လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(၂၀၂၂ မတ်လအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civic Engagement ( RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) အကြား စစ်ရေးတင်းမာမှု အခြေအနေများသည် ယနေ့အထိ အားကောင်းနေဆဲပင်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အသွင်သို့ ကူးပြောင်းလာသည့်နောက်ပိုင်း အဘက်ဘက်မှ ယိုယွင်းပျက်စီးသွားပြီး ဖရိုဖရဲအခြေအနေသို့ ဆိုက်ရောက် နေခဲ့သည်။ နိုင်ငံတော်၏ အာဏာကို စစ်တပ်မှ သိမ်းထားချိန်မှ စ၍ ပြည်သူများ၏ လုံခြုံရေး အခြေအနေသည် ပိုမိုဆိုးရွားလာသည်ကို တွေ့ရှိရသည်။ စစ်တပ်အာဏာသိမ်းမှု (၁ဝ) လ တကာလ အအတွင်း စစ်ကောင်စီ၏ ပစ်ခတ်မှုများနှင့် ဖမ်းဆီးစဉ် ရရှိသော ဒဏ်ရာများကြောင့်လည်းကောင်း၊ တိုက်ပွဲများနှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့်လည်းကောင်း အရပ်သား သေဆုံးမှုများသည် (၁၇၂၈) ထက်မနည်း ရှိသည်ဟု မီဒီယာများ၏ ဖော်ပြချက်မှ သိရသည်။ ထို့အပြင် စစ်ကောင်စီ၏ ထုတ်ပြန်ထားသော စာရင်းများအရ ၎င်းတို့ဘက်မှ သတ်ဖြတ်ခံရသူများအထဲတွင် အရပ်သားပြည်သူများ (၁၀၀၀) ထက်မနည်း ပါရှိနေသည်ဟု ဆိုထားသည်။ ယင်းစာရင်းနှစ်ရပ် ပေါင်းလိုက်မည်လျှင် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပြည်သူများ၏ သေဆုံးမှုသည် (၂၇၀၀) ကျော်အထက် ရှိသည်ဟု သိရသည်။
စစ်ကောင်စီသည် လူ့အခွင့်အရေးကို လျစ်လျူရှူပြီး ၎င်းကို အထိနာစေသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် အစရှိသည့်နေရာများတွင် ပြည်သူပိုင် အိုးအိမ် စည်းစိမ်များကို ဖျက်စီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း စသော တုန်လှုပ်ခြောက်ခြားစေသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာသည်။ စစ်အာဏာသိမ်းချိန်မှစ၍ မတ်လ ပထမအပတ်အထိ နေရာဒေသအသီးသီးတွင် နေအိမ်အလုံးပေါင်း (၆၇၁၉) ကျော်အထိ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထိုအကျိုးအဆက်ကြောင့် ပြည်သူများက ဆင်းရဲ ဒုက္ခအသွယ်သွယ်ကို ခံစား ကြုံတွေ့နေကြရသည့်အပြင် အကူညီမဲ့ရာ ဘဝသို့ ရောက်နေသည်။ စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည် ပြည်သူများအပေါ် အကာအကွယ်ပေးရေးနှင့် လူသားချင်း စာနာမှု အထောက်အကူပေးရေးတို့သည်လည်း အလွန်ပင် နည်းပါးလှသည်။ နိုင်ငံတကာ၏ ပံ့ပိုး ကူညီမှုများလည်း မရှိသလောက်ပင် ဆိုနိုင်သည်။
ဒီမိုကရေစီအစိုးရ လက်ထက်တုန်းက ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲမှုများသည် စစ်အာဏာသိမ်းမှု၏ ဒဏ်ကြောင့် သိသာထင်ရှားစွာ ပြိုလဲစီးပျက်သွားခဲ့သည်။ အုပ်ချုပ်ရေးယန္တယားများ ပုံမှန်လည် ပတ်နိုင်အောင် စစ်ကောင်စီက မစွမ်းဆောင်နိုင်သည့်အပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍတွင်လည်း ယိုယွင်း ပျက်စီးနေသည်။ စီးပွားရေးနှင့် လူမှုရေး (ပညာရေး၊ကျန်းမာရေး အစရှိသည့်) ကဏ္ဍတွင် ရိုက်ခတ်လျက်ရှိသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှု (၁)နှစ် ကျော်ကြာတွင် ပြည်သူများ အငတ်ဘေးဒဏ်ကို ပိုမိုကြုံတွေ့ရသည်။ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရှားပါးလာခြင်း၊ ပြည်တွင်း မငြိမ်သက်မှုကြောင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် ခက်ခဲလာခြင်း၊ ပြည်ပ နိုင်ငံခြားကုမ္ပဏီများ မသေချာမရေရာမှုများကြောင့် ထွက်ခွာသွားခြင်း စသည့်ရိုက်ခတ်မှုများ ကြုံတွေ့နေရဆဲပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေသည် တိုးတက်ဖွံဖြိုးလာသည်ထက် ပိုမိုဆုတ်ယုတ်နေသည့် အခြေအနေမျိုး ရောက်နေသည်။ ထိုအကျိုးဆက်အားလုံးကို ပြည်သူတို့ကသာ အဓိကခံစားနေရသည်။ ယခုအခါတွင် လျှပ်စစ်ဓာတ်အားလိုင်းများ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လုံလောက်စွာ မဖြန့်ဖြူးနိုင်သောကြောင့် အွန်လိုင်းစနစ် (online system) ကို မှီခိုအားထားနေရသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းအများအပြား အခက်တွေ့နေကြသည်။ မီးပုံမှန်လာနိုင်ခြင်း မရှိခြင်းကြောင့်လည်းကောင်း၊ ရေရှားပါးမှုပြဿနာများကြောင့်လည်းကောင်း မြို့နေပြည်သူအများအပြား စားဝတ်နေရေးအခက်အခဲများ ပိုမိုရင်ဆိုင်ကြုံတွေ့ကြသည်။ ကိုယ်ကျိုးအတွက်သာ ပိုမိုဦးစားပေး ကြည့်နေသည့် စစ်ခေါင်းဆောင်များသည် နိုင်ငံအတွက် ကဏ္ဍအလိုက် ပုံမှန်အခြေအနေများ ပြန်လည်ရောက်ရှိလာအောင် မစွမ်းဆောင်နိုင်သေးပေ။