မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(October လအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civi Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင်တိုက်ပွဲများသည် နေ့စဉ်နှင့်အမျှ ပိုမို ပြင်းထန်လာသည်။ စစ်ရေးပဋိပက္ခပြင်ထန်းလာမှု ကြောင့် တစ်နိုင်လုံးရှိ စစ်ပြေးဒုက္ခအရေအတွက်သည် ( ၁ ဒဿမ ၄ ) သန်းကျော်အထိရှိကြောင်း အချက်အလက်များက ဖော်ပြ နေသည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ (၂၃၉၄) ဦးနှင့် ဖျက်စီးခံရသည့် ပြည်သူပိုင်နေအိမ် အလုံးပေါင်း (၂၈၄၃၄) ကျော်အထိ ရှိသည်ဟု လွတ်လပ်သော သတင်းမီဒီယာဌာနဖော်ပြချက်မှ သိရသည်။ ပြည်တွင်း မတည်ငြိမ်မှု၊ အဘက်ဘက်မှ ပြိုလဲ ဖျက်စီးမှုဒဏ်များနှင့်အတူ မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံအဖြစ်သို့ ကျရောက်နေသည်။
စစ်ကောင်စီသည် ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေး ထွက်ပေါက်ရှာရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟု အမည်တပ်ပြီး ၂၀၂၂ ဇူလိုင်လအစောပိုင်းတွင် စတင်ပြီး အချို့သော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြုလုပ်ခဲ့ သည်ကို တွေ့ရသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အောက်တွင်သာ အခြေခံသည့်ဆွေးနွေးပွဲဖြစ်သည့်အလျှောက် တိုင်းရင်းသား လက်နက်ကိုင်များ လိုလားတောင့်တနေသော စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အတွက် အထောက်အပံ့ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် စစ်ကောင်စီသည် ငြိမ်းချမ်းရေးရရှိရန်၊ တိုင်းပြည်ပြန်လည် ငြိမ်းချမ်းရန် အရေးကြီးသည်ဟု ပါးစပ်ဖျားတွင် ပြောနေသော်လည်း တဖက်တွင် အာဆီယံနိုင်ငံ၏ ဘုံသဘောတူညီချက် (၅) ရက်ကို ဘေးဖယ်ပြီး လူနေအိမ်၊ ကျောင်း၊ အခြားသော အဆောက်အအုံများကို လေယာဉ်နှင့် ဗုံကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူများကို ကွပ်မျက်မှု အပါအဝင် ဖမ်းဆီးသတ်ဖြတ်မှုများကို ယနေ့အချိန်အထိ ပြောင်ပြောင်တင်းတင်း ကျူးလွန် လျက်ရှိသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမ တည်ငြိမ်မှုနှင့်အတူ အဘက်ဘက်မှ ယိုယွင်း ပျက်စီး မှုကြောင့် ဆယ်စုနှစ်တစ်ခုကြာ တည့်မတ်ခဲ့သည့် မြန်မာ့ စီးပွားရေးသည် ပိုမိုအကြပ်စိုက်လာသည်။ ၎င်းတို့၏ အကျိုးအဆက်အနေဖြင့် အထွေထွေအကြပ်အတည်းများ နှင့်အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်း ပြဿနာများ၊ ငွေကြေးများ ဖောင်းပွလာခြင်း ပြဿနာများနှင့် အလုပ်လက်မဲ့ပြဿနာများကို အခြေခံလူတန်စားပြည်သူ များက အလူးအလဲ ခံစားရသည်။ လူမှုရေး (ပညာရေး နှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း အလဲလဲပြိုပြိုဖြစ်ခဲ့ရာမှ (၁) နှစ်ကျော်ကြာရှိလာပြီး ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံသည် တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှု ကင်းမဲ့သည့် တိုင်ပြည်အသွင်ဆောင်နေပြီး ယခင်ကထက် ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများ သိသာထင် ရှားစွာ များပြားလာသည်။