လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်
(နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စစ်အာဏာသိမ်းမှု (၉)လကျော်ကြာအချိန်တွင် နိုင်ငံ အနှံ့အပြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပြည်တွင်းမငြိမ်သက်မှုများ ဆက်လက်ဖြစ်ပေါ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ နေရာဒေသအသီးသီးတွင် အာဏာသိမ်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အဓိက ပစ်မှတ်ထားပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ မလည်ပတ်နိုင်အောင် ၎င်းခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စစ်ကောင်စီကို အနီးကပ်သတင်းပေးသူ ဒလန်ဆိုသူများကို ဖိအားပေး ခြိမ်းခြောက်၍သော်လည်းကောင်း၊ လုပ်ကြံသတ်ဖြတ်၍ သော်လည်းကောင်း ပြုလုပ်လျက် ရှိသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ဌာနဆိုင်ရာ အဆောက်အဦးများ၊ ရုံးများကိုလည်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အလားတူပင် တိုင်းရင်သားဒေသတချို့တွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများကို စစ်ကောင်စီဘက်မှ ဆက်လက်ကျူးလွန်လျက်ရှိသည်။ စစ်ပွဲဒဏ်ကြောင့် စစ်ဘေးရှောင်ပြည်သူ အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
မြန်မာနိုင်ငံသည် စီးပွားရေး လူမူရေး အဘက်ဘက်မှ ချွတ်ခြုံကျသွားခဲ့သည်။ ထို့အပြင် မကြာသေးခင်နှစ်ကမှ အာရှတွင် ဖွံ့ဖြိုးမှု အမြန်ဆုံး သတ်မှတ်ခံရသည့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် စစ်အာဏာသိမ်းမှု၏ ရလဒ်ကြောင့် စီးပွားရေးပြိုလဲမှု အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ အခြေအနေမှာ နိုင်ငံခြားကုမ္ပဏီကြီးများ ထွက်ခွာဖို့ရန် ပြင်ဆင်နေကြပြီး ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် တယ်လီနော ကုမ္ပဏီကလည်း စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းတွင် အရှုံးခံပြီး မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ စီးပွားရေးပြိုလဲမှု၏ ရလဒ်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေကြသူများသည် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ၊ မပြေလည်မှုဒဏ်ကိုလည်း ကြုံတွေ့ရသည်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ သတိပေးချက်အရ မြန်မာနိုင်ငံ၏ ယခုနှစ်တွင် လူပေါင်း ၃ ဒဿမ ၄သန်းကျော် စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့ရမည်ဟု သတိပေး ပြောဆိုခဲ့သည်။ ဘဏ်စနစ်များလည်း ယိုယွင်းပျက်ဆီးသွားပြီး ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသောကြောင့် ဘဏ်ကိုသာ အဓိကထား မှီခိုနေရသည့် စီးပွားရေး လုပ်ငန်းတော်တော်များသည် အခက်အခဲတွေ့ပြီး ရပ်တန့်သွားသည့်အခြေအနေအထိ ကြုံတွေ့ရသည်။ အလားတူပင် ပြည်သူများလည်း ဘဏ်မှ ငွေသွင်း၊ ငွေထုတ် ကိစ္စရပ်များနှင့် ပတ်သက်ပြီး အခက်အခဲနှင့် ရင်ဆိုင်ကြရသည်။ ၎င်းအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်များ ယိုယွင်းပျက်ဆီးသွားခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းအများအပြား အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်လာခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်များ ယိမ်းယိုင်နေချိန်တွင် ကိုဗစ် (၁၉) တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို ထပ်မံကြုံ တွေ့ရသောကြောင့် ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများသည် ယခင် NLD အစိုးရလက်ထက်မှ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းထက် အဆမတန် မြင့်တက်လာခဲ့သည်။ အာဏာသိမ်းစစ်အစိုးရသည် ကိုဗစ် (၁၉) တတိယလှိုင်းကို ထိရောက်စွာ ကိုင်တွယ် ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ပြည်သူများ အထိနာခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါ တတိယလှိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ပြန်လည်ပိတ်ခဲ့ရသည်။ ယခုတစ်ဖန် စစ်အစိုးရက နိုဝင်ဘာလ (၁) ရက်နေ့တွင် ဒုတိယအကြိမ်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတချို့မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသား အနည်းငယ်သာ ကျောင်းပြန်တက်ပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း အာဏာသိမ်း စစ်အစိုးရ၏ ပညာရေးစနစ်အောက်တွင် ကျောင်းဆက်မတက်ရန် ဖိအားပေး ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်လျက် ရှိပေသည်။