လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute for Civic Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် ပြည်တွင်းမတည်ငြိမ်မှုများ ဆက်လက်အရှိန်အဟုန် မြင့်မားလျက်ရှိသည်။ အချို့ဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာနေဆဲပင်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် လူငယ်များ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းမောင်းသန် လျက်ရှိသည်။ မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး မဏ္ဍိုင်များ မလည်ပတ် နိုင်အောင် စစ်အာဏာရှင် ဆန့်ကျင်သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအား ဖိအားပေးခြိမ်းခြောက်မှုများဖြင့်သော်လည်းကောင်း၊ လုပ်ကြံသတ်ဖြတ် မှုများဖြင့်သော်လည်းကောင်း၊ ဌာနအသီးသီးများကို ဗုံးခွဲတိုက်ခိုက်၍သော်လည်းကောင်း ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ (၁၉၈) ဦးခန့် သေဆုံးပြီး (၁၄၈) ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ၎င်းအပြင် စစ်ကောင်စီနှင့် နီးစပ်သူ ဒလန်ဟု စွပ်စွဲရခံရသူအများအပြားလည်း လုပ်ကြံသတ်ဖြတ်ခံရသည်။ စစ်ကောင်စီသည် ဒေသအသီးသီးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အထိနာနေသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အချို့နှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် လူ့အခွင့်အရေးကို လျစ်လျူရှုပြီး အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ၎င်းကို အထိနာစေသော မြို့ ရွာများအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းကဲ့သို့ စသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမို လုပ်ဆောင်လာခဲ့သည်။ စစ်ရေးပဋိပက္ခများ ပိုမိုများပြား လာသောကြောင့် ပြည်သူလူထုအတွက် လုံခြုံမှု ကင်းမဲ့သည့်ဘဝသို့ ရောက်ရှိနေသည်။
မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီး (၁၀) လအကြာတွင် ကျန်မားရေးနှင့် စီးပွားရေး အခြေအနေများ ပိုမို ဆိုးရွားလာခဲ့သည်။ ယခင် ဒီမိုကရေစီ အစိုးရ လက်ထက်၏ တိုးတက်ပြောင်းလဲမှု အများအပြားလည်း မှေးမှိန်သွားခဲ့သည်။ ဘဏ်စနစ်များ ပုံမှန်လည်ပတ်နိုင်မှု မရှိသေးသည့်အပြင် ဒေါ်လာ ဈေးများလည်း မြင့်တက်နေလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုးများ ဖောင်းပွ နေဆဲပင်ဖြစ်သည်။ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့် အခြေခံလုပ်သား အများအပြား စားဝတ်နေရေးအခက်အခဲများ၊ အငတ်ဘေးဒဏ်များ ခံစားနေရဆဲ ဖြစ်သည်။၎င်းအပြင် အခြား အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ၊ အိမ်ဆောက်ပစ္စည်းများ စသည့် မရှိမဖြစ် လိုအပ်သည့် ကုန်စည်များ၊ ကုန်ပစ္စည်းများလည်း ဈေးအနည်းငယ်သာ ကျဆင်းပြီး ယခင်အခြေအနေကဲသို့ မရောက်ရှိသေးပေ။ စစ်ကောင်စီသည် စီးပွားရေးများကို ပုံမှန်လည်ပတ်အောင် မစွမ်းဆောင်နိုင်သေးပေ။ ထို့အပြင် မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ရိုက်ခတ်မှုလှိုင်းများ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ကူးစက်မှုနှုန်းများ တဟုန်းထိုး မြင့်တက်လာသည်။၎င်းအပြင် လက်ရှိကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် အိုမိခရွန် ကိုဗစ်မျိုးပွားသစ်များ၏ ကူးစက်မှုများကို ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံတွင် မည်သည့်အချိန် ရင်ဆိုင်ရမည်ကို ပြည်သူအများအပြားက စိုးရိမ်နေကြသည်။ အာဏာသိမ်းပြီး ၅ လအကြာ စစ်ကောင်စီသည် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းသား အနည်းငယ်သာ တက်ရောက်ပြီး တချို့ တိုက်ပွဲပြင်းထန်နေဆဲ ဒေသများတွင် ကျောင်းများ ဆက်လက်ပိတ်ထားလျက် ရှိသည်။ အလားတူပင် စစ်ကောင်စီက တက္ကသိုလ်များကို လာမည့်၂၀၂၂တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစား ဆောင်ရွက်နေခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ယိုယွင်းပျက်စီးသွားပြီး ဆင်းရဲမွဲတေမှုပြဿနာများ၊ အလုပ်လက်မဲ့ပြဿနာများ မြင့်တက်လာခြင်း နှင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ဘဝသို့ ဆိုက်ရောက်သွားသည့် ပြည်သူများလည်း တစ်နေ့တခြား ပိုမိုများပြား လာသည်ကို တွေ့ရသည်။ ယခုအခြေအနေသာ ဆက်လက်တည်ရှိနေလျှင် ပြည်သူများ ဆင်းရဲဒုက္ခ အမျိုးမျိုး ပိုမိုခံစားရမည် ဖြစ်သည်။