မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေးသုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေးသုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(December လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရေး ပဋိပက္ခ ရှည်လျားသည့် အဓိက အကြောင်းအရင်းတစ်ရပ်မှာ ခေတ်အဆက်ဆက်က တရားမျှတမှု မရှိသောဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် ပင်ပြောနိုင်သည်။ ၁၉၆၂ စစ်အာဏာရှင် လွှမ်းမိုးချယ်လှယ် အုပ်ချုပ်ခဲ့ပြီးနောက် အားကောင်းလာသော ပြည်တွင်းစစ်နှင့် အတူ လူနည်းစု တိုင်းရင်းသားမျာ၏ ဖက်ဒရယ်အိမ်မက် သည် ယနေ့အထိ မှေးမှိန်သွားခဲ့သည်။ စစ်အစိုးရ ခေတ်အဆက်ဆက်တွင် စစ်ရေးပဋိပက္ခ ချုပ်ငြိမ်းရန် မစွမ်းဆောင်ခဲ့သည့်အပြင် တိုင်းပြည်တိုးတက်ရန် ဘယ်သောအခါမှ ဦးစားပေး မလုပ်ဆောင်ခဲ့ပေ။ လူနည်းစုများ၏ အခြေခံအခွင့်အရေးကို ဘေးဖယ်ပြီး အာဏာတည်မြဲရေးအတွက်သာ ကြိုးပမ်းခဲ့သည်။  စစ်အစိုးရအသွင်သို့ ကူးပြောင်းလာခဲ့သည့် အချိန်မှစ၍ တိုင်းပြည်သည် ပြည်တွင်းစစ်နှင့် လုံးပန်းရင်း အာရှနိုင်ငံကြားများသာမက ကမ္ဘာ့နိုင်ငံအလည်တွင် နောက်ကျကျန်ရစ်ခဲ့သည်။

 

ယခုအခါ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် တိုင်းပြည်သည် ယခင်စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ် အခြေအနေကဲ့သို့ ရောက်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ လက်နက်ကိုင် တိုက်ပွဲများ သည်လည်း ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။ စစ်ရေးပဋိပက္ခပြင်းထန်လာမှုကြောင့်  အပြစ်မဲ့ ပြည်သူများ ဒုက္ခအသွယ်သွယ်မှ အလူးအလဲ ခံစားရပြီး စစ်ဘေးဒုက္ခသည်အရေအတွက်သည်လည်း (၁.၆) သန်း     ကျော် အထိရှိလာသည်။ ၎င်းအပြင် စစ်အာဏာ သိမ်းပြီးနောက် သတ်ဖြတ်ခံရသူ (၂၆၄၁)၊ ဖမ်းဆီးခံရသူ (၁၆၆၅၁)နှင့် ဖျက်စီးခံရသည့် ပြည်သူပိုင်နေအိမ် အလုံးပေါင်း(၃၈၅၇၉) အထိရှိသည်ဟု လွတ်လပ်သော သတင်းမီဒီယာဖော်ပြချက်မှ သိရသည်။  အာဏာမက် အုပ်စုများကြားတွင် အပြစ်မဲ့ပြည်သူများ မြေစာပင် ဖြစ်နေသည်။

ထို့အပြင် စစ်အာဏာသိမ်းမှု၏ ပြင်းထန်သော အကျိုးအဆက်များကြောင့် ဈေးကွက်စီးပွားရေးစနစ် ပျက်စီးပြီ ငွေကြေးဖောင်ပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ပြဿနာများနှင့်  အလုပ် လက်မဲ့ပြဿနာများကို အခြေခံလူတန်းစား ပြည်သူများက အလူးအလဲခံစားကြရသည်။ လူမှုရေး (ပညာရေးနှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း အခြားကဏ္ဍနှင့် နည်းတူ ယိုယွင်းပျက်စီးခဲ့ရာမှ (၂) နှစ်နီးပါး ရှိလာပြီးဖြစ်သည်။ လူတိုင်းလက်လှမ်းမှီသော ပညာရေးစနစ်၊ ကျန်းမာရေး စနစ်နှင့် ဝေးကွာနေဆဲပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် အာဏာသိမ်းမှု၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်းမတည် ငြိမ်မှုနှင့်အတူ တရားဥပဒေစိုးမိုးမှုသည်လည်း လုံးဝ ပြိုလဲပျက်စီးသွားပြီး သုညအဆင့်သို့ ရောက်ရှိ နေသည်။ ပြည်သူများ၏ လုံမှုအခြေအနေများ ဆိုးသထက်ဆိုးလာပြီး ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများသည် သိသာထင်ရှားစွာ ယခင်ထက် များပြားလာသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply