စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ ရိုက်ခတ်မှုများ
နိုင်ကဆုမွန်
နိုင်ငံတစ်နိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး အုပ်ချုပ်သွားမည် (သို့မဟုတ်) ရွေးကောက်ပွဲအတု ပြုလုပ်ပြီး ပါတီတစ်ခုအား အုပ်ချုပ်ခိုင်းမည် ဆိုပါက ၎င်းတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် အလွန်ခက်ခဲသည်။ မြင်လည်း မမြင်ဖူးပါ။ ယခု ကျွန်ုပ်တို့ နိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီး အမိန့်ဖြင့် အုပ်ချုပ်ခြင်း၊ ပြည်သူများ၏ ဆန္ဒကို ပယ်ဖျက်ခြင်းကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး (ပညာရေး၊ကျန်းမာရေး အစရှိသည်ဖြင့်) တွင် များစွာ ရိုက်ခတ်လျက် ရှိသည်။ ရိုက်ခတ်မှုများထဲမှ အပိုင်း(၃)ပိုင်းကို ဝေဖန်သုံးသပ်ပြီး တင်ပြထားသည်။ ဤဆောင်းပါးကို စာရေးသူ၏ မွန်ဘာသာဖြင့် ရေးသားထားပြီး RICE သုတေသနအဖွဲ့ မှ ထပ်မံဘာသာပြန်ထားသည်။
အခန်း(၁)
နိုင်ငံရေးကဏ္ဍ
၁၉၄၈ ခုနှစ်၊ မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ဒီမိုကရေစီနိုင်ငံရေးကို (၁၀) နှစ်ကျော် စတင် ကျင့်သုံးခဲ့ပြီး တဆက်တည်းမှာပင် ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း (၅၀) ခန့် စစ်အာဏာရှင်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ခဲ့ရပေသည်။ ၂၀၁၁ မှ ၂၀၂၀ ခုနှစ်အတွင်းတွင် ဒီမိုကရေစီအနံ့အသက် အနည်းငယ်ရရှိလာသော်လည်း ယခု ၂၀၂၁ ခုနှစ်သို့ ရောက်ရှိချိန်တွင် အာဏာသိမ်းခံရပြီး စစ်တပ်က တဖန် အုပ်ချုပ်လိုက်ပြန်သည်။ ၂၁ ရာစုသို့ ရောက်ရှိနေချိန်တွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ယခုလိုအာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည်မှာ အင်မတန် စိတ်မကောင်းစရာပင် ဖြစ်သည်။
၂၁ရာစုအတွင်း ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းနှင့် ချိန်ဆတွက်ကြည့်မည်ဆိုပါက နောက်ကျကျန် နေပြီးသား ဖြစ်သော်လည်း အကယ်၍ ယခုလိုပုံစံအတိုင်း စစ်အုပ်ချုပ်ရေးဖြင့် ဆက်သွားမည်ဆိုပါက ကျွန်ုပ်တို့၏ နိုင်ငံရေးအခြေအနေသည် ကြာလာလေ ချွတ်ခြုံ သွားလေ ဖြစ်သွားမည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အရာများအားလုံး နောက်ကျသွားနိုင်သည်။ နိုင်ငံရေးဆိုင်ရာ ရိုက်ခတ်မှုများမှာ အောက်ပါအတိုင်း မြင်တွေ့ရပေမည်။
(က) ဒီမိုကရေစီ အသံတိတ်ဆိတ်ခြင်း
ယနေ့အချိန်အခါတွင် Generation Z ဟု ခေါ်သော လူငယ်လူရွယ်များသည် ၎င်းတို့၏ အနာဂတ်အတွက် တိုက်ပွဲဝင်ကာ တော်လှန်ဆန္ဒပြနေကြသည်။ လာမည့် အနာဂတ်တွင် ၎င်းတို့သည် စစ်အာဏာရှင်အုပ်စိုးမှုအောက်သို့ မနေလိုတော့ပါ။ မိဘဆွေမျိုးများနှင့် ၎င်းတို့ ညီအကိုများသည် နှစ်ပေါင်း(၅၀) ခန့် စစ်အုပ်ချုပ်မှုအောက်တွင် နေထိုင်လာခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်း (၅၀) အတွင်း မည်သို့သော အရာများ ဖြစ်ပေါ်လာသည်ကို ၎င်းတို့ သိရှိမြင်တွေ့ခဲ့ပြီးလည်း ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်များသည် ဒီမိုကရေစီနိုင်ငံ၏ တိုးတက်မှုမည်မျှရှိသည်ကို သိရှိခံစားမိပြီး ပြည်သူများအနေဖြင့် ၎င်းတို့ ခေါင်းဆောင်အတွက် ၎င်းတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် ရှိရမည်ဟူသော ယုံကြည်မှုလည်း ရှိနေကြပြီ ဖြစ်သည်။
ယနေ့တွင် တပ်မတော်သည် ရွေးကောက်ပွဲအတွင်း မဲသမာမှုကို အကြောင်းပြပြီး အာဏာသိမ်း ခဲ့သော်လည်း အမှန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ၎င်းတို့၏ အာဏာကို ပြန်လည်ရယူဆုပ်ကိုင်လိုခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းလာလေ ၎င်းတို့ အခန်းကဏ္ဍ မှေးမှိန်ပျောက်ကွယ်သွားလေ ဖြစ်သောကြောင့် တပ်မတော်သည် ထိုအရာကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် တပ်မတော်သည် မပြောပလောက်သော ရွေးကောက်ပွဲဆိုင်ရာ အမှားအယွင်းတချို့ကို အကြောင်းပြုပြီး မဲဆန္ဒရှင် အများပြည်သူတို့၏ ဆန္ဒသဘောထားကို ပစ်ပယ်လိုက်လေသည်။ ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုပါက အမှန်တကယ် ဆန္ဒမဲပေးထားသော ပြည်သူများအပေါ် အနိုင်ကျင့်လိုက်ခြင်းပင် ဖြစ်သည်။ စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ပြောဆိုထားသည်။ ထိုသို့ ပြောဆိုထားသော်လည်း အကယ်၍ ၎င်းတို့စိတ်တိုင်းကျသည့် ပါတီမှ အနိုင်ရခြင်း မရှိပါက ဤသို့သော လုပ်ရပ်မျိုး ထပ်မံပြုလုပ်လာနိုင်သည်။
ဒီမိုကရေစီစနစ်ဟူသည်မှာ နိုင်ငံသားတိုင်းသည် မိမိတို့၏ မြို့ရွာများကို ကိုယ်တိုင်တည်ဆောက်ခွင့်၊ စီးပွားရေး၊ ပညာရေးများဆိုင်ရာ ကိစ္စရပ်များသည် အတွေးအမြင်အသစ်၊ အကြောင်းအရာ အသစ်များဖြင့် အမြဲတစေ ပေါ်ပေါက်လာစမြဲ ဖြစ်သည်။ အများဆန္ဒပါဝင်သည်။ အစိုးရက ညွှန်ကြားသည့်အတိုင်း ပြည်သူများ နာခံပြုလုပ်ရခြင်း မဟုတ်ဘဲ အစိုးကို ပြည်သူများက ရွေးချယ်တင်မြှောက်ကြရသည်။ ရှေ့ဆက်ပြီး ယခုစစ်တပ်သည် နောက်နောင်တွင် ယခုလိုပုံစံ မျိုးအတိုင်း သို့မဟုတ် ၎င်းတို့စိတ်တိုင်းကျသော ပါတီကသာ ဆက်လက်အုပ်ချုပ်သွားမည်ဆိုပါက တိုင်းပြည်သည် စစ်တပ်၏ ချုပ်ကိုင်ချယ်လှယ်မှုအတိုင်းသာ ဖြစ်လာနိုင်မည်။ အများဆန္ဒ ပါဝင်လိမ့်မည် မဟုတ်ပါ။
(ခ) ညီညွတ်ရေး ပြိုကွဲခြင်း
ယခု ရက်ပေါင်း (၁၀၀) ကျော်အတွင်း (ဤဆောင်းပါးရေးနေစဉ်) တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်များနှင့် ရဲများသည် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အာဏာာဖီဆန်လှုပ်ရှားမှု ပြုလုပ်သူ ဝန်ထမ်းများအား ဖမ်းဆီးခြင်း စသည်တို့ကြောင့် ပြည်သူအများစုသည် စစ်ကောင်စီ (သို့မဟုတ်) ဗမာ့တပ်မတော်ကို စိတ်နာနေကြပြီ ဖြစ်သည်။ ၎င်းတို့ လက်သင့် မခံနိုင်တော့ပါ။ ထို့နောက် စစ်ကောင်စီကို အမှီသဟဲပြုလုပ်ပြီး အာဏာရရှိလာသော နိုင်ငံရေးပါတီများကိုလည်း ပြည်သူအများ စုက မယုံကြည်မှုမရှိတော့ဘဲ ဆန့်ကျင်ဆန္ဒပြသွားပေမည်။
အကယ်၍ စစ်ကောင်စီသည် ဆန့်ကျင်ပုန်ကန်သူများအား ၎င်းတို့လက်နက်ဖြင့် ဖိနှိပ်ချေမှုန်းပြီး ရွေးကောက်ပွဲပြုလုပ်မည် ဆိုကြပါစို့။ ထိုရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အနိုင်ရရှိအောင် ၎င်းတို့စီစဥ်ပြုလုပ်သွားကြမည်ဟု ပြောဆို၍ ရနိုင်သည်။ ပြည်သူများ(သို့မဟုတ်)မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ၎င်းတို့ ကြိုက်နှစ်သက်သော ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခြင်းမရှိပါက ဆန္ဒမဲထွက်ပေးလိမ့်မည် မဟုတ်ပါ။ နည်းလမ်းမျိုးစုံဖြင့် သပိတ်မှောက်ပြီး ကန့်ကွက်မှုများ ဖြစ်ပေါ်လာနိုင်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိပြီး အစိုးရတက်ဖွဲ့ပြီ ထားအုံးတော့၊ ပြည်သူများသည် ထိုအစိုးရ၏ အမိန့်အား နာခံပြီး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် မလွယ်ကူတော့ပေ။
အနာဂတ်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် စပ်လျဉ်း၍ စီမံကိုင်တွယ်သွားရန် လွယ်ကူမည် မဟုတ်ပါ။ အများ ပြည်သူအပေါ် စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်သူတရပ်လုံးက ခွင့်လွှတ်နိုင်ခြင်း လုံးဝမရှိတော့ပါ။ ဤကာလအတောအတွင်း ပြည်တွင်းတွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့များကလည်း လက်နက်ကိုင်ပြီး ဆက်လက်ဆန့်ကျင်တော်လှန်သွားပါက ဗမာပြည်သူ ကြားတွင်လည်း တစ်ဖက်နှင့်တစ်ဖက် တန်ပြန်တိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖြစ်ပေါ်လာ နိုင်သည်။ ဗမာပြည်သူများကြားတွင် ညီညွတ်မှုမရှိပါက အခြားသော တိုင်းရင်းသားအားလုံးတို့ထံ တစ်နိုင်ငံလုံးသို့ ရိုက်ခတ်မှုများ ရောက်ရှိလာမည် ဖြစ်သည်။
(ဂ) ဖွံ့ဖြိုးတိုးတက်ရေးရပ်တန့်သွားခြင်း
နိုင်ငံတစ်နိုင်ငံတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆည်မြောင်းတာတမံနှင့် သဘာဝဓါတ်ငွေ့များ အစရှိသော ပြည်သူများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းပြည်တည် ငြိမ်အေးချမ်းမှသာ အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အကယ်၍ တိုင်းပြည်ငြိမ်းချမ်းမှုမရှိဘဲ ပြည်သူများ လက်မခံပါက ဖွံ့ဖြိုးရေးအလုပ်များအားလုံး မလုပ်ကိုင်နိုင်ဘဲ ရပ်တန့်သွားပေလိမ့်မည်။
နောက်ထပ်အကြောင်းအရာတစ်ခုမှာ မြန်မာပြည်သည် ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်။ အကယ်၍ နိုင်ငံတကာအကူအညီများ မရရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်နိုင်ရန် လွယ်ကူမည်မဟုတ်ပေ။ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကကူညီပေးနေသည်မှာ
ကုလသမဂ္ဂအဖွဲ့ (UN Agencies)၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ သြစတေးလျနိုင်ငံနှင့် ဥရောပနိုင်ငံများမှ လာသော ထောက်ပံ့မှုများပင် ဖြစ်သည်။ တရုတ်နိုင်ငံမှ မည်သည့်ကူညီမှုမျိုးမှ အလကားရရှိခဲ့ခြင်း မရှိချေ။ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော ဖွံ့ဖြိုးမှုအနည်းငယ်ကိုသာ ပြုလုပ်ပေးသည်။ တည့်တည့်ပြောရမည်ဆိုပါက ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံကြီး များမှ သာလျှင် ကြီးမားသော ကူညီထောက်ပံ့မှုများအားလုံးကို ရရှိနေခြင်းဖြစ်သည်။
ယနေ့အချိန်အခါတွင် စစ်တပ်မှ အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်သွားမည်၊ ဒီမိုကရေစီစနစ်ကို ချိုးဖောက်ထားခြင်းကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံကြီးများသည် ဖွံ့ဖြိုးရေးနှင့် ပတ်သက်သော အကူအညီများ ထောက်ပံ့ခြင်းမပြုတော့။ စစ်ကောင်စီတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန် ငွေကြေး မရှိပါ။ စစ်ရေးအတွက်သာ ဘဏ္ဍာငွေအများစုကို ၎င်းတို့က သုံးစွဲသွားဟန် ရှိသည်။ ထို့ကြောင့် အမျိုးမျိုးသော ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန် စစ်ကောင်စီတွင် ဘဏ္ဍာငွေမရှိသလောက် နည်းပါးသွားပေလိမ့်မည်။
(ဃ) ငြိမ်းချမ်းရေး ရှေ့ဆက်သွားရန် မလွယ်ကူခြင်း။
သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှစ၍ NLD အစိုးရလက်ထက် ရောက်ရှိသည်အထိ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) တွင် အစဉ်တစိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိကသော့ချက်ဖြစ်ပြီး တိုင်းရင်းသား များအား အခွင့်အရေးပေးအပ်သွားရန် ဖြစ်သည်။
တပ်မတော်၏ စေတနာကို တိုင်းရင်းသားများက အပြည့်အဝသိရှိပြီးသား ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဦးတည်သည့် အဖြေမှန်အဖြေကောင်းအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်သည့် အကြိမ်တိုင်းတွင် ဗမာစစ်တပ်ကိုယ်စားလှယ်များက ဝင်ရောက်စွက်ဖက်လေ့ရှိသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပါက ၂၀၀၈ အခြေခံဥပဒေအောက်တွင်သာ တည်ဆောက်သွားရမည်။ ထို့ကြောင့် တိုင်းရင်းသားခေါင်းဆောင်များ ကြုံတွေ့ခဲ့သည်မှာ တိုင်းရင်းသားတို့၏ ကံကြမ္မာကို တိုင်းရင်းသားတို့ကိုယ်တိုင် ဖန်တီးယူမည် ဟူသော အချက်ကို တင်ပြလိုက်တိုင်း ဗမာစစ်တပ်တို့သည် အမြဲတမ်း ရပ်ခံတားဆီးခဲ့သည်။
ယခုစစ်ကောင်စီတို့ အာဏာသိမ်းပြီးချိန်မှစ၍ ပြည်သူ့အစိုးရနှင့် နိုင်ငံရေးပါတီတို့၏ အခန်းကဏ္ဍပါဝင်ခြင်းမရှိဘဲ တိုင်းရင်းသားတို့၏ တောင်းဆိုချက်အတိုင်း ပြည်နယ် ကိုယ်စီဖန် တီးပေးပြီး တိုက်ရိုက်စကားပြောဆိုကြမည်လော၊ ဖက်ဒရယ်ပြည်ထောင် ပုံသဏ္ဍာန်ကား ပုံဖော်သွား ရပေလိမ့်မည်။ တိုင်းရင်းသားတို့၏ တောင်းဆိုမှုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သွေဖည်နေသည့်အရာများလည်း ရှိသည်။ သို့ဖြစ်၍ တပ်မတော်နှင့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်မြောက်ရန် မလွယ်ကူပေ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့EAOs-(၁၀)ဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေး မှုလုပ်ငန်းစဉ် များအားလုံးကို ဆိုင်းငံ့ထားမည်ဟု ပြောဆိုထားသည်။ သို့သော်လည်း စစ်ကောင်စီဘက်မှ တိုင်းပြည် အခြေအနေအား ထိန်းသိမ်းသွားနိုင်မည်ဟု ယူဆပါက ၎င်းတို့မှ ပြန်လည်ဆွေး နွေးကောင်း ဆွေးနွေးနိုင်သည်။ သို့သော် ဤ(၁၀)ဖွဲ့မှ လွဲ၍ ကျန်ရှိနေသော လက်မှတ်မရေးထိုးထားသည့် (EAOs) များက လာရောက်ပြောဆို ဆွေးနွေးမည်မဟုတ်ပေ။ (KIO/ KIA) တို့အနေဖြင့် ၎င်းတို့၏ နယ်မြေအားလုံးကို ၎င်းတို့လက်အောက် ပြန်လည်ရောက်ရှိအောင် ကြိုးစားပြီး တိုက်ယူသွားမည် ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုများ လျော့နည်းသွားနိုင်ပြီး အကယ်၍ စစ်ကောင်စီသာ နိုင်ငံကို အုပ်ချုပ်သွားမည်ဆိုပါက တိုင်းရင်းသားများ၏ အိပ်မက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည်လည်း ခဲယဉ်းသွားမည်ဖြစ်ကြောင်း တင်ပြ လိုက်ပေသည်။
အခန်း(၂)
စီးပွားရေးကဏ္ဍ
ကမ္ဘာပေါ်တွင် စစ်တပ်မှ နိုင်ငံတစ်နိုင်ငံကို အာဏာသိမ်းလိုက်ပြီးနောက် စီးပွားရေးဖွံ့ဖြိုးပြီး တိုင်းပြည် တိုးတက်ပြောင်းလဲသွားသည်မှာ အလွန့်အလွန် နည်းပါးလှပေသည်။ ကျွန်ုပ်တို့နိုင်ငံလည်း ထို့နည်းတူပင် ဖြစ်ပါသည်။ ပိုဆိုးသည်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီမှ အာဏာသိမ်းပြီး (၄) လ ကြာသည်အထိ နိုင်ငံသည် တည်ငြိမ် အေးချမ်းမှု မရှိသေးပါ။ ဒီမိုကရေစီအခွင့်အရေးအတွက် လမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာမှ များစွာ အကြမ်းဖက် ပစ်ခတ်ခံရပြီးနောက် တဖက်နှင့်တဖက် အပြန်အလှန် ပစ်ခတ်သတ်ဖြတ်သည့် အခြေအနေသို့ ကူပြောင်းလာပြီး နိုင်ငံတည်ငြိမ်မှု မရှိပါ။ နိုင်ငံရေးတည်ငြိမ်မှု မရှိပါက စီးပွားရေးသည် ပို၍ပင် ဆိုးဝါးလာနိုင်သည်။
အကယ်၍ စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို တစ်ခုချင်းစီ သုံးသပ်ရပါက (၁) ပြည်တွင်းအလုပ်အကိုင် (၂) ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုနှင့် (၃) ပြည်ပ ရင်းနှီးမြှုပ်နှံမှု တို့ ပါဝင်မည် ဖြစ်သည်။ ထိုအကြောင်းအရာများနှင့် ပတ်သက်သည့် အခြေအနေအားလုံးကို အောက်တွင် အစဉ်လိုက် သုံးသပ်သွားပါမည်။
(၁) ပြည်တွင်း အလုပ်အကိုင်
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အလုပ်အကိုင်နှင့် ပတ်သက်၍ လူဦးရေ၏ (၇၀%) ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် တည်ရှိနေပြီး လယ်ယာစိုက်ပျိုးရေးအလုပ်ကိုသာ အားထား မှီခိုနေရပါသည်။ သို့ဖြစ်၍ လူဦးရေ၏ (၃၀%) ရာခိုၚ်နှုန်းသည် မြို့ပြပေါ်တွင် ရှိနေပြီး ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ စက်ရုံ/အလုပ်ရုံများ၊ ကုမ္ပဏီများနှင့် အစိုးလုပ်ငန်းများတွင် အဓိက လုပ်ကိုင်ကြပါသည်။
သို့သော်လည်း စစ်အာဏာသိမ်းပြီးသည့်နောက်တွင် မြို့ပြပေါ်ရှိ ပြည်သူများနှင့်အတူ ကျေးလက်နေ ပြည်သူများအားလုံးတို့သည် ရိုက်ခတ်မှုများနှင့် ကြုံတွေ့ကြရသည်။ အထူးသဖြင့် မြို့ပြနေပြည် သူများက ဘေးအန္တရာယ်နှင့် ပို၍ ရင်ဆိုင်ကြရသည်။ ဆန္ဒပြပွဲများသည် မြို့ပေါ်တွင် အဖြစ်များသည့်အတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိသော မြို့ကြီးများတွင် နေထိုင်သည့် ပြည်သူများသည် လုပ်ငန်းခွင်မှ ရပ်နားလိုက်ကြရသည်။ ၎င်းတို့မှ ဆန္ဒပြပြီးတိုင်း စစ်ကောင်စီတို့သည် ရဲနှင့်စစ်သားများ စေလွှတ်ပြီး ပြည်သူများထံ ဝင်ရောက်စီးနင်းပစ်ခတ်ခြင်းသည် ဆန္ဒပြပွဲများအား တားဆီးပိတ်ပင်ခြင်းပင် ဖြစ်ပေသည်။ မြို့ပေါ်ရှိ ပြည်သူတို့ မကျေနပ်မှုများ ဖြစ်ပွားရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအကြားသည် မြို့ကြီးရှိ နေရာတော်တော်များမျာတွင် အဓိကရိုဏ်းများ ဖြစ်ပေါ်လာတော့သည်။ စစ်ကောင်စီတို့ ရက်စက်ကြမ်းကြုတ်လာပြီးနောက် မြို့ပေါ်ရှိ စက်ရုံအလုပ်ရုံအများစုလည်း ပိတ်သိမ်းခံရမှုများ ရှိလာသည်။
ရန်ကုန်ရှိ လှိုင်သာယာမြို့နယ်တွင် တရုတ်ကုမ္ပဏီမှ စက်ရုံကြီး (၁၅) ရုံခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဆန္ဒပြပြည်သူများမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီမှ စွပ်စွဲပြောဆိုထားသည်။ ယင်း၏ နောက်ခံအကြောင်းရင်းမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံမှ စစ်ကောင်စီအား ကာကွယ်ပေးနေခြင်းကြောင့် ဖြစ်သည်။ စက်ရုံများ မီးလောင်ပြာကျသွားခြင်းကြောင့် အလုပ်သမားများ ဆန္ဒပြသည်ကို စစ်တပ်နှင့် ရဲတို့မှ ဝင်ရောက်ပစ်ခတ်လိုက်သည့်အတွက် ရန်ကုန်မြို့ပေါ်ရှိ အလုပ်သမားများနှင့် ၎င်းတို့ အိမ်ထောင်စုများမှ လူဦးရေ (၁၀၀၀၀၀) ခန့်တို့သည် ရန်ကုန်မြို့မှ ထွက်ခွာသွားရလေသည်။ ထို့နည်းတူပင် မန္တလေးရှိ တရုတ်ကုမ္ပဏီပိုင် စက်ရုံများကလည်း ပိတ်သိမ်းလိုက်ရပြီး တရုတ်လုပ်ငန်းရှင်များ အပြေးပြန်ခဲ့ရပေသည်။ အချုပ်အားဖြင့် ပြောမည်ဆိုပါက မြို့ပေါ်ရှိ အလုပ်အကိုင်အများစုသည် ရပ်တန့်သွားရလေတော့သည်။
ကျေးလက်ဒေသနေပြည်သူများအပေါ် ရိုက်ခတ်မှုများလည်း ရှိပါသည်။ တစ်နိုင်ငံလုံးတွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီသည် ညမထွက်ရ (ကာဖျူး အမိန့်) ထုတ်ပြန်ပြီး ညဘက် သွားလာမှုကို ကန့်သတ်လိုက်သည်။ ဒေသတစ်ခုနှင့် တစ်ခု ဆက်သွယ်သွားလာနေသည့် အဝေးပြေး မော်တော်ယာဉ်များ ရပ်နားလိုက်ရသည်။ ကုန်တင်ကားများ ညဘက်သွားလာ၍ မရခြင်းကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်လည်း အဆင်ပြေချောမွေ့မှု မရှိတော့ပါ။ ဤအရာများသည် ကျေးလက်ဒေသမှ ထုတ်ကုန်များအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေပြီး စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းခွင်ဆိုင်ရာပစ္စည်းများ အားလုံးက စျေးနှုန်းမြင့်တက်သွားလေတော့သည်။
(၂) ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု
များမကြာမီတွင် ကျွန်ုပ်တို့အားလုံးမြင်တွေ့ခဲ့ကြသည်မှာ ပြည်သူများသည် ဘဏ် ငွေများ ကုန်ဆုံးသွားမည် စိုးသောကြောင့် ဘဏ်သို့ အပူတပြင်း အစုလိုက်အပြုံလိုက် ငွေသွားထုတ် နေကြသည်မှာ ယခုထက်ထိပင်ဖြစ်သည်။ ယခုအခါ ဘဏ်တွင် ငွေထုတ်၍ မရတော့ပြီ။ ငွေသွင်းခြင်းသာ ရသည်ဟု ဆိုသည်။ ဤဖြစ်စဥ်အပေါ် ကြည့်ပါက ပြည်တွင်းငွေ ကြေးလည်ပတ်မှုအပေါ် ဗဟိုဘဏ်က မည်မျှခက်ခက်ခဲခဲ ထိန်းကျောင်းနေရသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
တစ်နိုင်ငံလုံး၏ အခြေအနေအမှန်မှာ ပြည်တွင်းစီးပွားရေးလည်ပတ်မှုများဖြစ်သော ကုန်စည်ကူးသန်း ရောင်းဝယ်ခြင်း၊ နယ်စပ်ဒေသရှိ သွင်းကုန်/ထုတ်ကုန်များ၊ စက်ရုံအလုပ်ရုံ အများစုတို့ ရပ်ဆိုင်းသွားသည့်အတွက် ဘဏ်အတွင်း ငွေသွင်း/ငွေထုတ်မှုများလည်း ရပ်တန့်သွားလေသည်။ အလုပ်အကိုင်များ ပျက်စီးဆုံးရှုံးသွားခြင်းကြောင့် ပြည်သူများအတွက် နေ့စဥ်ဝင်ငွေလည်း မဝင်လာတော့ပါ။ ထို့ကြောင့် ပြည်သူအများစုသည် ၎င်းတို့ စုဆောင်းသိမ်းဆည်းထားသော ဘဏ်အပ်ငွေများကို ပြန်လည်ထုတ်သုံးလာခြင်း ဖြစ်သည်။ ငွေထုတ်ရာတွင်လည်း ဗဟိုဘဏ်မှ ပြည့်ဝစွာ ငွေထုတ်ပေးနိုင်ခြင်းမရှိသောကြောင့် ပြည်သူများသည် ငွေအနည်းငယ်ကိုသာ ထုတ်ယူနိုင် သည်။ ထို့ကြောင့်လည်း ပြည်သူတို့က ပိုမိုစိုးရိမ်လာပြီး ၎င်းတို့၏ ငွေများကို ပို၍ များများ သွားထုတ်ကြလေသည်။
စစ်ကောင်စီတို့မှ အာဏာသိမ်းပြီး (၁)လခန့်အကြာတွင် (၁) ထိုလတွင် ဆန္ဒပြသူများ၏ လွယ်ကူစွာ ဆက်သွယ်ပြောဆိုမှု၊ လွယ်ကူစွာ လူစုလူဝေးပြုလုပ်နိုင်မှု၊ ပြည်သူများအား ပစ်ခတ်နေသည့် မှတ်တမ်းတင် ဗီဒီယိုများ အွန်လိုင်းပေါ် တင်နေမှုများကို စိုးရိမ်သည့်အတွက် အင်တာနက်ဖြတ်တောက်လိုက်လေသည်။ စစ်ကောင်စီတို့ ယခုလို အင်တာနက်ဖြတ်တောက်လိုက်ပြီး သတင်းအမှောင်ချလိုက်ခြင်းသည် ဆူပူဆန္ဒပြမှုတစ်ခုထဲအပေါ်တွင် ရိုက်ခတ်သွားခြင်းမဟုတ်ဘဲ စီးပွားရေးအရလည်း များစွာ ရိုက်ခတ်သွားပေသည်။ မြန်မာပြည်တွင် အင်တာနက်များ အသုံးပြုပြီး အွန်လိုင်းစီးပွားရေးလုပ်ငန်း (Online Business) များစွာကို (၅)နှစ်ကျော်ခန့် လုပ်ဆောင်နေပြီ ဖြစ်သည်။ ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ မှာယူခြင်း၊ ငွေလက်ခံခြင်း၊ ငွေလွှဲခြင်း၊ ငွေစာရင်းရှင်းလင်းခြင်း၊ ကားဌားခြင်း အစရှိသော အရာများအားလုံးကို အွန်လိုင်းအသုံးပြုပြီး လုပ်ကိုင်နေကြသည်။ ၎င်းကဲ့သို့သော သာမန်အလုပ်များ ရပ်နားသွားသည်နှင့် လုပ်ငန်းစုများ၊ ကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာ ယန္တရားလည်ပတ်မှုလည်း (၇၅%) ရာခိုၚ်နှုန်းခန့် ခက်ခဲသွားပေသည်။
အစိုးရသစ် မဖွဲ့ စည်းမီ ၂၀၂၀ ဒီဇင်ဘာလတွင် နိုင်ငံရေးအခြေအနေ တည်ငြိမ်မှုရှိသောကြောင့် တစ်လလျှင် ကုမ္ပဏီအသစ်များ စုစုပေါင်း (၂၀၀၀) ခန့် မှတ်ပုံတင်လေ့ရှိသည်ဟု အစိုးရစာရင်းအင်းမှ သိရသည်။ သို့သော်လည်း အာဏာသိမ်းပြီးတစ်လအကြာ၊ မတ်လတစ်လအတွင်း မှတ်ပုံတင်သည့် ကုမ္ပဏီအသစ်များ (၁၀၀) ပင် မပြည့်တော့ပါ။ ဤအရာကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးတွင် များစွာ ရိုက်ခတ်လျက်ရှိကြောင်း သိနိုင်သည်။
(၃) ပြည်ပရင်းနှီးမြှုပ်နှံမှု
ကျွန်ုပ်တို့နိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဆင်းရဲနွမ်းပါးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စီးပွားရေးလည်း ထင်သလောက် ဖွံ့ဖြိုးတိုးတက်နေသည် မဟုတ်ပါ။ နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား မိမိတို့ပြည်တွင်းတွင် လာရောက်ပြုလုပ်ရန် ဖိတ်ခေါ်ရသည်။ အကယ်၍ ပြည်တွင်းတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည် ဆိုပါက ၎င်းတို့စက်ရုံတည်ဆောက်ရန် လိုအပ်သော ပစ္စည်းများဝယ်ယူခြင်း၊ အလုပ်သမားများ ဌားရမ်းခြင်း အစရှိသည်များ အားလုံးကို မိမိတို့ ပြည်တွင်းက အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး ပြည်သူအများစုလည်း အလုပ်အကိုင်ဖြစ်ထွန်းမည် ဖြစ်သည်။ စက်ရုံတည်ဆောက်ပြီးစီးပြီးနောက် အလုပ်သမားများ ဌားရမ်းသည့်အခါတွင်လည်း မိမိတို့နိုင်ငံသားများကသာ အလုပ်အကိုင် ပြန်လည်ရရှိမည် ဖြစ်သည်။
စစ်ကောင်စီမှ အဓမ္မအာဏာသိမ်းလိုက်ပြီး ပြည်သူ့အစိုးရအား ဖြုတ်ချလိုက်ခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို အောက်ဆုံး (သုည) ရောက်သည်အထိ ရိုက်ချိုး လိုက်ခြင်းပင် ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ သဘောသဘာဝသည် ဒီမိုကရေစီနိုင်ငံအတွင်း နိုင်ငံရေးတည်ငြိမ်မှုရှိပြီး တရားဥပဒေကောင်းမွန်သော ၎င်းတို့အား အကာအကွယ်ပေးသော အစိုးရမျိုးရှိမှသာလျှင် ရင်းနှီးမြှုပ်နှံလိုမည် ဖြစ်သည်။
နောက်ပိုင်းတွင် စစ်ကောင်စီမှ ပြည်သူများအား ပြင်းပြင်းထန်ထန် ပစ်ခတ်ဖမ်းဆီးသည့်အတွက် တစ်ကမ္ဘာလုံးရှိ ပြည်သူများက အာဏာရှင်စစ်ကောင်စီအား ကန့်ကွက်ပြီး ဆန္ဒပြခဲ့ကြသည်။ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ ပြည်သူများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့် ၎င်းတို့နိုင်ငံမှ ကုမ္ပဏီများအားလုံးအား နှုတ်ထွက်ပေးရန် တောင်းဆိုပြီး စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှုမရှိစေရန် တိုက်တွန်းထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရှိနေသည့် ကိုးရီးယား၊ ဂျပန်၊ ဥရောပနှင့် အမေရိကန်နိုင်ငံမှ ကုမ္ပဏီအများစုတို့သည် မြန်မာနိုင်ငံမှ ထွက်ခွာသွားလေသည်။
အမေရိကန်အစိုးရမှ တချို့ကုမ္ပဏီများကို ဗမာစစ်တပ်နှင့် လက်တွဲ၍ အလုပ်မလုပ်ရန် တင်းကြပ်လိုက်သောကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားရသည့် ကုမ္ပဏီများလည်း ရှိသည်။ တရုတ်ကုမ္ပဏီအချို့သာ ကျန်နေတော့သည်။ ဤသို့သော အကြောင်းများကြောင့် စစ်ကောင်စီသည် နိုင်ငံခြားဝင်ငွေများ လျော့နည်းလာသည့်အတွက် ငွေကြေးလည်ပတ်နိုင်အောင် ပြုလုပ်ရန် မလွယ်ကူတော့ပေ။ ဤရိုက်ခတ်မှုများသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအား ထိခိုက်စေရုံမျှမက တစ်နိုင်ငံလုံးရှိ ကုမ္ပဏီအားလုံးနှင့်အတူ ပြည်သူများ၏ ဝင်ငွေများကိုပါ ထိခိုက်သွားစေသည်။
နိဂုံး
ဤသို့သော စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများသည် အကယ်၍ စစ်ကောင်စီသာ အုပ်ချုပ်သွားပါက ဤအတိုင်းသာ ဆက်ဖြစ်နေမည်ဖြစ်သည်။ ၎င်းရိုက်ခတ်မှုများ ရှိနေပါက များစွာသော ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်းများလည်း ပိုမိုမြင့်မားလာရန် ရှိသည်။ ပြည်သူများ၏ ဝင်ငွေလျော့နည်းပြီး အလုပ်အကိုင်နည်းပါးပါက ကုန်ပစ္စည်း ဈေးတက်မည်။ တချိန်တည်းမှာပင် ဤပုံစံအတိုင်းသာ ဆက်သွားမည် ဆိုပါက မြန်မာ့ဆိုရှယ် လစ်လမ်းစဥ်ပါတီ(မဆလ)ခေတ်ကဲ့သို့ မှောင်ခိုဈေးကွက်များ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။
အခန်း(၃)
လူမှုရေးကဏ္ဍ
(က) အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM)
အာဏာဖီဆန်ရေးလူထုလှုပ်ရှား (CDM) ဟူသော ဝေါဟာရသည် အင်္ဂလိပ်ဘာသာစကား Civil Disobedience Movement ဖြစ်ပြီး အကြမ်းမဖက်သော လှုပ်ရှားမှု (Non-violence Movement)မှ ဆင်းသက်လာသည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုသည် ယခင်က ဥရောပနိုင်ငံအများစုတွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့သည်။
အိန္ဒိယလူမျိုးတို့ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့ကို ဆန့်ကျင်ခဲ့သည့် နည်းလမ်းဖြစ်သည်။ လွတ်လပ်ရေး တိုက်ပွဲဝင်ဖို့ရန် မဟာဓမ္မဂန္ဒီမှ ခေါင်းဆောင်ပြုလုပ်ပြီး ပြည်သူများက နောက်တွင် ပါဝင်ခဲ့သည်။ ထိုအချိန်ကား ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်သည်။ အင်္ဂလိပ် နယ်ချဲ့ တို့သည် ပြည်သူတို့၏ အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးတို့ကို လေးစားလိုက်နာ မှုရှိသည့်အတွက် ၎င်းတို့အုပ်ချုပ်မှုအပေါ် ထိုအာဏာဖီဆန်ရေးလှုပ်ရှားမှုက အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်ချက်ကား ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် နယ်ချဲ့ အင်္ဂလိပ်မင်းတို့၏ အစီအစဥ်ဖြစ်သော နယ်မြေစွန့်လွှတ်ခြင်းတွင် ပါဝင်ခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ကို လွတ်လပ်ရေးပေးအပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းအစိုးရဆန့်ကျင်ရေးနည်းလမ်းကို မြန်မာနိုင်ငံတဝန်းလုံးရှိ ပြည်သူများက ဖေဖော်ဝါရီ (၁) ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးသည့်နောက် စ၍ ကျင့်သုံးခဲ့ပေသည်။ သို့သော် စစ်ကောင်စီသည် လွန်ခဲ့သော နှစ်ပေါင်း (၇၅) နှစ်တုန်းက အင်္ဂလိပ်အစိုးရလိုမျိုး မဟုတ်ပါ။ စစ်ကောင်စီ၏ ကိုင်တွယ်မှုသည် အလွန်ပြင်းထန်ပြီး အာဏာသိမ်းသည့် ရိုက်ခတ်မှုကား များစွာ ဖြစ်ပေါ်နေသည်။ နိုင်ငံရေးရိုက်ခတ်မှုမျှသာမက စီးပွားရေးနှင့် လူမှုရေးတွင်လည်း ရိုက်ခတ်မှုများ ရောက်ရှိလာသည်။
နိုင်ငံရေးနှင့် စီးပွားရေးအကြောင်းကို အထက်တွင် တင်ပြခဲ့ပြီး ဖြစ်သည်။ ယခု လူမှုရေးအကြောင်းကို ဆက်လက်တင်ပြသွားပါမည်။ အကယ်၍ လူမှုရေးအကြောင်းကို အကြမ်းဖျင်း ပြောပါက ပညာရေးနှင့် ကျန်းမာရေးအကြောင်းကို အဓိက ပြောဆိုရပေမည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းနေစဉ် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြင်းထန်စွာ ဖြစ်ပေါ်နေပြီး ရောဂါကူးစက်ခံ ရသူပေါင်း (၁၅၀၀၀၀) ခန့် ရှိခဲ့ပြီး ကျောင်းများလည်း ပိတ်ထားလျက် ရှိသည်။
(ခ) ပညာရေးဆိုင်ရာ ရိုက်ခတ်မှု
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်တပ်မှ အာဏာသိမ်းသည့်အချိန်တွင် တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမများသည် အခြားသာမန်အရပ်သားပြည်သူများနှင့် အတူတူ ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ကျောင်းဆရာများသည် ပိုမိုနာကျင် ရပါသည်။ ပထမအချက်ကား အများပြည်သူများ ကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ မြို့ရွာများ ၎င်းတို့ မြို့ ရွာများအား ကိုယ်စားပြုရန် မဲပေးရွေးချယ်ထားသည့် လွှတ်ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်မှ ပယ်ဖျက်လိုက်ပြီး အဓမ္မ နည်းလမ်းဖြင့် အာဏာသိမ်းလိုက်သည်။ ထိုလုပ်ရပ်ကို မကျေနပ်သောကြောင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့လေသည်။ ဒုတိယအကြောင်းအရာကား ဆရာ/ဆရာမ အများစုသည် ရွေးကောက်ပြုလုပ်သည့်အချိန်တွင် မဲရုံတာဝန်များ ထမ်းဆောင်ခဲ့ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြားတွင် မဲရုံကို စောင့်ကြပ်ခဲ့ရသည်။ ၎င်းတို့သည် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများ တစ်လကျော်သည့်တိုင်အောင် တက်ရောက်ကြရသည်။ မဲရုံတာဝန်ထမ်းဆောင်သည့်အခါတွင် ကျောင်းဆရာများသည် ချမှတ်ထားသော စည်းကမ်းစည်းကမ်းများအတိုင်း မဲရလဒ်များအား ရိုးသား ဖြောင့်မတ်စွာ ရေတွက်ပြီး ကြေညာပေးခဲ့ပါသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဤရွေးကောက်ပွဲသည် မဲသမာမှုရှိသည်ဟု ဆိုလာသောအခါ ကျောင်းဆရာများ ပို၍ နာကျင်ရလေသည်။ ထို့အတွက်ကြောင့်လည်း ကျောင်းဆရာအများစုသည် စစ်အာဏာရှင်ကို ပို၍ အလိုမရှိကြခြင်း ဖြစ်သည်။
ကျောင်းဆရာ/ဆရာမ အများစုတို့ CDM ဝင်သွားကြပြီ ဖြစ်သည်။ ၎င်းတို့သည် စစ်ကောင်စီ၏ မည်သည့်အမိန့်ကိုမျှ မနာခံတော့ပါ။ စစ်ကောင်စီလက်အောက်တွင် ပညာရေးတာဝန်များ ထမ်းဆောင်မည်မဟုတ် ဟူ၍လည်း ဆိုထားလေသည်။ ပညာရေးဝန်ထမ်းများသည်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုပေးရန် လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတောင်းဆိုခဲ့သည်။ ဆန္ဒပြခေါင်းဆောင်ဖြစ်သော ကျောင်းဆရာအချို့ အဖမ်းခံရသည်။ အချို့မှာ အချုပ်ကျပြီး အချို့တရားစွဲဆိုခံရသည်။ အချို့ကား ဖိအားပေးခံရပြီး ၎င်းတို့ မဲမသမာမှုပြုလုပ်ခဲ့ကြောင်းကို အတင်းဝန်ခံခိုင်းသည်။
CDMလှုပ်ရှားမှုနှင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း (၁၂၉၀၀၀) ခန့် တာဝန်မှ ရပ်စဲခံရသည်။ တစ်နိုင်ငံလုံးတွင် ကျောင်းဆရာပေါင်း (၄၅၀၀၀၀) ခန့် ရှိသည့်အတွက် သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်။ ထို့ကြောင့်လည်း စစ်ကောင်စီတို့ ကျောင်းဖွင့်သည့် ဇွန်လ (၁) ရက်တွင် များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလေသည်။ အချို့ကျေးရွာဒေသနေရာများတွင် ကျောင်းဆရာများအားလုံး CDM ဝင်ထားသည့်အတွက် လုံးဝကျောင်းမဖွင့်နိုင်သည့် အခြေအနေလည်း ရှိနေသည်။ ဤအကြောင်းအချက်သည် အလွန်ကြီးမားသော ရိုက်ခတ်မှုပင် ဖြစ်သည်။ တချိန်တည်းတွင် ကျောင်းသားများနှင့် ဆရာများသည် ကျောင်းတက်ခြင်းကို ဆက်လက်သပိတ်မှောက်ခဲ့ကြသည့်အတွက် ယခင်ကဲ့သို့ မြို့ရွာဒေသကျောင်းအများစုတို့၏ စာသင်ခန်းထဲတွင် ကျောင်းသားအပြည့် ရှိမနေတော့ပါ။
ဆက်လက်ပြီး တက္ကသိုလ်ဆရာ (၁၀၀၀၀) ခန့်ကလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ တက္ကသိုလ်ဆရာအားလုံး၏ (၅) ပုံ (၁) ပုံလောက် ပြောနိုင်သည်။ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်လိုက်သော်လည်း လာရောက်တက်သူ အလွန်နည်းပါးသည်။ အဖမ်းခံရပြီးနောက် တရားစွဲဆိုခံထားရသော တက္ကသိုလ်ကျောင်းသားသည်ပင် များစွာ ရှိနေသည်။ အချုပ်အားဖြင့် ပြောမည်ဆိုပါက မြန်မာနိုင်ငံ၏ ပညာရေးသည် အခြေခံပညာရေးနှင့် အဆင့်မြင့်ပညာရေးတို့ နှစ်ခုစလုံး ကျရှုံးသွားလေသည်။
(ဂ) ကျန်းမာရေးရိုက်ခတ်မှု
စစ်ကောင်စီတို့ အာဏာသိမ်းလိုက်သည်နှင့် တပြိုင်နက် အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာဝန်အများစုတို့သည် လုပ်ငန်းတာဝန်မှ ကျောခိုင်းကာ နှုတ်ထွက် ရပ်နားလိုက်ကြသည်။ ကျန်းမာရေးဝန်ထမ်းအများစုတို့သည် CDM လှုပ်ရှားမှုနှင့် ဆန္ဒပြပွဲတွင် နေ့စဥ် ပါဝင်လှုပ်ရှားကြသည်။ နေရာဒေသအသီးသီးတွင် ပါဝင်ဆင်နွှဲကြသည့်အတွက် အစိုးရဆေးရုံများ ရပ်တန့်သွားခဲ့ရလေသည်။
အထက်တွင် တင်ပြထားသည့်အတိုင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်း လိုက်သည့်အချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါပြင်းထန်စွာ ဖြစ်နေသည့်အတွက် ဆရာဝန်များသည် သက်ဆိုင်ရာ နေရာများတွင် လူနာများအား စီစစ်ကုသပြီး တာဝန်ထမ်းဆောင်နေကြသည်။ သို့သော်လည်း ဆန္ဒပြပွဲရောက်လာသည့်အချိန်တွင် ၎င်းရောဂါရှာဖွေကုသမှုအားလုံးတို့ ရပ်တန့်သွား ခဲ့ရသည်။
မည်သို့ပင် ဖြစ်စေကာမူ မြို့ပေါ်ရှိ ဆရာဝန်များသည် ဆန္ဒပြပွဲတွင် ရဲနှင့်စစ်သားများ ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရရှိလာသူများကို ဆက်လက်ကုသနေရစမြဲဖြစ်သည်။ (၄) လ အကြာ ဆန္ဒပြပွဲအတွင်း ရဲနှင့်စစ်သားများ၏ ပစ်ခတ်မှုကြောင့် အရပ်သား (၈၀၀)ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ရာပေါင်းများစွာ ရှိခဲ့သည်။ ဆရာဝန်များသည် ဤလူနာများကို ကုသပေးရပါသည်။ ခြေလက်အဖြတ်ခံလိုက်ရသည့် သူများလည်း ရှိသည်။
ဆရာဝန်အရေအတွက် (၁၀၀၀၀၀) ခန့် CDM ဝၚ်လိုက်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၇၀%)ခန့် ဖြစ်လာသည်။ အစိုးရတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ ဆေးရုံတွင် တာဝန်ထမ်း ဆောင်နေသည့် ဆရာဝန်တော်တော်များများသည် အလုပ်မှ ရပ်နားကာ ပြည်သူများထံသို့ သွားရောက်ဝန်းရံပေးခဲ့လေသည်။
ဆန္ဒပြပွဲတွင် CDM ဦးဆောင်မှုပြုလုပ်သော ဆရာဝန်များ အဖမ်းခံရသည်။ အချို့မှာ သတ်ဖြတ်ခြင်း ခံရသည်။ တရားစွဲဆိုခံရသူများလည်း ရှိသည်။ ဆရာဝန်အများစုတို့ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးသွားကြသည်။ ကျန်းမာရေးဝန်ထမ်းများအားလုံးနီးပါး CDM ပြုလုပ်ပြီး သပိတ်မှောက်ကြသည့်အတွက် အစိုးရ၏ ကျန်းမာရေးယန္တရားမှာ ယိုင်လဲပျက်စီးသွားလေသည်။
စစ်တပ်မှ အာဏာသိမ်းပြီး ပြည်သူများ ဆန့်ကျင်ကန့်ကွက်ကြသည့်အတွက် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဝင်ငွေနည်းပါးပြီး ဆင်းရဲနွမ်းပါးသော ပြည်သူများသည် အစိုးရဆေးရုံတွင် ရောဂါကုသနိုင်ရန်လည်း အခွင့်အလမ်းနည်းပါးသွားပြီ ဖြစ်သည်။ ဝင်ငွေအတန်အသင့်ရှိသော ပြည်သူတို့ကား ပုဂ္ဂလိကဆေးရုံတွင် သွားရောက်ကုသကြပေမည်။
လွန်ခဲ့သော (၄-၅) နှစ်မှ စ၍ အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုသည် ပို၍ ကောင်းမွန်သော အခြေအနေသို့ ရောက်ရှိလာသည်။ ဆင်းရဲသော ပြည်သူများအတွက် ဆေးရုံအပေါ် မှီခိုအားထားမှုများ ရရှိလာသည်။ သို့သော် စစ်အာဏာသိမ်းမှုကြောင့် မူလပုံစံသို့ တကျော့ပြန် ပြန်လည်ရောက်ရှိသွားပေမည်။
(ဃ) အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်မှု
အကယ်၍ ဆန္ဒပြသည့်အချိန်တွင် ပြန်ကြည့်မည်ဆိုပါက အများစုသည် အသက် (၁၈-၂၅) ကြား လူငယ်နှင့် ကျောင်းသား အများစု ဖြစ်သည်။ ၎င်းတို့ကို Generation Z ဟုလည်း ခေါ်စမှတ်ပြုကြသည်။ အဘယ့်ကြောင့် လူငယ်များ လမ်းမပေါ်ထွက်၍ ကန့်ကွက်ဆန္ဒပြနေကြသနည်း။ အချုပ်အားဖြင့် ကြည့်ပါက လူငယ်အများစုတို့သည် ဒီမိုကရေစီစနစ်တွင် အိပ်မက်ပေါင်းမြောက်များစွာ မက်ထား လေကြသည်။ ၎င်းတို့၏ အိပ်မက်များသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုများပင် ဖြစ်သည်။
လူငယ်တို့၏ ဖွံ့ဖြိုးမှုဟု ဆိုရာ၌ ဒီဂျစ်တယ် (လ်) ခေတ်တွင် ၎င်းတို့၏ ပညာရေးနှင့်ဆိုင်သော အရာများ၊ စီးပွားရေးအတတ်ပညာများ အစရှိသည့် ၎င်းတို့ပြုလုပ်လိုသည့် အရာဟူသမျှသည် စွမ်းရည်မြင့်မားစေပြီး လွတ်လပ်စွာ မြှင့်တင်သွားနိုင်ရန် ဖြစ်သည်။ ထိုအရာတို့သည် စစ်အာဏာရှင် လက်အောက်တွင် ရရှိနိုင်မည် မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် လူငယ်များသည် မည်သို့သော ဖွံ့ဖြိုးမှုတိုးတက်မှုမှ မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့၏ စစ်သားများနှင့် တပ်ပိုင်းဆိုင်ရာများကိုသာ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့သည်။
ထို့ကြောင့် လူငယ်များသည် စစ်အာဏာရှင်စနစ်အောက်တွင် ၎င်းတို့၏ အနာဂတ်အတွက် စိုးရိမ်နေခြင်းဖြစ်သည်။ ထိုမျှမက အကယ်၍ စစ်တပ်ကို ထောက်ခံသော ပါတီတို့က ရွေးကောက်ပွဲအနိုင်ရရှိပြီး စစ်တပ်မှ ချုပ်ကိုင်ချယ်လှယ်သွားပါက လူငယ်များအားလုံးသည် အနာဂတ်ပျောက်သွားနိုင်သည့်အတွက် လူငယ်များ စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကိုပင် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖမ်းဆီးကာ (၁၈) နှစ် ပတ်ဝန်းကျင်နှင့် (၁၈) နှစ်အောက် သေဆုံးသွားရသည်အထိ ရှိခဲ့သည်။
အချုပ်အားဖြင့်ဆိုရသော် ကျောင်းဆရာများ၊ ဆရာဝန်များနှင့် လူငယ်များ အစရှိသော ပြည်သူအားလုံး၏ (၈၀%) ရာခိုင်နှုန်းတို့သည် စစ်ကောင်စီအား လုံးဝအလိုမရှိကြပါ။ စစ်ကောင်စီသည် စစ်အင်အား၊ လက်နက်တို့ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး အနိုင်ယူ၍ ရသော်လည်း ပြည်သူတို့၏ ရင်ထဲရှိ ဆန္ဒသဘောထားအမှန်ကို အဓမ္မနည်းလမ်းဖြင့် မည်သို့သော အခါတွင်မှ သိမ်းပိုက်ရယူခြင်း ပြုလုပ်နိုင်မည် မဟုတ်ကြောင်း တင်ပြလိုက်ရပါသည်။