မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(ဇူလိုင်လ အတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civi Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံသည် ပဋိပက္ခအလွှာပေါင်းစုံတွင်းမှ လွတ်မြောက်ရန် နှစ်လများစွာ ကြာအုံးမည် ဖြစ်သည်။ စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာရှိသော်လည်း နိုင်ငံအနှံ့အပြား၏ လက်နက်တိုက်ပွဲများသည် ယနေ့အထိ လျော့ကျသွားသည့် အခြေအနေသို့ မတွေ့ရပေ။ တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကို တော်လှန်နေသည့် အရှိန်အဟုန်သည် အားကောင်းပြင်းထန်လျက်သည်။ စစ်အာဏာသိမ်းပြီး ကာလအတွင်းတွင် အချို့သော ဒေသများဖြစ်သည့် ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းစသည့် နေရာများတွင် လက်နက်ကိုင်အင်အားစုများ၏ အင်အားများ သြဇာများ ပိုမိုကြီးထွားလာပြီး နယ်မြေလွှမ်းမိုးမှုများနှင့်အတူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စတင် ဖွဲ့စည်းလာနိုင်သည့်အထိ တွေ့ရသည်။ စစ်ရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခကာလများ ရှည်လျားလာသည့်အမျှ တိုင်းပြည်သည် ဆင်းရဲတွင်းမှ ထပ်မံ နစ်မွန်းနေပေမည်။
အကြမ်းဖက်နည်းနှင့် လက်စွဲကိုင်ထားသော စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များကို ပိုမိုလုပ်ဆောင်လာပြီး ပြည်သူများက မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရသည်။ လက်နက်ကိုင် တိုက်ပွဲများ၏ အကျိုးဆက်များကြောင့် သေကျေပျက်စီး ဝမ်းနည်းကြေကွဲစရာကောင်းလှသော ဖြစ်ရပ်များ နေစဉ်နှင့်အမျှ မြင်တွေ့နေရသည်။ အာဏာသိမ်းပြီးနောက် အသတ်ခံရသည့် အပြစ်မဲ့ပြည်သူများလည်း တနေ့တခြား ပိုမိုများပြားလာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ( ၇၈၃,၄၀၀) ကျော်အထိ ရှိလာသည်။ ထို့နည်းတူ အချို့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဒလန်ခေါင်းစဉ်တပ် စွပ်စွဲချက်ဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။ ကြားထဲမှာပင် အရပ်သားပြည်သူများက မြေစာပင် ဖြစ်နေသည်။
စစ်ကောင်စီသည် ယိုယွင်းပျက်စီးနေသော ၎င်း၏ အုပ်ချုပ်ရေးယန္တယားများကို ပြန်လည်ဖာထေးနိုင်အောင် ရရာနည်းနှင့် ကြိုးပမ်းလျက်ရှိသည်။ အခြားတဖက်၌ အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် စီးပွားရေး နှင့် လူမှုရေးကဏ္ဍသည် အခြားသောကဏ္ဍနှင့်နည်းတူ သိသာထင်ရှားစွာ ယိုယွင်းပျက်စီးနေသည်။ နိုင်ငံခြားကုမ္ပဏီအများအပြား ထွက်ခွာ၊ ရုတ်သိမ်းသွားခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် အောက်သို့ထိုးကျနေသည်။ ၎င်းအပြင် မြန်မာ့ငွေကြေးဖောင်ပွမှုနှုန်းသည် (၁၂.၆၃) ရာခိုင်နှုန်း အထိရှိပြီး အလုပ်လက်မဲ့နှုန်းသည်လည်း (၁.၇၉) ရာခိုင်နှုန်းအထိ ရှိလာသည်။ ထို့နည်းတူ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းကြောင့် ပြည်သူလူထုများ အခက်တွေ့စေပြီး အငတ်ဘေးဒဏ်များကို အခြေခံလူတန်းစား ပြည်သူအများအပြားက အလူးအလဲ ခံစားကြရသည်။ အာဏာသိမ်းမှု (၁)နှစ်ကျော်ကြာကာလကို ခြုံငုံသုံးသပ်ကြည့်လျှင် စစ်ကောင်စီသည် ဖရိုဖရဲဖြစ်နေသော စီးပွားရေး၊ လူမှုရေး (ပညာရေး၊ ကျန်းမာရေး) စသည့်ကဏ္ဍများကို ပြန်လည်နလံထူလာအောင် မစွမ်းဆောင်သေးသည့်အပြင် တိုင်ပြည်ပြန်လည် ငြိမ်းချမ်း လာအောင်လည်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရိပ်အယောင်မျှ မတွေ့ပေ။