လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

0

လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

( ၂၀၂၂ ဇန်နဝါရီလအတွင်း  မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute for Civic Engagement (RICE) 

အကျဉ်းချုပ်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် နိုင်ငံအနှံ့အပြားတွင် တပ်မတော်နှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာမှုများ အားကောင်း လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ဒေသအသီးသီးတွင် စစ်ရေးမျက်နှာစာများ ပိုမိုကျယ်ပြန့်လာခြင်းနှင့်အတူ တိုက်ပွဲများသည်လည်း မြန်မာ့စစ်တပ်မှ အာဏာသိမ်းချိန်မှစ၍ တစ်နှစ်ရှိပြီဖြစ်သော်လည်း ယနေ့အချိန်အထိ အဆက်မပြတ် ဖြစ်ပေါ် လျက်ရှိသည်။ ဇန်နဝါရီလ ၂၀၂၂နောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား စစ်ရေးထိပ် တိုက်ရင်ဆိုင်မှုများ လျော့နည်းနေသည်ကို တွေ့ရသော်လည်း အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်လက် လျက်ရှိပြီး စစ်တပ်ဘက်မှ လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက် မှုများနှင့်အတူ ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို လုယက်ခြင်း၊ ဖျက်ဆီးခြင်း စသည့် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရပေသည်။ ၎င်းအပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး မဏ္ဍိုင်များ မလည်ပတ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စစ်တပ်သတင်းပေး ဒလံဟုဆိုသူများကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အစိုးရဌာနအသီးသီးက အဆောက်အဦးများကို ဗုံးခွဲတိုက်ခိုက်ခြင်းစသည့် လူ့အခွင့်အရေးနှင့်မညီညွတ်သော ယင်းလုပ်ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကျူးလွန်လျက်ရှိသည်။ အာဏာသိမ်းပြီး (၁)နှစ်နီးပါးအကြာတွင် စစ်ဘေးဒဏ်ကြောင့် စစ်ဘေးရှောင်ဘဝသို့ ဆိုက်ရောက်သွားသည့် ပြည်သူများသိန်းပေါင်းများစွာရှိသည်။ ယခုအခါ အာဏာသိမ်းစစ်ကောင်စီသည် အာဏာကို ဆက်လက် ထိန်းသိမ်းရန် ကာလုံခေါ်ခြင်းနှင့် ကြိုးပမ်းနေသည်ကို တွေ့ရသည့်အပြင် နိုင်ငံတကာသံတမန်ရေးရာတွင်လည်း စင်ပြိုင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် အပြိုင်အဆိုင် နေရာရရှိရန် အားထုတ် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ လက်ရှိမြန်မာနိုင်ငံသည် ဆင်းရဲဒုက္ခအသွယ်သွယ်ကို ရင်ဆိုင်နေရသည်။

ယခင်အစိုးရလက်ထက်ကတည်းက ကိုဗစ်(၁၉)ရောဂါ၏ ရိုက်ခတ်မှုကြောင့် နလံမထူနိုင်သေးသည့် မြန်မာ့စီးပွားရေးသည် တဖန်စစ်အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် ပိုမိုဆိုးရွားသွားသည်။ စီးပွားလုပ်ငန်းအများအပြား ရပ်တန့်သွားခြင်း၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ယိုယွင်းပျက်စီးသွားခြင်း၊ မရေရာမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း စသည့်အကျိုးဆက်များ ရင်ဆိုင်ရပေသည်။ ဘဏ်စနစ်များ ယနေ့အထိ ပုံမှန်လည်ပတ်နိုင်မှု မရှိသေးသည့်အခြေအနေတွင် ဆက်လက်တည်ရှိနေပြီး ဒေါ်လာဈေးများ နေ့စဉ် မြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုးသည် ဖောင်းပွနေဆဲပင်ဖြစ်သည်။ ကုန်ဈေးနှုန်းများ အဆမတန်မြင့် တက်လာခြင်းကြောင့် အခြေခံလုပ်သား မိသားစုအများအပြား စားဝတ်နေရေးအခက်အခဲများ၊ အငတ်ဘေးဒဏ်များ ခံစားနေရခြင်းဖြစ်သည်။ ၎င်းအပြင် အခြားအခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများ၊ အိမ်ဆောက်ပစ္စည်းများစသည့် မရှိမဖြစ် လိုအပ်သည့် ကုန်စည်များ၊ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း ယခင်အခြေအနေသို့ မရောက်ရှိသေးပေ။

စစ်ကောင်စီသည် ဆုတ်ယုတ်သွားသည့်စီးပွားရေးစနစ်များနှင့် ကျန်းမာရေးစနစ်များကို ပြန်လည် မထိန်းချုပ်နိုင်သေးပေ။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ရိုက်ခတ်မှုလှိုင်းများ ယခင်လကတည်းက တဖြည်းဖြည်း ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကူးစက်မှုနှုန်းများ တဟုန်းထိုး မြင့်တက်လာသည်။ ၎င်းအပြင် အိုမိခရွန် ကိုဗစ်မျိုးပွားသစ်များ၏ ကူးစက်မှုများကို နိုင်ငံအတွင်းဒေသအချို့တွင် စတင်ရင်ဆိုင်နေရပြီး ပြည်သူအများအပြားက စတုတ္ထလှိုင်း၏ ရိုက်ခတ်မှုဒဏ်ကို တစ်ဖန်ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြသည်။ ထို့အပြင် စစ်ကောင်စီက ကျောင်းများကို လွန်ခဲ့သည့်လတွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးစား ဆောင်ရွက်နေခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုပြဿနာများ၊ အလုပ်လက်မဲ့ပြဿနာများ မြင့်တက်လာခြင်း နှင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ဘဝသို့ ဆိုက်ရောက်သွားသည့် ပြည်သူများလည်း တစ်နေ့တခြား ပိုမိုများပြားလာသည်ကို တွေ့ရသည်။ အဘက်ဘက်၏ ပြိုလဲမှုဒဏ်ကို ရင်ဆိုင်နေရဆဲပင် ဖြစ်သည်။

 

Share.

About Author

Leave a Reply