မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(February 2023 အတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civi Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသွင်သို့ တဖန်ကူးပြောင်း လာပြီးနောက် အဖက်ဖက်မှ အလုံးစုံ ပျက်သုဉ်းသွား တော့သည်။ (၁၀) ခုနှစ်တစ်ခုကြာ ရှင်သန်လာသည့် ဒီမိုကရေစီ အခွင့်အရေးများလည်း အလျှပ်တပြက် ပျောက်ကွယ် သွားတော့သည်။ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ နိုင်ငံတဝှမ်း ပေါ်ပေါက်လာပြီး လက်နက်ကိုင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများလည်း ယခင်စစ်အစိုးရ အုပ်ချုပ်ခဲ့စဉ် အခြေအနေကဲ့သို့ ရောက်ရှိနေသည်။ စစ်အာဏာသိမ်းမှု (၂)နှစ်ရောက်ရှိအချိန်တွင် တိုင်းပြည်သည် တိုးတက်ပြောင်းလဲလာခြင်းထက် ပြိုလဲပျက်စီးသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ စစ်ရေးပဋိပက္ခများ လွန်ကဲပြီး (၂၀၂၂) ခုနှစ်သည် ပြည်တွင်းငြိမ်းချမ်းရေး ပျက်သည့်နှစ်ဟု ဆိုနိုင်သည်။ ယခု (၂၀၂၃) ခုနှစ်တွင် တိုင်းပြည်သည် တည်ငြိမ်အေးချမ်းလာမည့် အလား အလာကို မတွေ့ရသေးဘဲ လက်နက်ကိုင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး သေးထွက်သံယို သေကျေပျက်စီး မှုများလည်း ပိုမိုများပေလိမ့်မည်။ ပြည်သူများသည် အိုးအိမ်များကို စွန့်ခွာပြီး ဒုက္ခပင်လယ်ကြားတွင် ကျင်လည်နေသည်။
နိုင်ငံအနံ့အပြားတွင် လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန် လျက်ရှိပြီး တော်လှန်အင်အားစုများ ပိုမိုအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပြည်နယ်စသော နေရာအချို့မှာ ဖေဖော်ဝါရီလ (၂)ရက်တွင် စတင်ပြီး စစ်အုပ်ချုပ်ရေးဥပဒေ ( Martial law) ကြေညာခံရသည်။ Martial law ကြေညာခံရသော နေရာများတွင် စစ်ကောင်စီမှ တင်းကြပ်မှုများ ပိုမိုလုပ် ဆောင်လာပြီး လူ့အခွင်အရေးချိုးဖောက်မှု များလည်း ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ထိုနေရာများတွင် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက် ကိုင်အချို့၏ တော်လှန်မှုများသည် အားကောင်းနေဆဲပင် ဖြစ်သည်။ ထို့အပြင် ပြည်တွင်းမတည်ငြိမ်မှုများသည် အရှိန်အဟုန် မြင့်နေဆဲ ဖြစ်ပြီး အခက်အခဲ အကြပ်အတည်း များကြားတွင် ပြည်သူများ၏ စားဝတ်နေရေးနှင့် လုပ်ကိုင်စားသောက်ရေး အတွက် အခက်တွေ့ နေကြသည်။
ထို့အပြင် စစ်အာဏာသိမ်းမှု၏ အကျိုးအဆက်ကြောင့် တိုင်းပြည်သည် ဖရိုဖရဲဖြစ်သည့် အခြေအနေမှ မလွတ် မြောက်နိုင်သေးပေ။ နိုင်ငံအနှံ့အပြား၏ စစ်ရေးပဋိပက္ခ လွန်ကဲခြင်းကြောင့် စီးပွားရေးကဏ္ဍများသည် ယနေ့အထိ ယိုယွင်းပျက်စီးနေသည်။ ဈေးကွက်စီးပွားရေးစနစ် ပျက်စီးပြီ ငွေကြေးဖောင်းပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ပြဿနာများနှင့် အလုပ်လက်မဲ့ ပြဿနာများကို အခြေခံလူတန်းစား ပြည်သူများက ယနေ့အထိ အလူးအလဲခံစားရလျက်ရှိသည်။ လူမှုရေး (ပညာရေးနှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း အခြားကဏ္ဍနှင့် နည်းတူ ယိုယွင်းပျက်စီးခဲ့ရာမှ (၂) နှစ်နီးပါး ရှိလာပြီးဖြစ်သည်။ လူတိုင်းလက်လှမ်းမှီသော ပညာရေးစနစ်၊ ကျန်းမာရေးစနစ်နှင့် ဆက်လက် ဝေးကွာနေဆဲပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် အာဏာသိမ်းမှု၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်းမတည် ငြိမ်မှုနှင့်အတူ တရားဥပဒေစိုးမိုးမှုသည်လည်း လုံးဝ ပြိုလဲပျက်စီးသွားပြီး သုညအဆင့်သို့ ရောက်ရှိနေသည်။ ပြည်သူများ၏ လုံခြုံမှုအခြေအနေများ ဆိုးသထက် ဆိုးလာပြီး ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများသည် သိသာထင်ရှားစွာ ယခင်ထက် များပြားလာသည်။