစည်းများအား ဥပဒေများနှင့်အညီ ထိန်းချုပ်ရမည်။
(၆) ပြည်နယ်အတွင်း ကျင့်သုံးရန်ပြည်သူလူထု၏ ဆန္ဒသဘောထားများကို အခြေခံသော မြေယာမူဝါဒ၊ မြေယာစီမံခန့်ခွဲမှု ဥပဒေများ၊ မြေယာအကောက်ခွန် ဥပဒေများကို ပြည်နယ်လွှတ်တော်အတွင်း ရေးဆွဲပြဌာန်းနိုင်ရေးအတွက် အာမခံပေးနိုင်ရန် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတည် ပြုပြဌာန်းပေးရမည်။
(၇) ပြည်နယ်တွင်ကျင့်သုံးသည့်မြေယာမူဝါဒရေးဆွဲရာတွင်လူ့အခွင့်အရေးစံနှုန်းများ၊ နိုင်ငံ တကာစံနှုန်းများ၊ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆန်သောစံနှုန်းများကို ထည့်သွင်းပြဌာန်း ရေးဆွဲရမည်။
(၈) တိုင်းရင်းသားပြည်သူများ မြေကိုစနစ်တကျ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင် ရာပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်အစိုးရတို့မှ စီမံခန့်ခွဲရေးနှင့် စီမံအုပ်ချုပ်မှုများ ပြုလုပ်ရမည်။
(၉) ဒေသခံတိုင်းရင်းသားပြည်သူများတို့၏ မိရိုးဖလာ မြေယာအသုံးပြုမှုစနစ်ကိုလွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက်လည်းကောင်း၊ အကာကွယ်ပေးနိုင်ရေးအတွက်လည်းကောင်း ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ် မြေယာမူဝါဒတို့တွင် တိကျစွာ ပြဌာန်းပေးရမည်။
(၁၀) မြေယာကိုအသုံးပြုရာတွင်လည်းကောင်း၊သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှု ပြုလုပ်ရာ တွင်လည်းကောင်း မြေဆီလွှာမပျက်စီးစေရေး၊ လူမှုစီးပွားရေး၊ ရေရှည်ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပြုလုပ်ရမည်။
(၁၁) ကမ်းရိုးတန်းဒေသတလျှောက်ရှိ မြေယာများနှင့် ကမ်းနီးပင်လယ်ပြင် အသုံးပြုမှများကို သက်ဆိုင်ရာပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာနှင့် စီမံခန့်ခွဲပိုင်ခွင့် အာဏာ သက်ရောက်စေရန် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပေးရမည်။
(၁၂) ကမ်းနီးပင်လယ်ပြင်နှင့်ကမ်းဝေးပင်လယ်ပြင် နယ်နိမိတ်များကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းညှိနှိုင်း သတ်မှတ်ရမည်။
(၁၃) ကမ်းလွန်ပင်လယ်ပြင်အသုံးပြုမှုနှင့် ကမ်းလွန်ပင်လယ်ပြင်ဧရိယာအတွင်းရှိ သဘာဝ သယံဇာတထုတ်ယူမှုများပြုလုပ်ရာတွင်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့၏ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် သဘောတူညီမှုရယူရမည်။
(၁၄) ကမ်းနီးပင်လယ်ပြင်နှင့်ကမ်းဝေးပင်လယ်ပြင်အသုံးပြုရာတွင် တစ်နိုင်တစ်ပိုင်ဒေသခံတို့ ၏ လုပ်ကွက်ဧရိယာနှင့် အခွင့်အရေးကို ဖော်ဆောင်ပေးရမည်။
(၁၅) မြေယာပိုင်ဆိုင်ခွင့်တွင် အမျိုးသမီးနှင့် အမျိုးသားတန်းတူညီမှုကို အခြေခံ၍ မြေယာအသုံးပြုမှုနှင့် စီမံခန့်ခွဲမှုအဆင့်ဆင့်တို့တွင် အမျိုးသမီးပါဝင်မှုကိုဦးစားပေးရမည်။
(၁၆) အမွေခွဲဝေခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် မြေပိုင်ဆိုင်မှုဆိုင်ရာ အမည်နာမများထည့်သွင်းဖော်ပြခြင်းများပြုလုပ်ရာတွင် အမျိုးသမီးအမည်ပေါက်၊ အမျိုးသားအမည်ပေါက်၊ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံး ပူးတွဲအမည်ပေါက်မှုကို ဖော်ပြနိုင်သော ဥပဒေနှင့်နည်းဥပဒေများ ပြဌာန်းပေးရမည်။
(၁၇) မြေယာပိုင်ဆိုင်မှုကိုအကြောင်းပြု၍သမိုင်းနောက်ကြောင်းခံ နယ်မြေပိုင်ဆိုင်မှုများ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့်ပဋိပက္ခများမဖြစ်ပေါ်လာစေရန်၊ တိုင်းရင်းသားအချင်းချင်း လူမျိုးရေးဆိုင်ရာကျူးကျော်မှုများမဖြစ်စေရန်နှင့် အမျိုးသားရင်ကြားစေ့ရေး ပျက်ပြား စေမည့်ကိစ္စရပ်များမဖြစ်ပေါ်လာစေရန် ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရတို့၏မူဝါဒများချမှတ်၍ ပူးပေါင်းကာကွယ်ရမည်။
(၁၈) ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ အကျိုးငှာ လိုအပ်၍ မြေယာပမာဏတစ်ခုခုကို ရယူမှုပြုလုပ်ရာတွင် သက်ဆိုင်ရာပြည်နယ်အစိုးရသည် မူလမြေယာပိုင်ရှင်နှင့်၎င်းမြေနေရာရယူသည့်အနီးတဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ကြိုတင်သဘောတူညီချက်ရယူနိုင်မည့် မူဝါဒများရေးဆွဲရမည်။
(၁၉) “ဖက်ဒရယ်ပြည်ထောင်စုနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့၏ အကျိုးငှာ”ဟုဆို ရာတွင် ယင်း “အကျိုးငှာ” ဟူသောစကားရပ်၏ အဓိပ္ပါယ်ကို ပြည်နယ်မြေယာမူဝါဒတွင် တိကျစွာဖွင့်ဆို၍ ပြဌာန်းရမည်။
(၂၀) တိုင်းရင်းသားပြည်သူလူထုပိုင်မြေများဖြစ်သည့်ပုဂ္ဂလိကပိုင်မြေနှင့် အများပိုင်မြေ (ဘုံပိုင်မြေ)ကို ဥပဒေနှင့်အညီ ရယူမှုပြုလုပ်ရာတွင် လူမှုစီးပွားဆိုင်ရာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် သက်ဆိုင်သော မြေပိုင်ဆိုင်သူများထံမှ သဘောတူညီချက်ရယူရမည့် အခြေခံလမ်းညွှန်မူများ ပြဌာန်းရေးဆွဲရမည်။
(၂၁) ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ လူမှုအကျိုးစီးပွားကို အခြေခံသည့် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် စီပွားရေးလုပ်ငန်းကဏ္ဍအတွက် မြေယာကိုအသုံးပြုရာတွင် ၊များ၏ လူမှုရေး၊ကျန်းမာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာတရားမျှတမှု စံနှုန်း များကိုပွင့်လင်းမြင်သာမှု၊တာဝန်ယူမှု၊တာဝန်ခံမှုတို့ဖြင့်မူဝါဒကို ရေးဆွဲအကောင်အထည် ဖော်ရမည်။
(၂၂) အမျိုးသားစီမံကိန်းနှင့် ဒေသအကျိုးအငှာစီးပွားရေးရင်းနှီးမြုပ်နှံမှု စီမံကိန်းများ၊ ဖော်ဆောင်ရန်အတွက်မြေယာကို အသုံးပြုရန်လိုအပ်လာပါက ၎င်းမူလမြေ၏ အရည်အသွေးနှင့်တူညီသောပမာဏရှိသည့်တခြားတည်ရှိသည့်မြေနေရာ အစားထိုး ပြန်လည်ပေးအပ်ပြီးကာလတန်ဖိုးနှင့် ညီမျှသော လျော်ကြေးနှင့်နစ်နာကြေးများကို မူလမြေပိုင်ရှင်အားပေးအပ်ရမည့်အပြင်နစ်နာခဲ့ရသူ မူလမြေပိုင်ရှင်၏ ဘဝရပ်တည်မှု အတွက်ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ စနစ်တကျ ဆောင်ရွက်ပေးရမည်။
(၂၃) မြေကိုအသုံးပြု၍စီမံကိန်းလုပ်ငန်းအမျိုးမျိုးဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာထိခိုက်မှုဆန်းစစ်ခြင်း၊လူမှုရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်း၊ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် လူထုဆန္ဒသဘောတူညီမှုရယူခြင်းစသည့်လုပ်ငန်းစဉ်များကို ကြိုတင်ပြုလုပ်ရမည်။
(၂၄) မြေကိုအသုံးပြု၍ အကြီးစား နှင့် အလတ်စား ရင်းနှီးမြုပ်နှံစီမံကိန်းများ ပြုလုပ်ရာတွင် နိုင်ငံတကာသဘောတူညီမှုစာချုပ်နှင့် လိုက်နာရမည့် စံနှုန်းများဖြစ်ကြသောUDHR, UNDRIP, ILO Convention 169, ICESCR, CEDAW, FPIC, CSR owp8qp:0;&ဖော်ပြပါရှိသည့် အချက်များကို ကျင့်သုံးရမည်။
“UDHR (Universal Declaration of Human Rights), UNDRIP (United Nations Declaration on the Rights of Indigenous peoples), ILO Convention 169 (The Indigenous and Tribal PeoplesConventions, 1989), ICESCR (International Covenant on Economics, Social and cultural rights). CEDAW (Convention on the Elimination of All Forms of Discrimination against women), FPIC (Free Prior and Informed Consent), CSR (Corporate Social Responsibility
(၂၅) မြေကိုအသုံးပြု၍ အကြီးစားရင်းနှီးမြုပ်နှံမှုစီမံကိန်းများ အကောင်အထည်ဖော်ပါက စီမံကိန်း၏ အကျိုးသက်ရောက်မှုကို ခံစားရသူ ဒေသခံတိုင်းရင်းသားပြည်သူများ၏ သဘောတူညီမှုကို ကြိုတင်ရယူပြီးမှသာ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြား သဘောတူညီမှုရရှိပြီး အကောင်အထည်ဖော်လုပ်ဆောင်ရမည်။
(၂၆) မြေကိုအသုံးပြု၍ အသေးစား၊ အလတ်စား ရင်းနှီးမြုပ်နှံမှုစီမံကိန်းများ ပြုလုပ်တွင် ပြည်သူလူထု၏ သဘောတူညီမှုနှင့် ဒေသခံတို့၏အဆုံးဖြတ်ကို အခြေခံ၍ လုပ်ပိုင်ခွင့်အာဏာနှင့် ခွင့်ပြုချက်ချပေးနိုင်သည့်အာဏာကို ပြည်နယ်အစိုးရတွင် ထားရှိရမည်။
(၂၇) မည်သည့်နိုင်ငံခြားသား၊ဧည့်နိုင်ငံသား၊ နိုင်ငံသားဖြစ်ခွင့်ရသူများ စသည့်ရင်းနှီးမြုပ်နှံ သူများအားဒေသခံမူလမြေပိုင်ရှင်မှ မြေကိုငှားရမ်းပေးခြင်းစနစ်ဖြင့်သာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မူဝါဒများချမှတ်ရမည်။
(၂၈) မည်သည့်ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြုပ်နှံမှုစီးပွားရေးစီမံကိန်းများကိုမဆို အကောင်ထည်ဖော် ပြုလုပ်ရာတွင် ရေ၊ မြေ၊ တောတောင်၊ သဘာဝပတ်ဝန်းကျင် ၊ ဂေဟစနစ်၊ယဉ်ကျေးမှုအမွေအနှစ်များနှင့်ဒေသခံပြည်သူတို့၏ လူမှုအသိုက်အဝန်းတို့ကို ပျက်စီးမှုမရှိစေဘဲ ဆောင်ရွက်ရမည်။
(၂၉) ပြည်နယ်မြေယာမူဝါဒနှင့်အညီ မြေယာပဋိပက္ခများဖြစ်ပေါ်လာပါက သီခြား လွတ်လပ်ပြီးဘက်မလိုက်သော ဒေသဆိုင်ရာမြေယာပဋိပက္ခ ဖြေရှင်းရေးယန္တရား အဆင့်ဆင့်နှင့်မိရိုးဖလာမြေယာအသုံးပြုမှု မြေယာဖြေရှင်းရေးဆိုင်ရာ ဒေသအတွင်း ကော်မတီများ အဆင့်ဆင့် ထားရှိရမည်။
(၃၀) အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် မြေမဲ့ယာမဲ့မရှိ ဆင်းရဲသား ပြည်သူများနှင့်စစ်ဘေးရှောင်နေရပ်စွန့်ခွာသူများအား မြေယာပြန်လည်ခွဲဝေရေး အစီအစဉ်များ ပြုလုပ်ရမည်။
(၃၁) အသစ်ဖြစ်ပေါ်လာသော မြေနုကျွန်းများကို မရှိဆင်းရဲသား ပြည်သူများအား အခမဲ့မြေယာ ပြန်လည် ခွဲဝေပေးနိုင်ရန် ပြည်နယ်အစိုးရမှ စီမံဆောင်ရွက်ပေးရမည်။
(၃၂) နိုင်ငံတော်ပိုင်မြေ၊ ပြည်ထောင်စုအစိုးရပိုင်မြေ၊ ပြည်နယ်အစိုးရပိုင်မြေ၊တပ်မတော်၏ တပ်ပိုင်မြေအကျယ်အဝန်းတို့ကို သတ်မှတ်ရာတွင်ပြည်သူလူထုအား ထိခိုက်မှုမရှိ စေသည့် မူဝါဒများ ဖော်ဆောင်ရမည်။
(၃၃) မြေယာ၏ အသုံးဝင်အရေးကြီးမှုကို မျိုးဆက်သစ်များ လေးစားတန်ဖိုးထားတတ်စေရန် မြေယာနှင့်ပတ်သက်သောမြေဆီလွှာ၊ စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသိပညာများကိုအခြေခံပညာ ကျောင်းသင်ရိုးညွှန်းတမ်းထဲတွင်ထည့်သွင်းသင် ကြားရမည်။
သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်များ
(၁) သဘာဝသယံဇာတအားလုံး၏ မူလပိုင်ရှင်သည် တိုင်းရင်းသားပြည်သူလူထုဖြစ်သည်။
(၂) သဘာဝသယံဇာတဆိုသည်မှာ မြေပေါ်မြေအောက် ရေပေါ်ရေအောက်ရှိ သက်ရှိ/ သက်မဲ့အရာဝတ္ထုများ၊ နေရောင်ခြည်စွမ်းအင် အသုံးပြုမှုများ၊ လေစွမ်းအင်များနှင့် လေလှိုင်းအသုံးပြုမှုများ စသည်တို့ ပါဝင်သည်။
(၃) သဘာဝသယံဇာတထုတ်ယူသုံးစွဲမှုနှင့် ဆက်စပ်သောစီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် အဆုံးအဖြတ်ပေးသည့်ဖြစ်စဉ်တိုင်းတွင် သက်ဆိုင်ရာဒေသရှိ ပြည်သူလူထု၏ ပါဝင်မှုကို အလေးထားရမည်ဖြစ်ပြီး ပြည်သူလူထု၏ ရပိုင်ခွင့်နှင့် အကျိုးအမြတ်ခံစားပိုင်ခွင့် ရှိရမည်။
(၄) သဘာဝသယံဇာတနှင့် ပတ်သက်၍ တိုင်းရင်းသားပြည်သူတို့၏ ပိုင်ဆိုင်ခွင့်နှင့် အမွေဆက်ခံပိုင်ခွင့်တို့ကို သတ်မှတ်ရမည်။
(၅) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုများပြုလုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် လူမှုအသိုက်အဝန်းတို့၏ ရေရှည်တည်တံ့မှုကို အခြေခံ ရမည်။
(၆) ပြည်ထောင်စုအတွင်း ထွက်ရှိသောသယံဇာတများအား ခွဲဝေအသုံးပြုမှု၊ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဥပဒေများကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့်လွှတ်တော်တို့ ပူးပေါင်းရေးဆွဲ ပြဌာန်းရမည်။
(၇) ပြည်နယ်နှင့် သက်ဆိုင်သော ဥပဒေပြုအညွှန်းများအရ ပြည်နယ်အတွင်းထွက်ရှိသော သဘာဝသယံဇာတဆိုင်ရာ အခွန်ဥပဒေများကို ပြည်နယ်လွှတ်တော်တွင်ရေးဆွဲထား ပြဌာန်းနိုင်ရန်အတွက် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း ရမည်။
(၈) သဘာဝသယံဇာတထုတ်ယူသုံးစွဲရာတွင် ဒေသခံတိုင်းရင်းသားတို့၏ ကြိုတင်သဘော တူညီမှုရယူပြီးမှသာ ပြည်နယ်အစိုးရမှ လုပ်ပိုင်ခွင့်ချပေးရမည်။
(၉) သယံဇာတထုတ်ယူသုံးစွဲမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ဒေသအတွင်းအာဏာပိုင်တို့မှ ကြီးကြပ်ကွပ်ကဲခြင်း၊ စောင့်ကြည့်စိစစ်ခြင်းပြုလုပ်ရမည်ဖြစ်ပြီး ကောင်းကျိုးဆိုးပြစ် သက်ရောက်မှုဆိုင်ရာတွေ့ရှိချက်များအကြောင်းကို သတင်းထုတ်ပြန်ခြင်းများပုံမှန်ပြု လုပ်ရမည့်အပြင်သီးခြားလွတ်လပ်သောကျွမ်းကျင်ပညာရှင်များမှလည်းလေ့လာ စောင့် ကြည့်ရေးလုပ်ငန်းစဉ်များပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရမှ ခွင့်ပြုချက် နှင့် အထောက်အပံ့ ပေးရမည်။
(၁၀) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရောင်းချမှုအား စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုရှိရမည်။
(၁၁) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခွင့် ပေးအပ်ရာတွင် ဒေသခံရင်းနှီးမြှုပ်နှံသူတို့အား ဦးစားပေးရမည်။
(၁၂) သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု စီမံကိန်းများပြုလုပ်ခြင်းကြောင့် ထိခိုက်နစ်နာ စေခဲ့သောဒေသခံပြည်သူလူထုများအား စီမံကိန်းမှရရှိလာသောအကျိုးအမြတ်များ တို့ကို ရာခိုင်နှုန်းသတ်မှတ်၍ အဓိကဦးစားပေး အခွင့်အရေးခံစားခွင့် ပေးအပ်ရမည်။
(၁၃) သဘာဝသယံဇာတမှ ထုတ်ယူရရှိသော အကျိုးအမြတ်များကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ မျှဝေသုံးစွဲရာတွင် ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်များအတွင်းရှိ ကျန်းမာရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဒေသခံတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနှင့် အခြားလူမှုဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင် အထောက်အပံ့ပေးရမည်။
(၁၄) သဘာဝသယံဇာတထုတ်ယူသုံးစွဲရာတွင် ရရှိလာသော အကျိုးမြတ်များမှ ဘဏ္ဍာငွေ များကို ကြုံတွေ့ရမည့် ဘေးအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အတွက်ပြန်လည်စိမ်းလန်းစိုပြေရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်လည်းကောင်း၊နိုင်ငံတော်အတွင်းပြုလုပ်ရန်ပုံမှန်လိုအပ်သည့်ပြည်သူ့ဆန္ဒခံယူပွဲများအတွက် လည်းကောင်း၊ သဘာဝသယံဇာတဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များအတွက် လည်းကောင်းသီးသန့်ရန်ပုံငွေများ သတ်မှတ်ထားရှိရမည့် မူဝါဒများချမှတ်ရမည်။
(၁၅) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရာတွင် ပျက်စီးဆုံးရှုံးထိခိုက်ခဲ့သော မြေနေရာ၊အဆောက်အဦး၊ သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်သောကိစ္စရပ်များအား မဖြစ်မနေ ပြန်လည်ပြုပြင်ရမည့်မူဝါဒများ ချမှတ်ရမည်။
(၁၆) သဘာဝသယံဇာတထုတ်ယူသုံးစွဲမှု ပြုလုပ်ရာတွင် ဒေသအတွင်းရှိအမျိုးသမီးများ၊ ကလေးများအပါဝင် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၊ လူ့အလွှာပေါင်းစုံတို့၏ လူမှုဘဝလုံခြုံရေးကို အကာအကွယ်ပေး ဆောင်ရွက်ပေးရမည်။
(၁၇) သဘာဝသယံဇာတထုတ်ယူသုံးစွဲရာမှ ရရှိလာသော အကောက်အခွန်ဘဏ္ဍာများနှင့် အကျိုးအမြတ်များကိုပွင်းလင်းမြင်သာမှုရှိစွာဖြင့် ဒေသခံပြည်သူများနှင့် နိုင်ငံသား များအား ပုံမှန်အစီရင်ခံမှုများ ပြုလုပ်ရမည်။
(၁၈) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်းနှင့် ဆက်စပ်သောကိစ္စရပ်များအားလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် (ပျက်စီးမှု၊ ညစ်ညမ်းမှု၊ လူသားတို့၏ အသက်ရှင်နေထိုင်မှု) အကာအကွယ်ပေးနိုင်ရေးအတွက် လည်းကောင်း၊ဂေဟစနစ်၏ အကျိုးဖြစ်တည်မှုကို တန်းဖိုးထားတတ်စေရန်အတွက်လည်းကောင်းအသိပညာ၊ အတတ်ပညာဗဟုသုတများကို အခြေခံပညာသင်ရိုးညွှန်းတမ်းတွင်ထည့်သွင်း သင်ကြားပေးရမည်။
(၁၉) ပြည်သူလူထုတို့သည်ပြည်နယ်များအတွင်းရှိအထင်ကရနေရာများ ဖြစ်သည့်ဘာသာရေး အဆောက်အဦးနှင့် အထွတ်အမြတ်ထားနေရာများ၊ သဘာဝစိမ့်စမ်း ရေထွက်ရှိသည့် နေရာများ၊ မြစ်ချောင်းအင်းအိုင်များ၊ တောတောင်မြေနေရာများ ကမ်းရိုးတန်း တလျှောက်ရှိ ဒီရေတောများစသည်တို့ကို သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်နိုင်ရန်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ကအသိမှတ်ပြု ပူးပေါင်း ဆောင်ရွက် အထောက်အပံ့ပေးရမည်။
သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ မူဝါဒများ
(၁) ဖက်ဒရယ်ပြည်ထောင်စုအတွင်း မြေအသုံးပြုခြင်းနှင့် သယံဇာတ ထုတ်ယူသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို တားဆီးကာကွယ်နိုင်ရန်အလို့ငှာ အောက်ပါတို့ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူပေါင်းညှိနှိုင်း ရေးဆွဲရမည်။
(က) သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုပမာဏ အကန့်အသတ်ပြုလုပ်ခြင်း။ (ကုန်ခန်းနိုင်သော သဘာဝသယံဇာတ စွမ်းအင်ထုတ်ယူသုံးစွဲမှုများအကန့် အသတ်ပြုလုပ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးစွမ်းအင်များ ဦးစားပေးအသုံးပြုခြင်း)
(ခ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ခြင်း။
(ဂ) လူမှုဝန်းကျင်ထိခိုက်နစ်နာမှုများအကာအကွယ်ပေးရေး အစီအမံများပြုလုပ် ခြင်း။
(ဃ) သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအကာအကွယ်ပေးရေး အစီအမံများပြုလုပ် ခြင်း။
(င) ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ အကာအကွယ်ပေးရေး အစီအမံများပြုလုပ် ခြင်း။
(စ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် ရန်ပုံငွေ ထားရှိခြင်း။
(ဆ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်း။
(ဇ) သဘာဝဘေးအန္တရာယ်သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ် ပြန်ခြင်း။
(ဈ) ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ထားရှိခြင်း။
(ည) အမှိုက်၊ စွန့်ပစ်ပစ္စည်းများနှင့်ဆက်စပ်သော မူဝါဒလုပ်ငန်းစဉ်များ ထားရှိခြင်း။
(ဋ) တစ်နှစ်စာအတွက် စားနပ်ရိက္ခာနှင့် ဒေသမူရင်းမျိုးစေ့များကို စုဆောင်း သိုလှောင်ထားရှိခြင်း။
(၂) သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးရန်နှင့် ဘေးအန္တရာယ်များအကြောင်း၊ ထိခိုက်ဆုံးရှုံးနိုင်ချေရှိသည့် အခြေအနေများအကြောင်း၊ ဘေးအန္တရာယ်အမျိုးမျိုးကို လျှော့ချပေးနိုင်သည့် အစီအမံများနှင့် စီမံခန့်ခွဲပေး ခြင်းအတတ်ပညာနှင့် အသိပညာကိစ္စရပ်များအကြောင်းကို အခြေခံပညာ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပြဌာန်းသင်ကြားပေးရမည့်အပြင် နိုင်ငံသားတိုင်း သိရှိနားလည်ထားနိုင်ရန် ပညာပေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပေါင်းညှိနှိုင်း အကောင်ထည်ဖော် ဆောင်ရွက်ရမည်။
(၃) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းပြီး သဘာဝ ဘေးအန္တ ရာယ်များမဖြစ်ပွားမီ ကြိုတင်လုပ်ငန်းစဉ်များ အသေးစိတ်ရေးဆွဲထားခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များဖြစ်ပေါ်ပြီးပါကပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ရမည်။
(၄) မိုးလေဝသနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာသုတေသနအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် အထောက်အပံ့ပေးခြင်းများ ဖက်ဒရယ်ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့မှ ပြုလုပ်ပေးရမည်။
(၅) ရာသီဥတုအပြောင်းအလဲဆိုင်ရာ သတင်းအရင်းအမြစ်များ အချိန်မီဖြန့်ဝေခြင်း၊ ရာသီအလိုက် ဖြစ်ပေါ်လာနိုင်ချေရှိသော အကျိုးသက်ရောက်မှု အကောင်း အဆိုးများအကြောင်းကို ဖော်ထုတ်ထားရှိပြီး ပြည်နယ်အစိုးရမှ ပညာပေးလုပ်ငန်း ပြုလုပ်ခြင်းများ ဆောင်ရွက်ရမည်။
(၆) ပြည်နယ်နှင့်ပြည်ထောင်စုအစိုးရတို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများ၊ ဒေသအတွင်းအရင်းအမြစ်ဖြစ်သောမျိုးစေ့ဆိုင်ရာထိန်းသိမ်းခြင်းမူဝါဒများ၊ စိုက်ပျိုးရေး ဆိုင်ရာမူဝါဒများ၊ဓါတုနှင့်ဆေးဝါးပစ္စည်းအသုံးပြုမှုမူဝါဒများ၊ ရေချိုအရင်းအမြစ် ထိန်းသိမ်းရေး မူဝါဒများ၊ မွေးမြူရေး နှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မူဝါဒများ၊ သစ်တောထိန်းသိမ်းရေး မူဝါဒများ၊ ရေထွက်သဘာဝသယံဇာတနှင့် ရေသတ္တဝါမျိုးစိပ်ထိန်းသိမ်းရေး မူဝါဒများနှင့် ဒီရေတောထိန်းသိမ်းရေးမူဝါဒများ စသည့်သက်ဆိုင်ရာ မူဝါဒအသီးသီးတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြဌာန်းရမည်။
(၇) သဘာဝဘေးအန္တရာယ်နှင့် ဆက်စပ်သောကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင်ဖက်ဒရယ်ပြည်နယ်များအချင်းချင်း ပူးပေါင်းလုပ်ဆောင်နိုင် သည့်မူဝါဒများ ရှိရမည်။
(၈) ကမ်းရိုးတန်းရှိ စိုက်ပျိုးမြေများ၊ နုံးတင်မြေနုများ၊ ကျွန်းများကို ထိန်းသိမ်းရန်၊ ပြန်လည်ပြုပြင်ရန်နှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ရမည်။
နိဂုံး
ဤစာတမ်းပါဖော်ပြပါရှိသည့်အကြောင်းအရာနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများတို့သည် မွန်ပြည်သစ်ပါတီ၏ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲတက်ရောက်ခဲ့ကြသည့် ပြည်သူလူထုနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ၏ ဆွေးနွေးချက်အသံများ၊ မွန်နိုင်ငံရေးပါတီများတို့၏ မူဝါဒ အဆိုပြုချက်များ၊ အရပ်ဖက် လူမှုအဖွဲ့ အစည်းအသီးသီးတို့၏ မူဝါဒအဆိုပြုချက်များကို အခြေခံ၍ မူကြမ်းအဖြစ်ရရှိလာရာမှ ၂၀၁၈ ခုနှစ်၊ မေလ (၅- ၆- ၇) ရက်နေ့၊ မွန်ပြည်နယ်၊ ရေးမြို့ တွင် ကျင်းပသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင်အကျယ်တဝင့်ပြန်လည် ဆွေးနွေးမှုများပြု လုပ်၍နောက်ဆုံးရရှိသည့်သဘောတူညီမှုအတည်ပြုချက်တို့ကိုအခြေခံ၍ စာတမ်းအဖြစ် ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။စာတမ်းပါ မူဝါဒအဆိုပြုချက် အကြောင်းအရာ အမျိုးမျိုးတို့သည် မွန်အမျိုးသားတို့၏ အကျိုးစီးပွားနှင့်တခြားသောတိုင်းရင်းသားတို့၏ အကျိုးစီးပွားတို့ကိုရှေးရှုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်ဆင့်တို့တွင်တင်ပြဆွေးနွေးနိုင်ရန်ရည်ရွယ်သည်။ မွန်လူမျိုးတို့အဆို ပြုတင်ပြထားသည့်မူဝါဒတို့သည် အခြားသောတိုင်းရင်းသားများနှင့် အတူအနာဂတ်ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အထောက်ကူပြုနိုင် မည်ဟုယုံကြည်စွာဖြင့် စာတမ်းအား နိဂုံးချုပ် တင်ပြအပ်ပါသည်။