အနာဂတ် မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်နယ်လွှတ်တော်၊ မွန်လူမျိုးနှင့် ဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေး

0

အနာဂတ် မွန်ပြည်နယ်အစိုးရ၊ မွန်ပြည်နယ်လွှတ်တော်၊ မွန်လူမျိုးနှင့်
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ရေး

 

မာတိကာ

(၁) မွန်ပြည်နယ်အစိုးရ၏ အာဏာကျင့်သုံးရေးနှင့် တိုင်းရင်းသားဘာသာစကား/ စာပေများကို တရားဝင် ရုံးသုံးဘာသာ အဖြစ် အသိအမှတ်ပြုရေး
(၂) မွန်ပြည်နယ်လွှတ်တော်၏ သြဇာသက်ရောက်မှုနှင့် ဥပဒေပြဌာန်းခြင်း။
(၃) ပွင့်လင်းမြင်သာသော စီမံခန့်ခွဲမှု၊ တာဝန်ယူမူနှင့် တာဝန်ခံမှု
(၄) မွန်ပြည်နယ်အတွင်း တိုင်းရင်းသားများ၏ အတူယှဉ်တွဲ နေထိုင်ရေးအစီအစဉ်များ
(၅) ခေတ်သစ် ရာမညမွန်ပြည် (နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုရေး။

 


(၁) မွန်ပြည်နယ်အစိုးရ၏ အာဏာကျင့်သုံးရေးနှင့် တိုင်းရင်းသားဘာသာစကား/ စာပေများကို တရားဝင် ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုရေး

ယခင် မွန်ပြည်နယ်အစိုးရများနှင့် ယခုလက်ရှိ မွန်ပြည်နယ်စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယားများတွင် ဗမာ/မြန်မာစကားနှင့် ဗမာ/မြန်မာစာကိုသာ ရုံးသုံးဘာသာအဖြစ် တရားဝင် အသုံးပြုလျက်ရှိသည်။ တိုင်းပြည်တပြည်၊ ဒေသတခု၊ ပြည်နယ်တပြည်နယ်တွင် တိုင်းရင်းသားဘာသာ စာပေနှင့် ဘာသာစကား များစွာ ရှိနိုင်ပါသည်။ ထိုဘာသာစကား/ စာပေများကို လိုအပ်လာလျှင် ထိုဒေသ/ ပြည်နယ်များတွင် စနစ်တကျ အသုံးပြုရန် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဥပဒေတရပ် ပြဌာန်းထားခြင်း မရှိချေ။ မွန်ပြည်နယ်အစိုးရတွင် မွန်လူမျိုး ဝန်ကြီးချုပ်ဖြစ်စေ၊ ဗမာလူမျိုး ဝန်ကြီးချုပ်ဖြစ်စေ အခြားတိုင်းရင်းသားဝန်ကြီးချုပ်ဖြစ်စေ ပြည်သူလူထုအတွက် ဝန်ဆောင်မှုကို ထမ်းဆောင်ရာတွင် လူထုနှင့် ပြောဆိုဆက်ဆံရာတွင် ဗမာ/မြန်မာစကားအပြင် မွန်စကားဖြင့် ဒေသခံပြည်သူများ နားလည်နိုင်သော စကားကိုလည်း ပြောဆို ရေးသားတတ်ရန် လိုအပ်သည်။ မွန်ပြည်နယ်၏ အုပ်ချုပ်ရေး အခင်းအကျင်းတွင် ဘာသာစကား (တိုင်းရင်းသားဘာသာစကား) များကို တရားဝင် အသုံးပြုရန် ဥပဒေပြဌာန်းနိုင်ရေးအတွက် ဆက်လက် ဆွေးနွေးပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် သဘာဝကျကျ စဉ်းစားတွေးခေါ်ရေးအတွက် ရည်သန်ကာ ယခုကိစ္စကို ပြောဆိုရခြင်း ဖြစ်သည်။

မွန်လူမျိုံးများသည် မွန်စကားကိုသာ ပြောသည် မဟုတ်ပေ။ မွန်တို့သည် ဗမာစကား၊ ထိုင်းစကား၊ အင်္ဂလိက်စကား၊ ဂျပန်စကား၊ ကိုးရီးယားစကား စသည့် တခြားဘာသာစကား မြောက်များစွာ ပြောတတ်ကြသည်။ မြန်မာနိုင်ငံပြည်နယ်ဒေသများတွင် အစိုးရဖွဲ့ စည်းပြီး ထိုပြည်နယ်များကို အုပ်ချုပ်မည် ဆိုပါက ဘာသာစကားတခုတည်းကိုသာ ပြောဆို အသုံးပြုရသည်ဟု မသတ်မှတ်သင့်ပေ။ မွန်လူမျိုံးများသည် ဗမာစကားကိုလည်း မိမိတို့ ၏ အသက်မွေးဝမ်းကြောင်းအတွက် ပြောဆို ရေးသားကြသည်။ မွန်စကားကိုလည်း မိမိတို့ အိမ်တွင် ပြောဆိုသည်။ မွန်စကား၊ ဗမာစကား ဟူသည် လူသားချင်း ပြောဆို ဆက်ဆံရန်၊ ဆက်သွယ်ရန် အသုံးပြုခြင်း ဖြစ်သည်။ မွန်စာပေသည် မွန်လူမျိုးတို့ အတွက် ထူးခြားသော (ဝိသေသ) လက္ခဏာကို ပြသသည်။ မွန်တိုင်းရင်းသား၏ ဝတ်စားဆင်ယင်မှုသည် မွန်လူမျိုးတို့၏ ထုံးတမ်းအစဉ်အလာကို သရုပ်ပြသည်။ မွန်စကား၊ မွန်စာပေ ပြောတတ် ရေးတတ် ဖတ်တတ်သူများ နေထိုင်ရာ ပထဝီနယ်မြေတခုတွင် မွန်တိုင်းရင်းသား လူမျိုးတရပ်ကို အသိအမှတ်ပြုမည်ဆိုပါက ဘာသာစကားအသုံးပြုမှုတွင် ဗမာ/မြန်မာ ဘာသာစကား တရပ်ကိုသာ သုံးစွဲသင့်သည်ဟု မယူဆသင့်ပေ။ ထိုနည်း၎င်းပင် အခြားသော တိုင်းရင်းသား လူမျိုးများ နေထိုင်သည့် ဒေသတွင်လည်း ဒေသအတွင်း ရှိနေသည့် ဘာသာစကားကို အသိအမှတ်ပြုသင့်သည်။

ယနေ့ခေတ်ကာလတွင် မွန်လူမျိုးများသည် ရန်ကုန်၊ မန္တလေး၊ ပဲခူး စသော မြို့ကြီးများတွင် နှစ်ပေါင်း ထောင်နီးပါးမျှ တခြားသော တိုင်းရင်းသားများနှင့် ရောနှော နေထိုင်လာသည်အလျောက် ဘာသာစကားတွင်လည်း ရောနှောပြီး ရေးသားပြောဆို လာတော့သည်။ ရှေးခေတ် မွန်တို့ ၏ ရာမညနိုင်ငံတော်ရှိ မူးမတ်သံအရာရှိများသည် ဗမာစကားကိုလည်း တတ်မြောက်ရသည်။ မွန်နန်းတော်အတွင်း အထူးသံတမန်များသည် ယိုးဒယား (ထိုင်းစကား) ကိုလည်း တတ်မြောက်ကြသည်။ မွန်ပြည်နယ်တွင် အစိုးရတရပ်အား ထူထောင်မည်ဆိုပါက မွန်စကားဘာသာနှင့် ဗမာ/မြန်မာဘာသာစကားကိုလည်း တပြေးညီ အသုံးပြုရမည်သာ ဖြစ်သည်။ မွန်စကား၊ ဗမာစကား၊ ပအိုဝ်း စကားပြောသူ လူတိုင်းသည် မွန်ပြည်နယ်တွင် အစိုးရတွင် တာဝန်ယူသော ပြည်သူ့ဝန်ထမ်းများ ဖြစ်မည်ဆိုပါက အုပ်ချုပ်ရေးယန္တရားတွင် ညီမျှသော နိုင်ငံသား အခွင့်အရေးကို ပေးအပ်ရသည်။ မွန်ပြည်နယ်အစိုးရသည် ဗမာစကားကို၎င်း၊ မွန်စကားကို၎င်း တခြား တိုင်းရင်းသား ဘာသာစကားများကို လက်တွေ့ကျကျ အသုံးပြုမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို ရေရှည် တည်တန့် ခိုင်မြဲစွာ တည်ဆောက်နိုင်မည် ဖြစ်ပေသည်။

မွန်ပြည်နယ်တွင် ရုံးသုံး ဘာသာစကားတွင် အနည်းဆုံး ဘာသာစကား (၄) မျိုးခန့် အသုံးပြုရဖွယ် ရှိသည်။ မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်း စသော လူဦးရေ သိန်းဂဏန်းကျော်သည့် လူမျိုးများသည် မွန်ပြည်နယ်အစိုးရ၏ နေ့စဉ် အုပ်ချုပ်ရေးလုပ်ငန်းတွင် လွယ်ကူချောမောရေးအတွက် ဝန်ဆောင်မှုများပေးရန် ဤတိုင်းရင်းသား ဘာသာစကား (စာပေအရေးအသား) များကို တရားဝင်ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုရပေမည်။ ဤမျှလောက်သော အခွင့်အရေးကိုပင် ဆက်လက် ပိတ်ပင်တားဆီးပါက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဟူသော စကားရပ်အား ပါးစပ်တွင် ဝတ်ကျေတန်းကျေ (Lib Service) ပြောဆိုနေသည်မှာ ရှက်ဖွယ်ဖြစ်သည်။ မွန်ပြည်နယ်တွင် အစိုးရတရပ် ထူထောင်တော့မည် ဆိုပါက ရုံးသုံးဘာသာစကားကို ဗမာစကားအပြင် တခြားသော တိုင်းရင်းသား ဘာသာစကားကိုပါ အသိအမှတ်ပြုရသည်။ မွန်ပြည်နယ်တွင် မွန်လူမျိုးဖြစ်စေ၊ ဗမာလူမျိုးဖြစ်စေ၊ ပအိုဝ်းလူမျိုးဖြစ်စေ အစိုးရဝန်ထမ်း ဖြစ်လာမည် ဆိုပါက ပြည်သူ့ ဝန်ထမ်း ဖြစ်သည့်အလျှောက် ၎င်းပြည်သူများ ပြောသည့် ဘာသာစကားဖြင့် အပြန်အလှန်ပြောဆို ဆက်ဆံ ရမည်ဖြစ်သည်။ ဤကား အောက်ဆုံးအဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်သာ ဖြစ်သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသည်မှာ လူသားတိုင်းတွင် အကျုံးဝင်သည်။ လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် (Rights to Self-determiniaton) ကို အခြားလူမျိုးနှင့် အဖွဲ့အစည်းမှ အတင်းအကြပ်လုယူသည်မဟုတ်ချေ။ ဘာသာစကားကို အခြေခံပြီး မွန်ပြည်နယ်အစိုးရတရပ်၏ ဝန်ထမ်းခန့်အပ်မှုတွင် ဌာနအလိုက် ဘာသာစကားအလိုက် ဝန်ထမ်းများ (ဘာသာပြန်ဝန်ထမ်းများ အပါအဝင်) ခန့်အပ်မှု၊ တရားရုံးတွင်လည်း တိုင်းရင်းသားဘာသာစကားဖြင့် တရားစီရင်ပိုင်ခွင့်ရှိမှု၊ ပညာရေး (အစိုးရကျောင်း) တွင် တိုင်းရင်းသားဘာသာ (စာဖြင့်) သင်ကြားသင်ယူမှု၊ စာမေးပွဲဖြေဆိုမှု စသည့် ဒီမိုကရေစီ သဘောတရား၊ ဖက်ဒရယ်နည်းစနစ်နှင့် ကိုက်ညီသော ပြည်သူ့ဝန်ဆောင်မှုကို ထမ်းဆောင်ရန် လက်တွေ့ကျကျ တာဝန်ယူဆောင်ရွက် ပေးရမည်။

ခေတ်သစ် မွန်ပြည်နယ်အစိုးရတရပ်တွင် တောင့်တင်းခိုင်မာ တည်တန့် ခိုင်မာရေးသည် မွန်လူမျိုး၊ ဗမာလူမျိုး၊ ကရင်လူမျိုး၊ ပအိုဝ်းလူမျိုး စသော တိုင်းရင်းသားများ၏ သမိုင်းကြောင်း (အရှိတရား) များကို တန်ဘိုးထားပြီး လူဦးရေထက်၊ လူသားချင်း ဆိုသည့် သရုပ်သကန်ကို အသိတရားဖြင့် ပေါင်းစည်းပြီး အပြန်အလှန် အသိအမှတ်ပြုရန် လေးစားရန် လိုအပ်မည် ဖြစ်သည်။ မွန်ပြည်နယ်အစိုးရသည် လွန်ခဲ့သော နှစ်ပေါင်း (၇၀) လောက်ကတည်းး ဗမာလူမျိုး အုပ်ချုပ်ရေးအရာရှိ၊ စစ်တပ်အရာရှိတို့ ကသာလျှင် အုပ်ချုပ်လာခဲ့ သည့် အားလျော်စွာ ယခုတဖန် မွန်စကားကိုသာ အတည်ပြုပြီး တခြားတိုင်းရင်းသား ဘာသာစကားကို ပယ်ဖျက်၍ ပြည်သူ့ဝန်ဆောင်မှုကို လုပ်ဆောင်ပေးရန်ကား လက်တွေ့မကျချေ။ အမှန်စင်စစ် အစိုးရဟူသည် ပြည်သူ့ဝန်ထမ်း ဖြစ်သည့်အလျောက် မတူကွဲပြားသော လူမျိုးတို့ ၏ ဘာသာစကားကို လိုအပ်သလို အသုံးပြု သုံးစွဲရမည်သာ ဖြစ်သည်။ ထို့ကြောင့် မွန်ပြည်နယ်အစိုးရသည် ယခု (၂၁) ရာစု အခင်းအကျင်းတွင် တိုင်းရင်းသားဘာသာစကားများကို တရားဝင်အသိအမှတ်ပြု ရေးသားထုတ်ပြန်ပြောဆို အသုံးပြုလာမည် ဆိုပါက ပြည်နယ်အတွင်းရှိ လူမျိုးများ၏ စာပေ ဘာသာစကားသည် အနာဂတ်တွင် တည်တန့် နိုင်မည်ဟု အဆိုပြုအပ်သည်။

တိုင်းရင်းသားဘာသာစကားနှင့် စာပေ သင်ယူတတ်မြောက်ရေးသည် အမှန်စင်စစ် ကိုယ်ပိုင်ပြဌာန်းခွင့်တည်း ဟူသော တောင်းဆိုချက်၏ အောက်ထစ်ဆုံး အသိအမှတ်ပြုသည်နှင့် တပြိုင်နက် ကျန်သော နိုင်ငံရေး အခင်းအကျင်း များစွာကို ဆက်လက်ဆွေးနွေးရန် လမ်းပွင့်လာပါလိမ့်မည်။ ဤတိုင်းရင်းသား ဘာသာစကားနှင့် စာပေ သင်ယူတတ်မြောက်ရေး၊ တရားဝင်အသိအမှတ်ပြုရေး၊ ကျောင်းသုံး ဘာသာရပ် ပြဌာန်းစာအဖြစ် အသိအမှတ်ပြုရေး၊ မွန်ပြည်နယ်တွင် တိုင်းရင်းသားတိုင်း (လူသားတိုင်း) မိမိ၏ မူလဘူတ မိခင်ဘာသာစကား၊ စာပေကို လွတ်လွတ်လပ်လပ် ဥပဒေအရ မပြုပဲ ဗမာစကား၊ ဗမာစာပေနှင့် တန်းတူ အသုံးပြုလာနိုင်ခြင်းသည်သာလျှင် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့်တည်း ဟူသော အခင်းအကျင်းကို တိုက်ရိုက် အကောင်အထည်ဖေါ်ခြင်း ဖြစ်သည်ကိုလည်း သဘာဝကျကျ နားလည်ရန် လိုအပ်သည်။ လွတ်လပ်မှု ဟူသည် နေထိုင် စားသောက် လုပ်ကိုင် သွားလာလှုပ်ရှားမျှသာ မဟုတ်ပဲ အသိတရားထွန်းကားရေး၊ အသိအမြင် အတွေးအခေါ်မြင့်မားရေး၊ သင်ယူတတ်မြောက်ရေး၊ လူတဦးချင်းစီ၏ လွတ်လပ်မှုကို တန်ဖိုးထားရေး စသော အခြေခံလွတ်လပ်မှုကို ဥပဒေအရ အာမခံပေးမှသာလျှင် တရားမျှတသော အာဏာကျင့်သုံးရေးကို ပီပီပြင်ပြင် ကျင့်သုံးရာလည်း ရောက်ပေမည်။ အနာဂတ် မွန်ပြည်နယ်အစိုးရသည် မွန်လူမျိုးတမျိုးတည်းသာ လွမ်းမိုး အုပ်ချုပ်သည်ပုံစံ မဟုတ်ပဲ အလွန်ပါးနပ်သော အနာဂတ်ခေါင်းဆောင်များသည် တကယ့်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သည့် ခေတ်သစ် စနစ်သစ်အစိုးရတရပ်၊ ပြည်သူအားလုံး အားထားရသော အစိုးရ၊ တိုင်းရင်းသားအားလုံး စိတ်ချလက်ချယုံကြည်ရသည့် အစိုးရတရပ် ထူထောင် ဖွဲ့စည်းနိုင်မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ဘာသာစကား၊ စာပေသည် တိုင်းရင်းသားတိုင်း၏ မူလအမွေအနှစ်ဖြစ်သည်။ ဤအမွေအနှစ်ကို ဆက်လက် ထိမ်သိမ်း ကာကွယ်ပြီး မြတ်နိုးစွာ အသုံးပြုတိုင်း အပိတ်ပင်တားမြစ်ခံရခြင်းသည် လူသား (တိုင်းရင်းသား) တဦးချင်းစီ၏ အခွင့်အရေးကို ချိုးဖေါက်ရာ ရောက်သည်။ ခေတ်သစ် မွန်၊ ဗမာ၊ ကရင်နှင့် ပအိုဝ်းခေါင်းဆောင်များသည် အပြန်အလှန် အသိအမှတ်ပြု လေးစားလျှက် ခေတ်သစ် မွန်ပြည်နယ်နှင့် ဖက်ဒရယ်ပြည်ထောင်စု ကိုထူထောင်ရာတွင် တိုင်းရင်းသား ဘာသာစကား (စာပေ) များကို တရားဝင် အသိအမှတ်ပြု၊ တရားဝင် အသုံးပြုလာရန် အဖက်ဖက်မှ ပူးတွဲတာဝန်ယူသင့်သည်။

(၂) မွန်ပြည်နယ်လွှတ်တော်၏ သြဇာသက်ရောက်မှုနှင့် ဥပဒေပြဌာန်းခြင်း။
လွှတ်တော်တရပ်သည် ဥပဒေပြုစုရေးအာဏာကို အမြင့်ဆုံးအာဏာကို ကိုင်စွဲထားပေသည်။ ပြည်နယ်လွှတ်တော်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်ဖြစ်စေ ဤဥပဒေပြုစုရေးအာဏာကို အမြင့်ဆုံး ကိုင်စွဲထားသည့် အားလျှော်စွာ ၎င်းတို့ ပြုစုလိုက်သည့် ဥပဒေ၏ အကျိုးသက်ရောက်မှုသည် အစိုးရတရပ်၏ ယန္တယားသို့ တိုက်ရိုက်ရောက်ရှိသွားမည် ဖြစ်ပေသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ မိမိတင်သွင်းသော ဥပဒေမူကြမ်းများကို (ဥပဒေတရပ်အဖြစ်) အတည်ပြုလာပြီးနောက် ၎င်းဥပဒေကို အမှီပြုပြီး ပြည်သူ့ဝန်ထမ်း (အစိုးရဝန်ထမ်း) တရပ်လုံး တာဝန်ယူ စီမံဆောင်ရွက်ရပါသည်။ ဥပဒေမူကြမ်းတရပ်ကို တင်သွင်းရာတွင် ရေတိုအကျိုးသက်ရောက်မှု၊ ရေရှည်အကျိုးသက်ရောက်မှု၊ ကောင်းကျိုး အဆိုးကျိုး၊ ဘေးထွက်အဆိုးကျိုး စသည့် အခင်းအကျင်းများနှင့် ရင်ဆိုင်ရလေ့ရှိတတ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်တဦးသည် အစိုးရမှ လစာရရှိပြီး အတော်အသင့် ရရှိပြီး ဝမ်းစာရေးအတွက် အဆင်ပြေပြေ နေထိုင်နိုင်ပြီ ဖြစ်သည့်အတွက် ကြီးမားသော တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရပြီး မိမိတင်သွင်းသော ဥပဒေမူကြမ်းသည် မည်မျှသောကောင်းကျိုးဆိုးကျိုးများနှင့် ပြည်သူများ ရင်ဆိုင်တွေ့ကြုံရမည်ကို အလေးအနက် စဉ်းစားရန် အချိန်ယူသင့်သည်။
ဥပဒေပြုရေးအာဏာသည် အုပ်ချုပ်ရေးအာဏာထက် ပိုမို အရေးပါသည်။ ဥပဒေတရပ်ရပ် ပြုစုရာတွင် ၎င်းဥပဒေ၏ ရေတိုရေရှည် အကျိုးသက်ရောက်မှုကို အဖန်ဖန်စိစစ်ရသည်။ မိမိတင်သွင်း ပြုစုသော ဥပဒေတရပ်ကြောင့် တိုင်းပြည်တရပ်တွင် နှစ်ပေါင်းများစွာ အကျိုးတရား ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံဟု အမည်နာမတပ်ပြီး နှစ်ပေါင်း (၆၀) နီးပါးမျှ ဗမာလူမျိုးစုတစုတည်းသာ အရပ်သားအစိုးရအနေဖြင့်သော်လည်းကောင်း၊ စစ်အစိုးရအနေဖြင့်လည်းကောင်း အာဏာဆုပ်ကိုင်လာခဲ့ပြီး (၂၀၁၀) မှသာ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သားအစိုးရတရပ် ဖွဲ့စည်းခဲ့သည်။ သု့ိရာတွင် ဥပဒေပြုရာတွင် (၂၀၀၈) ဖွဲ့ စည်းပုံ အခြေခံဥပဒေအောက်တွင်သာ ပြုစုရသည့်အတွက် အာဏာရှင်ဆန်သော၊ ဗဟိုချုပ်ကိုင်မှု တင်းကျပ်သော ဥပဒေများသာ အသားပေးပြီး လူထုကို ကိုယ်စားပြုသော၊ လူထု၏ အကျိုးစီးပွါး ဖြစ်ထွန်းစေသော ဥပဒေပြုရေးကိစ္စများအား တင်ပြလာသည့်အခါ အခက်အခဲများစွာ ရင်ဆိုင်ရပြီးမှ အတည်ပြုသည်။ မြေယာပိုင်ဆိုင်မှု ဥပဒေတရပ်ကို ဥပမာတရပ်အနေဖြင့် ပြဆိုမည် ဆိုပါက မွန်ပြည်နယ် လွှတ်တော်တွင် အဆိုပါ ဥပဒေပြုစုရေးအာဏာ အနည်းအကျဉ်းသာ ရှိနေသည်ကို တွေ့ရပေမည်။ ပြည်နယ်လွှတ်တော်၏ သီးခြား ဥပဒေပြုစုရေး အာဏာအခင်းအကျင်းကို စိစစ်လျှင် ဗမာလူမျိုး (ဗမာတိုင်းရင်းသား) လွမ်းမိုးကြီးစိုးသော ပြည်ထောင်စုအစိုးရ တက်လာအခါတိုင်း ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်တွင် ဥပဒေပြုစုရေးအာဏာများမှာ အတားအဆီးများစွာနှင့် ရင်ဆိုင်ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီစကားလုံး၊ ဖက်ဒရယ်မူဝါဒ၊ ပြည်ထောင်စုမူ စသော မိန့်ခွန်းများကို (၂၁၀၅) ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စတင် ပြောဆိုလာသော်လည်း လက်တွေ့တွင်ကား အာဏာခွဲဝေရေး အခင်းအကျင်းကို တိတိကျကျ၊ မှန်မှန်ကန်ကန်၊ ဟန်ချက်ညီညီ မဆောင်ရွက်ပဲ ဗမာတိုင်းရင်းသားအများစုကို အကာအကွယ် ပေးသော နိုင်ငံရေးမူဝါဒများနှင့်သာ အချိန်ကုန်ယင်း ၂၀၁၅ မှ ၂၀၂၀ ရောက်လာသည်။ နောက်ဆုံး ဗမာစစ်တပ်မှ ထပ်ပြီး အာဏာသိမ်းရာ ဒီမိုကရေစီစကားလုံးကော၊ ဖက်ဒရယ်စကားလုံးပါ ပျောက်ကွယ်သွားသည်။
ပြည်နယ်များ စုစည်းသော အသွန်သဏ္ဍာန်ဖြင့် တည်ဆောက် ထူထောင် ဖွဲ့စည်းထားသော တိုင်းပြည်ကို (ပြည်ထောင်စု) ဟု သတ်မှတ် ခေါ်ဝေါ်သည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတခုတွင် အစိုးရနှစ်ဆင့်နှင့် သုံးဆင့် ထားရှိသည်။ ဥပဒေပြုစုရေးတွင် ပြည်ထောင်စု ဥပဒေပြစုရေးအာဏာသည် ပြည်နယ်ဥပဒေ ပြုစုရေးအာဏာနှင့် တပြေးညီ ထားရှိသည်။ ဖွဲ့စည်းထားသော ဒေသအုပ်ချုပ်မှုအဖွဲ့အစည်း (ရပ်ရွာစုမြို့နယ်စုများ) သည် ဥပဒေပြုစုရေးတွင် တိုက်ရိုက်အာဏာ မရှိသော်လည်း ၎င်းတို့ လိုအပ်သော ဥပဒေမူကြမ်းများကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်သို့ တင်သွင်းပြီး ဒေသခံ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ဥပဒေတရပ် အတည်ပြုပေးရန် တောင်းဆို တင်သွင်းနိုင်ပေသည်။

မွန်ပြည်နယ်အစိုးရဖြစ်စေ၊ မွန်လူမျိုး ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ အစည်းတွင် ဖြစ်စေ၊ မွန်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်စေ၊ ဥပဒေပြုစုရေးတွင် လူထုကို တိုက်ရိုက် ကိုယ်စားပြုရန် အခင်းအကျင်းများ၊ အနေအထားများကို စီစစ်ပေးရမည် ဖြစ်သည်။ ဥပဒေတရပ်သည် လူမျိုးတရပ်ကိုသာ အကျိုး သက်ရောက်စေသည် မဟုတ်ပဲ၊ ၎င်းဒေသအတွင်းရှိ လူထုတရပ်လုံးကို လွှမ်းခြုံစေရမည်။ မွန်ပြည်နယ်တွင် တင်သွင်းပြုစုသော ဥပဒေသည် ပြည်ထောင်စုအစိုးရ (ပြည်ထောင်စုလွှတ်တော်) က သဘောမတူလျှင် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတွင် ကြားနာ အဆုံးအဖြတ် ရယူသည်။
မွန်ပြည်နယ်လွှတ်တော်တွင် မည်သည့် တိုင်းရင်းသား၊ မည်သည့်လူမျိုး၊ မည်သူက ဦးဆောင်၊ မည်သူက အစိုးရ ဖွဲ့စေကာမူ ဥပဒေပြုစုရေး အခင်းအကျင်းတွင် လူသားဆန်သော အယူအဆ၊ အပြုအမူ၊ လုပ်ငန်းတာဝန်၊ လူသားချင်း အလေးအနက် တန်ဘိုးထားသော တရားမျှတရေး၊ မိမိတို့ လူ့ဘောင်အတွင်း ရင်ဆိုင် နေရသော လူမှုကိစ္စအဝဝကို ဟန်ချက်ညီညီ၊ အပြန်အလှန် လေးစား အသိအမှတ်ပြုယင်း ဥပဒေများ တင်သွင်း အတည်ပြု နိုင်မှသာလျှင် စစ်မှန်သော (ပီပြင်သော) ဖက်ဒရယ်စနစ်တရပ် ပေါ်ထွန်းလာပေလိမ့်မည်။ မွန်၊ ဗမာအပြင် တိုင်းရင်းသားအသီးသီး နေထိုင်သောတိုင်းပြည်တရပ်တွင် ဥပဒေတရပ်ပြုစုရာတွင် ၎င်းဥပဒေ၏ ကောင်းကျိုးဆိုးကျိုးကို အလေးအနက် စဉ်းစားတတ်ရန်နှင့် ၎င်း၏ သြဇာသက်ရောက်မှုကို အလေးအနက်ထားခြင်းသည့် ယနေ့ ခေတ်သစ် နိုင်ငံရေး၊ ခေတ်သစ်အစိုးရ၊ ခေတ်သစ် လွှတ်တော်များ၏ သရုပ်သကန်ဖြစ်သည်။

(၃) ပွင့်လင်းမြင်သာသော စီမံခန့်ခွဲမှု၊ တာဝန်ယူမူနှင့် တာဝန်ခံမှု
လူသာသမိုင်းတလျှောက်တွင် အဂတိလိုက်စားမှုသည် လူမျိုး ဘာသာ၊ သာသနာမရွေး ဖြစ်လေ့ဖြစ်ထ ရှိသည့် အခင်းအကျင်း ဖြစ်သည်။ အဂတိတရားဟူသည် ပုထုဇန်တည်း ဟူသော လူ့လောကပတ်ဝန်းကျင်တွင် အနည်းနှင့် အများ၊ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ၊ ကြားသည်ဖြစ်စေ မကြားသည်ဖြစ်စေ ရှိနေသော အခင်းအကျင်းဖြစ်သည်။ အဂတိတရားများသည် လူသားများအကြားတွင် ဖြစ်တတ်သော လူမှုရေးရာ လူ့ပြဿနာဖြစ်သည်။ မွန်လူမျိုးက အဂတိကင်းစင်ပြီး ဗမာလူမျိုးက အဂတိ ထူပြောသည်ဟု မှတ်ချက်ချရန် သင့်၊ မသင့်။ ဗမာလူမျိုးက အဂတိကင်းစင်ပြီး မွန်လူမျိုးက အဂတိပွားသည်ဟု ကောက်ချက်ချရန် တော်၊ မတော် ဆိုသော အခင်းအကျင်းတွင် လူသားတဦးမှန်လျှင် မည်သည်ကဲ့သို့သော ထိုးသွင်းညဏ်ဖြင့် အဆုံးအဖြတ် ပေးမည်နည်း။ အဂတိလိုက်စားမှုသည် စနစ်တရပ်ကြောင့် ဖြစ်ပါသလား၊ လူတဦးချင်း၏ ကိုယ်ကျင့်တရာတခုတည်း၊ အသက်မွေးဝမ်းကြောင်း အခက်အခဲတွေကြောင့်လား၊ တိုင်းပြည်ဝန်ထမ်းဖြစ်သောကြောင့်လား။ ဝမ်းစာမပြည့်သောကြောင့်လား၊ စသော မေးခွန်းများစွာရှိသည်။ အဂတိလိုက်စားမှုသည် အမှန်စင်စစ် အုပ်ချုပ်ရေး ယန္တယားနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိသည်။

အုပ်ချုပ်ရေးဥပဒေ အားနည်းလေလေ အဂတိလိုက်စားမှု ထူပွားလေလေ ဖြစ်သည်။ တိုင်းပြည်တရပ်တွင် လက်တွေ့ ကျင့်သုံးသော အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများသည် လူထုတရပ်လုံးကို မည်မျှသော အတိုင်းအတာဖြင့် အကာအကွယ် ပေးသနည်း။ ၎င်းတိုင်းပြည်တွင် ကျင့်သုံးသော ဥပဒေအရပ်ရပ်သည် လူမျိုးတမျိုး (တခုတည်း) ကိုသာ အကာအကွယ်ပေးရန် ချမှတ်ပါသလား။ မွန်ပြည်နယ်တွင် နှစ်ပေါင်း (၇၀) နီးပါးမျှ အုပ်ချုပ် လက်ဝါးကြီးအုပ်ထားသည့် အုပ်ချုပ်ရေးအရာရှိများသည် ဗမာလူမျိုးဖြစ်သည်အလျောက် ၎င်းတို့ လူမျိုးကောင်းစားရေး၊ အဆင်ပြေရေး၊ အပေါ်စီးရယူရေးအတွက် ဆက်လက် အုပ်ချုပ်သွားမည်လော။ ပြည်သူ့ဝန်ထမ်းဟူသည့် တိုင်းရင်းသားအချိုးကျ သတ်မှတ်ရန် အစီအစဉ် ရှိပါသလား။ မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်အစိုးရ ဝန်ထမ်းကိုသာ ခန့်အပ်ပြီး၊ ၎င်းတို့ လူမျိုးကိုသာ အလုပ်ပေးမည်လား။ ဤမေးခွန်းများကို အဖန်ဖန် မေးရုံမျှဖြင့် ဖက်ဒရယ်စနစ်တရပ် ထူထောင် တည်ဆောက်ရာတွင် မည်မျှ ခက်ခဲသော အသွင် ကူးပြောင်းမှုများကို ကျော်လွှားမည်ကို သိသိသာသာ နားလည်ပေသည်။

မွန်ပြည်နယ်အစိုးရ ဝန်ထမ်းများ၏ ပွင့်လင်း မြင်သာသော စီမံခန့်ခွဲမှုကို လက်တွေ့ကျကျ စိစစ်မည်ဆိုဵပါက ၎င်းတို့ ၏ လမ်းဖောက် တံတားဆောက်ရုံစီမံကိန်အား အောင်မြင်မှုရှိ/ မရှိ၊ ငွေကြေးကုန်ကျမှုအပိုင်းကို စီစစ်ခြင်း မဟုတ်ပေ။ မွန်ပြည်နယ်အစိုးရ တရပ်လုံးတွင် လည်ပတ်နေသော ဌာနဆိုင်ရာ အားလုံး လူထုအပေါ် မည်မျှ တာဝန်သိမှု၊ တာဝန်ယူမှု တည်းဟူသော တိုင်းတာချက်နှစ်ခုနှင့် အခြေခံ စဉ်းစားရမည်။ မွန်ပြည်နယ်အစိုးရ ဝန်ထမ်းများကို တာဝန်ပေးရာတွင်လည်း အဂတိကင်းစင်သည့် အနေအထားကိုလည်း တပါတည်း စဉ်းစားရမည် ဖြစ်သည်။ လူမျိုးတမျိုးတည်းအပေါ် ဗဟိုပြု အစွဲပြုပြီး အုပ်ချုပ်ရေး အခင်းအကျင်းကို လုပ်ကိုင်ဆောင်ရွက်လျှင် လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော်ကျော်က အစိုးရအဆက်ဆက်မှ ကျင့်သုံးသွားသော အုပ်ချုပ်ရေး အခင်းအကျင်းကို ပြန်လည်သုံးသပ်ရန် ရှိသည်။ အစိုးရတရပ်ဟူသည် လူထုကိုသာ တိုက်ရိုက်ဆက်စပ်သည့် အလျှောက် လူမျိုးအရသော်၎င်း၊ ဘာသာရေးအရသော်၎င်း၊ ကျားမလိင်ပိုင်းဆိုင်ရာအရသော်၎င်း၊ အသားအရောင်ခွဲခြားမှုအရ သော်၎င်း၊ ခွဲခြားခန့်အပ်မှု ဖြစ်လာလျှင် ပြည်သူများအကြားတွင် မလိုလားအပ်သော ပြဿနာပေါင်း ထောင်နှင့်ချီ ဖြစ်လာဖွယ် ရှိသည်။ အမှန်စင်စစ် ပြည်သူ့ဝန်ထမ်းဟူသည် သာမန်အရပ်သားထက် စည်းကမ်းအရ၎င်း၊ ကိုယ်ကျင့်တရားအရ၎င်း၊ အသိအမြင်အရ၎င်း၊ အတွေးအခေါ်အရ၎င်း သာ၍ပင် မြင့်မြတ်ရမည့်သူများ ဖြစ်သည်။ ခေတ်သစ် ဖက်ဒရယ်စနစ်တရပ် ပြန်လည်ထူထောင်မည် ဆိုပါက အုပ်ချုပ်ရေး ယန္တယား အစိတ်အပိုင်းအားလုံးကို ပြန်လည်ပြုပြင်ရမည် ဖြစ်သည်။ အစိုးရဝန်ထမ်းတဦးသည် ဥပဒေအရ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာ (တာဝန်ဝတ္တရား) ထက် ကျော်လွန်ပြီး လုပ်ပိုင်ခွင့် မရှိစေရ။ မွန်လူမျိုးဝန်ထမ်း၊ ဗမာလူမျိုးဝန်ထမ်း၊ ကရင်လူမျိုးဝန်ထမ်း၊ ပအိုဝ်းလူမျိုးဝန်ထမ်း စသော တိုင်းရင်းသား ဘာသာစကား ကွဲပြားသော်လည်း အစိုးရဝန်ထမ်း ဖြစ်လာလျှင် ပြည်သူ့ဝန်ထမ်း ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းသည် ပြည်သူနှင့် အလုပ်လုပ်ရာတွင် ခွဲခြားဆက်ဆံမှုရှိမည်၊ အချို့ သော ပြည်သူတို့အား မျက်နှာပေးအလုပ်လုပ်လျှင် အဂတိလိုက်စားမှုတမျိုး ဖြစ်သည်။ ထိုအခင်းအကျင်းသည် ဒီမိုကရေစီစနစ်တွင်လည်း ကင်းစင်ပပျောက်ရမည် ဖြစ်သည်။ မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ ရောနှောနေထိုင်လာသည့်အတွက် ခေတ်သစ် မွန်ပြည်နယ်အစိုးရတွင် ကျင့်သုံးအပ်သော တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူရေးမူဘောင်နှင့် မူဝါဒ (Multicultural Equality Framework and Policy) ရှိသင့်သည်။ မွန်လူမျိုးဟူသည် ရာမညတိုင်းပြည်မှ သက်ဆင်းလာသည် အားလျှော်စွာ မွန်စကားပင် မပြောတတ်သော်လည်း မွန်သမိုင်းကြောင်းနှင့် မွန်လူမျိုး၏ အစဉ်အလာကို လေးစား တန်ဘိုးထားသော မွန်သွေးပါသူတိုင်း (သို့မဟုတ်) မွန်သွေးနှောသူတိုင်း မွန်လူမျိုးအဖြစ် ခံယူနိုင်သည်။ တိုင်းရင်းသား သွေးနှောသူတိုင်း ဗမာ/မြန်မာ အဖြစ် ခံယူလိုက်ပါက တိုင်းရင်းသားလူမျိုး တဖြည်းဖြည်းဖြင့် လျော့နည်း လာသည်။ ခေတ်သစ် မွန်ပြည်နယ် အောင်မြင်စွာ တဖန်ထူထောင်ပြန်နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံ တန်းတူရေးမူဘောင်နှင့် မူဝါဒရေးရာတွင် ပညာရှင်များနှင့် ခေတ်သစ်နိုင်ငံရေးသမားများ အလေးအနက် စဉ်းစားရန် တိုက်တွန်းအပ်သည်။ တိုင်းပြည်အရပ်ရပ်တွင် ကျင့်သုံးသော အုပ်ချုပ်ရေးဥပဒေသည် အဂတိလိုက်စားမှုကိစ္စတွင် အရေးပါသော ဥပဒေတရပ်ဖြစ်သည်။ အဂတိလိုက်စားမှုသည် ငွေရေး ကြေးရေးမျှသာ မဟုတ်ပဲ အာဏာခွဲဝေရာတွင်၎င်း၊ ဝန်ထမ်း ခန့်အပ်မှုတွင်၎င်း၊ စီးပွားရေး လုပ်ကွက်သတ်မှတ်ပေးရာတွင်၎င်း၊ စီမံကိန်း သတ်မှတ်ချမှတ်ရေးတွင်၎င်း၊ အကောက်ခွန် ကောက်ယူရန် ဥပဒေချမှတ်ရေးတွင်၎င်း အစိုးရလုပ်ငန်းအားလုံးတွင် ဖြစ်ပေါ်လာနိုင်ပြီး (ဝန်ဆောင်မှု) ထိုယန္တယားတို့အား အသေးစိတ် စိစစ်မှသာလျှင် ပွင့်လင်းမြင်သာသော မွန်ပြည်နယ်အစိုးရ၏ အရည်အသွေးကို ပေါ်ပေါ်လွင်လွင် သိမြင်ပေလိမ့်မည်။

ပွင့်လင်း မြင်သာသော မွန်ပြည်နယ်အစိုးရတရပ် ကောင်းမွန်စွာ ဖွဲ့စည်းရန် မွန်တိုင်းရင်းသား (လူမျိုး) တစုတည်းသာ ဦးဆောင်သော အနေအထားတော့ မဟုတ်ပေ၊ ပြည်နယ်အတွင်း မည်သူမဆို ပါဝင်ရမည် ဖြစ်သည်။ မွန်လူမျိုးအများစု နေထိုင်သော မွန်ပြည်နယ်တွင် မည်သည့်အစိုးရတရပ် ဖွဲ့စည်းစေကာမူ၊ ပွင့်လင်းမြင်သာသော မွန်ပြည်နယ်အစိုးရတရပ် ထူထောင်ရန် ပညာရှင်များအပြင် ဒေသခံ တိုင်းရင်းသားခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ်၊ အရပ်သား ဝန်ဆောင်မှုလုပ်ငန်း၊ စီးပွားရေးပညာရှင်၊ ဥပဒေရေးရာ ပညာရှင်အပြင် လုပ်ငန်းအလိုက် စုံစမ်း စစ်ဆေးသောအဖွဲ့၊ ဒေသအလိုက်၊ ဌာနအလိုက် လုပ်ငန်းခွင်တွင် သာတူညီမျှသော လုပ်ပိုင်ခွင့် စသော အခင်းအကျင်းများတွင် မွန်ပြည်နယ်အစိုးရကို ဦးဆောင်သူတိုင်း တိတိပပ တာဝန်ရှိသည်။ မွန်ပြည်နယ်အစိုးရ ဟူသည် လူထုကို သာလျှင် ကိုယ်စားပြုရသည် အားလျော်စွာ အသားအရောင်ခွဲခြားမှု (ဘာသာ၊ စကား၊ တိုင်းရင်းသား) ကို ခွဲခြားပြီး အုပ်ချုပ်ရေးတွင် လမ်းစဉ်တရပ်အဖြစ် ကျင့်သုံးလျှင် အာဏာရှင်ဆန်သော အစိုးရဖြစ်လာပြီး လူမှုရေး စီးပွားရေးနှင့် လူမှုရေးဝန်ကျင် အေးချမ်းသာယာမှု ဂယက်ရိုက်စေသည်။ ဗမာလူမျိုးအများစု ဦးဆောင်သော အရပ်သားအစိုးရ/ စစ်အစိုးရသည် နှစ်ပေါင်း (၇၀) ကျော် အုပ်ချုပ်လာခဲ့သော်လည်း ပြည်သူများအတွက် သာတူညီမျှသော အကျိုးခံစားခွင့် ပြည်သူ့ဝန်ဆောင်မှုကို တာဝန်သိသိ၊ တာဝန်ရှိရှိ မဆောင်ရွက်တတ်၊ မဆောင်ရွက်နိုင်၊ မဆောင်ရွက် လိုသောကြောင့် ပြည်ထောင်စု ယိုယွင်း ပျက်စီးနိမ့်ကျလာခဲ့သည်။ သို့သော် မိမိတို့ အရည်အချင်း မရှိမှု၊ နိုင်ငံရေးလောဘတို့ ကြောင့် တိုင်းပြည်ဆုတ်ယုတ်သည်ကို ပြည်တွင်းစစ်ကြောင့်ဟု အပြစ်ပုံချသည်။
ပွင့်လင်းမြင်သာသော မွန်ပြည်နယ်အစိုးရသည် ဥပဒေနှင့်အညီ ပေါ်ပေါက်လာပြီး တရားမျှတမှုအတွက် ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဗမာတိုင်းရင်းသား ဦးဆောင်လာသည့် အရပ်သား/ စစ်အစိုးရခေတ် အဆက်ဆက်တွင် သိမ်းပိုက်ခဲ့သော တပ်ပိုင်မြေ၊ အစိုးရပိုင်မြေ၊ စက်မှုဝန်ကြီးဌာနပိုင်မြေ စသည့် အမိန့်များ ချမှတ်ပြီး သိမ်းဆည်းခဲ့သော မြေယာများကို ရောင်းချသည်ဖြစ်စေ၊ ကိုယ်ပိုင်မြေဖြင့် သိမ်းယူသည်ဖြစ်စေ၊ မိမိအစိုးရအဖြစ် တာဝန်ယူစဉ်ကာလတွင် နည်းအမျိုးမျိုးဖြင့် ဥပဒေလက်တလုံးကြား လုပ်ပြီး ရောင်းစားခြင်း ရယူခြင်းတို့ သည် အဂတိလိုက်စားခြင်းသာ ဖြစ်သည်။ ယခင် အစိုးရများလက်ထက်တွင် အစိုးရအရာရှိ စစ်တပ်အရာရှိများသည် အခြားပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှင့် အခြားစက်ရုံများနှင်း အစိုးရစီမံကိန်းလုပ်ငန်းများကြောင့် လစာမဆိုသလောက်သာ ရှိသည့် အစိုးရအရာရှိများမှာ သာမန်ထက် ချမ်းသာနေသည်ကို တွေ့ ရပေမည်။

ထို့ကြောင့် အဂတိလိုက်စားမှုကို ကာကွယ်ရန် တင်းကြပ်သော ဥပဒေများ ချမှတ်ရုံဖြင့် မလုံလောက်ချေ။ အစိုးရ ဝန်ထမ်းဖြစ်စေ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းဖြစ်စေ၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဝန်ထမ်းများဖြစ်စေ၊ မည်သူမဆို မိမိ၏ လုပ်အားခကို အသက်မွေးဝမ်းကြောင်း ဖူလှုံရေးအတွက် အစိုးရတရပ်၏ အုပ်ချုပ်ရေးအစိတ်အပိုင်းတွင် စဉ်းစားပေးရမည် ဖြစ်သည်။ အမှန်စင်စစ် အစိုးရဝန်ထမ်းများသည် မိမိတို့ ၏ မိသားစုအတွက် ာက် လုံလောက်သောလစာ (ထောက်ပံ့စုငွေ) များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ပင်စင်နှင့်အိုမင်းသည့်အခါ အထောက်အပံ့များ မရှိခဲ့လျှင် ၎င်းတို့ အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရန်မှာ မအောင်မြင်ချေ။ အစိုးရ ဝန်ထမ်းများသည် မိမိတို့ မိသားစု၏ စားဝတ်နေရေးကိစ္စအပြင် အခြားကိစ္စဖြစ်သည့် ပညာရေး၊ ကျန်မားရေးစောင့်ရှောက်မှုစရိတ်တို့ တွင် ငွေကြေးကုန်ကျသည့်အတွက် ၎င်းတို့ တဦးချင်းစီ၏ လစဉ် ဝင်ငွေထွက်ငွေ၊ နှစ်စဉ်ကုန်ကျစရိတ်၊ အိုစာနာစာ စုငွေ စသည့် လူမှုဖူလုံရေးကို အစိုးရတရပ်က စဉ်းစားပေးမှသာ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မည် ဖြစ်ပေသည်။

(၄) မွန်ပြည်နယ်အတွင်း တိုင်းရင်းသားများ၏ အတူယှဉ်တွဲ နေထိုင်ရေးအစီအစဉ်များ
တိုင်းရင်းသားဟူသော ဝေါဟာရသည် တိမ်မယောင်နက် လွယ်မယောင်ခက်သော နိုင်ငံရေးဝေါဟာရ ဖြစ်ပြီး ရှည်လျားသော သမိုင်းကြောင်း မိမိတို့ ၏ နယ်မြေတွင် အစဉ်တစိုက် နေထိုင်လာသည့် မတူညီသည့် လူမျိုးများကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးကြီး (၈) မျိုးနှင့် အခြားသော တိုင်းရင်းသားလူမျိုး အများအပြား ရှိသည်။ မိမိလူမျိုး၏ သမိုင်းကြောင်း၊ ပိုင်ဆိုင်သည့် နယ်မြေ၊ ဘာသာစကား၊ စာပေယဉ်ကျေးမှုများအပေါ် အခြေခံပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသော နိုင်ငံရေးတောင်းဆိုချက်လည်း ပေါ်လာသည်။ ဤကိုယ်ပိုင်ပြဌာန်းခွင့် ဆိုသည့် နိုင်ငံရေးတောင်းဆိုချက်ကို ဗမာဗဟိုပြု နိုင်ငံရေးသမားများမှ အလေးအနက် သဘောမထားပဲ၊ စစ်ရေးခေါင်းဆောင်များမှ ၎င်းစကားလုံးအား ပြည်ထောင်စုမှ ခွဲထွက်ရေးဟု အဓိပ္ပာယ် သတ်မှတ်ကာ ပြည်တွင်းစစ် ကျူးကျော်စစ်ကို ဆင်နွဲလာခဲ့သည်။ မွန်၊ ကရင်၊ ဗမာ၊ ပအိုဝ်း၊ ပလောင် စသော တိုင်းရင်းသားများသည် အောက်မြန်မာပြည်တွင် နှစ်ပေါင်းထောင်ချီ ကူးလူးဆက်ဆံ အတူ နေထိုင်လာသည့်အလျှောက် လူမျိုးအချင်းချင်းအကြားတွင် ပေါင်းသင်း ဆက်ဆံလာသည်။ ဤအရှိတရားကို အသွင်ကူးပြောင်းရေးကာလတွင် မည်သူက ဦးဆောင်သည်ဖြစ်စေ၊ မည်သည့်လူမျိုးက အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့သည်ဖြစ်စေ၊ ဤမတူကွဲပြားမှုကို အသိအမှတ် ပြုရပေလိမ့်မည်။ တိုင်းပြည်တခုတွင် တိုင်းရင်းသား လူမျိုးများ နေထိုင်ကြခြင်း၊ လူဦးရေအရေအတွက်အရ ကွာဟမှုလူမျိုးများ တည်ရှိနေခြင်း၊ မတူညီသည့် ကိုးကွယ်ယုံကြည်မှုများ ရှိနေခြင်း၊ နိုင်ငံရေးအရ အင်အားကြီးမားသည့် နိုင်ငံရေးပါတီရှိနေခြင်းနှင့် ဒေသ/လူမျိုးအနည်းငယ်ကိုသာ ကိုယ်စားပြုသည့် နိုင်ငံရေးပါတီငယ်များ ရှိနေခြင်း ဤမတူညီ ကွဲပြားမှုကို သွေးထွက်သံယိုကင်းစွာဖြင့် အုပ်ချုပ်နိုင်သည့် အမျှော်အမြင်ကြီးသည့် ခေါင်းဆောင် လိုအပ်ပေလိမ့်မည်။

မွန်တိုင်းရင်းသားဟူသည်မှာ မွန်စကား ပြောတတ်သော မွန်လူထုမျှသာ မဟုတ်ချေ။ မွန်လူမျိုးဟူသည်မှာ ရာမညတိုင်းသုံးတိုင်း (ကုသိမမဏ္ဍလ၊ ဟံသာဝတီမဏ္ဍလ၊ မုတ္တမမဏ္ဍလ) တည်းဟူသော မြန်မာပြည် အောက်ပိုင်းတွင် နေထိုင်သည့် မွန်အမျိုးရိုး (သို့ မဟုတ်) မွန်သွေးပါသူတိ့ု ဖြစ်ပါသည်။ သမိုင်းကြောင်းအရ ပြန်စမ်းစစ် ကြည့်သည့်အခါ ဗမာပဒေသရာဇ်တို့၏ အုပ်ချူပ်မှုအောက်တွင် နှစ်ပေါင်းနေထိုင်ခဲ့သည့် မွန်အမျိုးရိုးအများစုကား မွန်စကားကို မပြောတတ်သော်လည်း မိမိကိုယ်တိုင် မွန်လူမျိုးဟု ခံယူသော စိတ်ဆန္ဒရှိလျှင် ၎င်းတို့ မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် ‘မွန်’ ဟု ပြင်ဆင် ထုတ်ပေးသင့်မည်။ လူသားဟူသည် ဘာသာစကားများစွာ သင်ယူ တတ်မြောက်သည်။ လူသားတဦးအနေဖြင့် ၎င်း၏ အမျိုးရိုးဗီဇ (မျိုးအနွယ်) ကို ၎င်းတို့၏ ဘိုးဘွားဘီ်ဘင်မှတဆင့် ဆက်စပ်ပြီး သိရှိလာသည့်အခါ ၎င်း၏ စိတ်သဘောထားအတိုင်း လူမျိုးအဖြစ် ပြောင်းလဲနိုင်သည့် အခွင့်ရေးရှိသည်။ မည်သူမျှ ပိတ်ပင်တားမြစ်ပိုင်ခွင့်မရှိချေ။ ဤကား မူလဘူတလူ့အခွင့်အရေးဖြစ်သည်။

မွန်ပြည်နယ်တွင် နေထိုင်သော ပြည်သူတဦးအနေဖြင့် လူမျိုးစုကြောင့်ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာတရားကြောင့်ဖြစ်စေ၊ ပြောဆိုသည့် ဘာသာစကားဖြစ်စေ အငြင်းပွားစရာမလိုပဲ၊ ခွဲခြားဆက်ဆံခြင်းမှ လွတ်ကင်းကာ တရားမျှတသော လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးအတွက် ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေမှ အကာအကွယ်ပေးရမည် ဖြစ်သည်။

(၅) ခေတ်သစ် ရာမညမွန်ပြည် (နယ်) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုရေး။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် စိတ်ကူးစိတ်သန်းကား စည်းလုံးညီညွတ်မှုပြိုကွဲနေခြင်းကို ပြန်လည်စုစည်းရန်၊ တိုင်းရင်းသားများ အတူယှဉ်တွဲနေထိုင်ရေး တန်းတူအခွင့်အရေးဖန်တီးပေးရန် စသော ရည်မှန်းချက်များ ထားရှိပြီး တိုင်းရင်းသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစုတို့မှ ၁၉၈၈ ခုနှစ်မှ ယနေ့တိုင်အောင် ဆက်လက် ရုန်းကန်လျှက် ရှိသည်။ တိုင်းရင်းသားလူမျိုး အများစုကား ကိုယ်ပိုင်ပြဌာန်းခွင့် ဟူသည့် နိုင်ငံရေးပန်းတိုင်၊ မိမိတို့ လူမျိုးအများစု နေထိုင်ရာ နယ်မြေအား ပြည်နယ်အဖြစ် ဖွဲ့ စည်းရန် ရည်မှန်းချက်တို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပြီး နိုင်ငံရေးပြဿနာ ဖြေရှာမှုတွင်လည်း ပါဝင်ဆွေးနွေးခဲ့ပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများသည် နိုင်ငံရေးမဟာမိတ် (သို့ တည်းမဟုတ်) စစ်ရေးမဟာမိတ် ပုံစံဖြင့် တိုက်ခိုက်ခဲ့ခြင်းအနည်းတူ အချို့ အဖွဲ့ အစည်းများ ဗဟိုအစိုးရနှင့် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် ရယူကာ နိုင်ငံရေး နည်းလမ်းများစွာဖြင့် ကြိုးစားအဖြေရှာခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲဖြစ် ရုန်းကန်လာသည်မှာ နှစ်ပေါင်း (၇၀) ရှိပြီဖြစ်သည်။ ၁၉၉၀ နှောင်းပိုင်းတွင် တိုင်းရင်းသားခေါင်ဆောင်များမှ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် သဘောတူညီချက်အပေါ် အခြေပြုပြီး မိမိတို့ တွေ့ကြုံဖြတ်သန်းခဲ့သော ပြည်တွင်းပြည်ပ အတွေ့အကြုံ၊ လေ့လာမှု အရပ်ရပ်ကို အခြေပြုပြီး လွတ်မြောက်နယ်မြေတွင် ၁၉၉၂ မှ ၂၀၀၈ သို့တိုင်အောင် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ လုပ်ငန်းစဉ်ကို တိုင်းရင်းသား ဥပဒေရေးရာပညာရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံခြားပညာရှင်တို့ စုစည်းပြီး ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်း အခြေခံဥပဒေ ဒုတိယမူကြမ်းအထိ ရေးဆွဲပြီးစီးကာ ဒေသအလိုက်၊ လူမျိုးစုအလိုက် မိမိတို့ ပြည်နယ်၏ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ဆွေးနွေးပြီး ရေးဆွဲခဲ့ကြသည်။
သို့ ရာတွင် ၂၀၁၂-၂၀၁၅ အပစ်ခတ်ရပ်စဲရေးကာလများတွင် တိုင်းရင်းသားခေါင်းဆောင်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ ဆွေးနွေးမှုကို ထိုခေတ်ကာလက အစိုးရအာဏာ ဆုပ်ကိုင်ထားသည့် သမတဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးပါတီအစိုးရနှင့် လက်တွေ့ကျကျ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ပေ။ ဖက်ဖရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာကို ပွင့်ပွင့်လင်းလင်း အမြင်ဖလှယ်ခွင့် မရှိခဲ့ပေ။

ထိုကာလများတွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်များအနေဖြင့် မွန်နိုင်ငံရေး အင်အားစုများ၊ အရပ်ဖက် လူထုအဖွဲ့ အစည်များ၊ ဖွဲ့ စည်းပုံပညာရှင်များနှင့် ၂၀၀၂ မှ ၂၀၀၆ တိုင်အောင် ဖက်ဒရယ်ဖွဲ့ စည်းပုံတွင် ရှိသင့်ရှိထိုက်သည့် မွန်ပြည် (နယ်) ပေါ်ထွန်းရေးအတွက် ပဏာမ (ရာမညမွန်ပြည်) ဟုသတ်မှတ် ခေါ်ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) တရပ် ရေးဆွဲခဲ့သည်။ ဤဖွဲ့စည်းပုံအခြေခံဥပဒေကို မွန်ဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ သုံးဘာသဖြင့် ရေးသားပြန်ဆိုပြီး နီးစပ်သော မွန်နိုင်ငံရေးအင်အားစုများ၊ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင်အားစုများ လက်ဝယ်သို့ ဖြန့်ချီနိုင်ခဲ့သည်။ ဗမာလူမျိုးမှအပ အခြားသောတိုင်းရင်းသားလူမျိုးများတွင် မိမိတို့ ပြည်နယ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေများကို အသီးသီးရေးသားခဲ့သည်။

(*မှတ်ချက်။ ဤစာတမ်းရေးသားသူသည် ၂၀၀၂ တွင် ဖွ့ဲစည်းသော ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီတွင် နည်းပညာအထောက်အကူပြုနှင့် သုတေသနအဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။)

မွန်တိုင်းရင်းသား အသိပညာရှင်၊ နိုင်ငံရေးအင်အားစုနှင့်အတူ မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်များသည် (၁၉၉၅) ခုနှစ်ကတည်းက ယခင်က နဝတစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အမှန်စင်စစ်အားဖြင်း မွန်လူထုများသည် စစ်တိုက်ခြင်းထက်၊ နိုင်ငံရေးအရ ထကြွနိုးကြားခြင်း၊ တိုင်းရေးပြည်ရေးကိစ္စရပ်များကို အလေးထားပြီး ဗမာခေါင်းဆောင်များနှင့်အတူ ဗြိတိသျှလက်ထက်ကတည်းက လွတ်လပ်ရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုများဖြင့် အတူတကွ ရုန်းကန်ခဲ့ပေသည်။ ဆာဂျေအေမောင်ကြီး၊ ဦးစံလှိုင်တို့ကား မွန်တိုင်းရင်းသား ခေါင်ဆောင်များ ဖြစ်ပြီး ဗမာခေါင်းဆောင်များနှင့် ပူးပေါင်းပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ပေသည်။

ယခု ခေတ်သစ် မွန်နိုင်ငံရေးတွင်လည်း မွန်ပြည်သစ်ပါတီမှ မွန်လူမျိုးတို့အား ဦးဆောင်ပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတွင် တိုင်းရင်းသားပြည်သူများအတွက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ရရှိရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ တချိန်တည်းတွင် အနာဂတ်ရာမည မွန်ပြည် (နယ်) တွင် အရည်သွေး အပြည့််အဝ ရှိသော အစိုးရတရပ်အနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးရန်၊ လက်တွေ့ကျသော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို ဆက်လက်ရေးသားပြီး မွန်ပြည်နယ်အတွင်း နေထိုင်သည့် အခြားသော တိုင်းရင်းသား လူမျိုးများနှင့် အေးအတူ ပူအမျှ အတူတကွ အသက်ရှင်နေထိုင်ကြရန် အမြော်အမြင် ကြီးမားစွာဖြင့် ဆက်လက် နည်းလမ်းရှာခဲ့သည်။

ယခုလက်ရှိ ရေးသားထားသည့် ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေသည် အားနည်းချက်များစွာ ရှိသော်လည်း ဆက်လက်ပြီး ပြီးပြည့်စုံသော ဖက်ဒရယ်သဘောတရားကို အလေးထားပြီး ဒီမိုကရေစီကျင့်စဉ်ကို တန်ဘိုးထားသော ရာမညမွန်ပြည် (နယ်) ဖွဲ့စည်းအခြေခံဥပဒေနှင့် ပြည်ထောင်စု (မြန်မာနိုင်ငံ) ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာရေး အစအလယ်အဆုံးကောင်းခြင်း သုံးဖြာနှင့် ဆက်လက် နည်းလမ်းရှာဖွေပြီး ဆက်လက်ဆွေးနွေး၊ ဆက်လက်ရေးဆွဲရန် အလွန်အရေးကြီးသည့် နိုင်ငံရေးတာဝန်ဖြစ်သည်။
Email: banya.hongsarnai@gmail.com

Download in PDF 

Share.

About Author

Leave a Reply