ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် လုံခြုံရေးအခန်းကဏ္ဍ
ဗညာဟံသာ – ရေးသားသည်
စကားဦး
ပြည်တွင်းငြိမ်းချမ်းရေးဟူသည် ပြည်သူလူထု တရပ်လုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး အခင်းအကျင်းအတွက် နိုင်ငံရေးအရ စကားပြောဆိုရာတွင် (Political Dialogue) ဖြစ်စေ၊ အမြင်ချင်းဖလှယ်သည် (Exchanges of Opinions) ဖြစ်စေ၊ ပြည်သူလူထု၏ အကျိုးကို အလေးပေး စဉ်းစားရန်ဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို မျက်ကွယ်ပြုပြီး မိမိအုပ်စု အာဏာတည်မြဲရေး၊ အာဏာကို ဆုပ်ကိုင်ထားရေးအတွက် ဆက်လက်ဆောင်ရွက်နေပါက နောင်နှစ်အတန်ကြာ ပြည်တွင်းစစ် အဆုံးမသတ်နိုင်ချေ။
ယနေ့ ပြည်တွင်းစစ်မီး တောက်လောင်မှုအနေအထားသည် (၃) ပွင့်ဆိုင် ပဋိပက္ခအနေအထားသို့ ရောက်ရှိသည်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၊ ဗမာ့တပ်မတော်အင်အားစုနှင့် ဒီမိုကရေစီ အင်အားစုများဟု သတ်မှတ်နိုင်ပြီး မိမိတို့ နိုင်ငံရေးအာဏာရရှိရေး၊ မိမိတို့ နယ်မြေထိန်းသိမ်းရေးနှင့် မိမိဒေသအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အချင်းချင်း မဆွေးနွေးနိုင်ပဲ တိုက်ခိုက်နေသည့်အတွက် လူထု၏ အသက်အိုးအိမ်စည်းစိမ်မှာ အတိဒုက္ခရောက်ရပေသည်။ လက်ရှိကာလတွင် တိုင်းရင်းသားများ နှစ်ပေါင်း (၇၀) ကျော်ကြာ တောင်းဆိုလာသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဗမာ့တပ်မတော်ခေါင်းဆောင်များ နှင့် ဒီမိုကရေစီအင်အားစုများမှ အကြမ်းဖျင်း သဘောတူခဲ့သည်။ သို့ရာတွင် ၎င်းတို့ ဆိုလိုသော ပြည်ထောင်စုနှင့် တိုင်းရင်းသားများ တောင်းဆိုသည့် ပြည်ထောင်စုပုံစံကား တထပ်တည်း မကျပေ။ ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ယခင်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်ရေးဆွေးနွေးပွဲ ရလာဒ်များ၊ ပြည်သူလူထုအသံများမှာလည်း ပျောက်ကွယ်သွားပါတော့သည်။
ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်စင်စစ် ယတိပြတ် အောင်မြင်ရန် ကြိုးပမ်းမည်ဆိုပါက မိမိ၏ အကျိုးစီးပွားထက် ပြည်သူလူထု၏ အကျိုးကို ကြည့်ရမည် ဖြစ်သည်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို အလေးထားရပါမည်။ ငြိမ်းချမ်ရေးအတွက် ပထမအဆင့်ကား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆောင်ရွက်ရန်ဖြစ်သည်။ ၂၀၁၅ မှ ၂၀၂၀ ခုနှစ်အထိ ကျင်းပခဲ့သည့် ပင်လုံညီလာခံသည် ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ဆွေးနွေးပွဲတွင် ပါဝင်သည့် လက်ကိုင်အင်အားစုများအကြား အဓိကအားဖြင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် တပ်မတော်တို့ ယုံကြည်မှု မတည်ဆောက်နိုင်ပေ။
နိုင်ငံတော်အတွက် အသက်ပေးကာကွယ်သည် ဆိုသည့် ဗမာ့တပ်မတော်ခေါင်းဆောင်များသည် မိမိတို့ အကျိုးအမြတ်အတွက် မိမိတို့ အာဏာတည်မြဲရေးအတွက် တပြားတချပ်မှ လျော့မပေးလိုပေ။ ၂၁ ပင်လုံ ညီလာခံများတွင် မည်သည့်နိုင်ငံရေး သဘောတရားများဖြင့် နိုင်ငံတော်ကို တည်ဆောက်မည်၊ မည်သည့်အစိုးရ အသွင်သဏ္ဍာန်ကို မည်သို့ ဖွဲ့စည်းသွားမည်၊ အာဏာခွဲဝေရေး အခင်းအကျင်း၊ တရားဥပဒေစိုးမိုးရေး စသည့် အသွင်ကူးပြောင်းရေး အခြေခံသဘောတရားများကို ဆွေးနွေးနိုင်ခြင်း မရှိပေ။
ပြည်တွင်းငြိမ်းချမ်းရေးတွင် မိမိတို့အုပ်စု အသာစီးရရေး၊ အပေါ်စီးရရေးအတွက် တဖက်တွင် တွေ့ဆုံ ဆွေးနွေးနေသည့်အချိန်တွင် ပကတိမြေပြင်တွင် တိုင်းရင်းသားဒေသ၊ ရပ်ရွာပတ်ဝန်းကျင်များတွင် မြေမြှုုပ်မိုင်းဗုံး ချထားခြင်း၊ တဖက်နှင့် တဖက် တိုက်ခိုက်ခြင်း၊ ပြည်သူလူထုများအပေါ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ထောက်ရှုခြင်းအားဖြင့် မိမိတို့ အာဏာတည်ဆောက်ရေးအတွက် အကြမ်းဖက်နည်းမျိုးစုံ ဆက်လက်အသုံးပြုလျှက်ရှိ သည်။
ဖက်ဒရယ်ပြည်ထောင်စုတည်းဟူသော သဘောတရားတွင် ခေတ်သစ် ပြည်ထောင်စုထူထောင်ရေး၊ တရားမျှတပြီး အခွင့်ရေးတန်းတူရှိသော တိုင်းပြည်ထူထောင်ရေး၊ လူ့ ဘောင်အဖွဲ့ အစည်းတစ်ရပ် တိုးတက် ထွန်းကားရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှသော လူ့အဖွဲ့အစည်း၊ အမျိုးသားတန်းတူရေး၊ လူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အတွက် ဆောင်ရွက်ရမည်။ ဖက်ဒရယ်ကို ပြောချင်တိုင်း ပြောနေခြင်း မဖြစ်သင့်ပေ။ သဘောတရားနှင့် လက်တွေ့ မြေပြင်တွင် လိုက်လျောညီထွေ ဆောင်ရွက်သင့်ပေသည်။
အာဏာဆုပ်ကိုင်ထားသော အစိုးရအဆက်ဆက် အထူးသဖြင့် တပ်မတော်မှ ပါဝင်သည့် အစိုးရများသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မိမိတို့ ကိုယ်ပိုင်နယ်မြေတွင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင်လမ်းစဉ်ဖြင့် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားများအကြားအား မည်သည့်အာဏာမှ ခွဲဝေပေးလိုစိတ်ကား မရှိပေ။ တိုင်းရင်းသားများအကြား သွေးခွဲပြီး အုပ်ချုပ်ခဲ့သည်။ တချို့အဖွဲ့နှင့် အပစ်ခတ်ရပ်စဲနေသည့်အချိန်တွင် အခြားအဖွဲ့အား တိုက်ခိုက်သည်။ တိုက်ပွဲများတွင် ပြည်သူလူထုများ အသက်သေကြေကြရသည်။
တပ်မတော်သည် ပြည်သူလူထု၏ အသက်တစ်ချောင်းထက် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရှေ့တန်း တင်ခဲ့ခြင်းကြောင့် ပြည်သူလူထုများမှ ဘေးကင်းလုံခြုံစွာ မရှင်သန်နိုင်ခဲ့ချေ၊ ထို့ကြောင့် ပြည်တွင်းစစ်လည်း နှစ်ပေါင်း ခုနှစ်ဆယ်ကျော်လာပြီး တိုင်းပြည်လည်း မွဲတေဆင်းရဲလျှက် ရှိသည်။ တိုင်းပြည်ပြန်လည် နာလန်ထူရန် ပြည်သူလူထု၏ အရေးပါမှုကို စဉ်စားပေးရန်နှင့် လက်တွေ့ကျကျ သူနိုင်ကိုယ်နိုင် (Win-win Solution) ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်ရန် အမှန်စင်စစ် ဆက်လက်ကြိုးပမ်းသွားမည် ဆိုပါက အမြင်ကွဲလွဲမှုလည်း လျော့နည်းလာနိုင်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုဟူသည်မှာ တန်းတူသော ပြည်နယ်တိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံးမှ သဘောတူ ထောက်ခံဆန္ဒပြုပြီး ဒီမိုကရေစီစနစ်အရ အုပ်ချုပ်သောနိုင်ငံကို ဆိုလိုပေသည်။ နိုင်ငံရေးခေါင်းဆောင် တဦးဦး၊ တိုင်းရင်းသားခေါင်းဆောင်တဦးဦး သို့မဟုတ် စစ်ခေါင်းဆောင်တဦးဦးမှ အစစအရာရာအတွက် ဆုံးဖြတ်ချက်ချနိုင်သည့် အခင်းအကျင်း မဟုတ်ချေ။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရာတွင် အသက် (၁၈) နှစ်ပြည့်သော နိုင်ငံသားတိုင်း ပေးအပ်သော လုပ်ပိုင်ခွင့် အာဏာသုံးရပ် (မဏ္ဍိုင်ကြီးသုံးရပ်) ကို လွှတ်တော်မှတစ်ဆင့် အပြန်အလှန် ထိန်းကျောင်းရသည့် နိုင်ငံရေးအခင်းအကျင်းဖြစ်သည်။ လက်နက်ကိုင်ထား သော တပ်မတော်အနေဖြင့် မိမိတို့၏ ရေတို၊ ရေရှည် အကျိုးစီးပွားအတွက် မူဝါဒရေးဆွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံဖြင့် အတင်းအုပ်ချုပ်နေခြင်း၊ တိုင်းပြည်တွင် နေထိုင်သော လူထု၏ အမြင်များကို ဘေးဖယ်ထားခြင်းဖြစ်ပြီး ပြည်သူလူထုမှ တောင်းဆိုသည့် ဒီမိုကရေစီစနစ်အရ အုပ်ချုပ်သည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် လည်း တိုက်ရိုက်ဆန့်ကျင်သည်။
၁၉၈၈ မှသည် ယနေ့ (စစ်တပ်မှ အာဏာသိမ်းပြီးသည့်) တိုင်အောင် (နှစ်ပေါင်း ၃၀ ကျော်) တောင်းဆိုတိုက်ပွဲဝင်သော ဒီမိုကရေစီအခွင့်အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်သူလူထုက အသက်ပေး ဦးဆောင်လာခဲ့ပြီး ယနေ့ နိုင်ငံအဆင့်တိုင်းတွင် ပြည်သူလူထုကို ဘေးဖယ်ထားပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကား မအောင်မြင်နိုင်ပေ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုသည့်စကားများကို ဝတ်ကျေတန်းကျေ မပြောသင့်ပေ။ ၁၉၇၄ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားခဲ့သည့် တိုင်းရင်းသားပြည်နယ်များ၊ စစ်တပ်မှ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ခြေဥအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို ပြန်လည် စိစစ်သည့်အခါ မည်သည့်အာဏာ ခွဲဝေပေးခြင်း မရှိပဲ ဗဟိုအစိုးရ၏ အုပ်ချုပ်မှု ယန္တယားအောက်တွင်သာ ထားရှိခဲ့ပေသည်။
တိုင်းရင်းသားဒေသအတွင်း ၎င်းတို့ ကိုယ်ပိုင်အစိုးရ ထူထောင်ရေး၊ ဒေသအတွင်း ဥပဒေပြုသည့် ပြည်နယ်လွှတ်တော် ပီပီပြင်ပြင်ပေါ်ထွန်းရေး၊ ၎င်းတို့ နယ်မြေကို ကာကွယ်သည့် ပြည်နယ်ကာကွယ်ရေးမှ တာဝန်ယူရေး စသည့် ရသင့်ရထိုက်သော အုပ်ချုပ်ရေးအာဏာကို တိုင်းရင်းသားများမှ လိုလား တောင်းဆိုခဲ့ပေသည်။ တိုင်းရင်းသားပြည်နယ်များတွင် ဗမာ့တပ်မတော်၊ ဗမာလူမျိုးအုပ်ချုပ်ရေးအရာရှိများ လက်ဝါးကြီးအုပ် အာဏာဆုပ်ကိုင်မထားရေး၊ ပြည်နယ်အတွင်း အရပ်သားအစိုးရကို ရွေးကောက်ပွဲမှတဆင့် ရွေးချယ်ပြီး အစိုးရဖွဲ့စည်းနိုင်ရေး၊ မြန်မာ့တပ်မတော်မှ နှစ်ပေါင်းများစွာ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှ ထွက်ခွာသွားရေး၊ နိုင်ငံတော်ကာကွယ်ရေးအခန်းကဏ္ဍတွင် တိုင်းရင်းသားများ ပါဝင်ခွင့်ရသည့် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ ရေးဆွဲရေးတို့ ကို ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မည်ဟု ဆိုရာတွင် လက်တွေ့ကျကျ စဉ်းစားရမည့် အချက်များ ဖြစ်သည်။
ပြည်သူလူထု၏ အခန်းကဏ္ဍ
နှစ်ပေါင်းခုနှစ်ဆယ်ကျော် ကွဲလွဲနေသော အမြင်သဘောထားများ ညှိနှိုင်းရန် ပြည်သူလူထု အခန်းကဏ္ဍကို အသိအမှတ်မပြုပဲ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မည်၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်မည်၊ ဒီမိုကရေစီဝါဒ ထွန်းကားမည်၊ ကြွေးကျော်နေခြင်းသည် လက်တွေ့မကျပေ။ ပဋိပက္ခရှည်ကြာပြီး လူမျိုးများအကြား ပြဿနာဖြစ်ပွားခဲ့သည့် နိုင်ငံများတွင် ပြည်သူများအကြား ပြန်လည်သွေးစည်းရေး၊ ပြန်လည်ဆွေးနွေးရေးကိစ္စများကို ဆောင်ရွက်ခဲ့ပေသည်။ အမှန်ကား ပဋိပက္ခသည် ပြည်သူနှင့်မဆိုင်ပါ။ ပဋိပက္ခဖန်တီးသူများနှင့်သာ ဆိုင်ပါသည်။
လူ့ဘောင်ပတ်ဝန်းကျင်တွင် ရင်ဆိုင်နေရသော လူမျိုးချင်းအကြား မုန်းတီးမှု၊ ဘာသာရေးအဓိကရုန်း၊ ပြည်တွင်းစစ်၊ အာဏာအလွဲသုံးစားမှု၊ ဆင်းရဲမွဲတေမှု စသည့် အရာများအတွက် ပြည်သူများအကြား ပြန်လည်သွေးစည်းရေး ပြန်လည်ဆွေးနွေးရေးကိစ္စများကို ပကတိမြေပြင်တွင် ဆောင်ရွက်ရဦးမည်။ စစ်ပွဲများ ဖြစ်ပွားနေပါက ဤကဲ့သို့သော ပြည်သူများအကြား ပြန်လည်သွေးစည်းရေး၊ ပြန်လည်ဆွေးနွေးရေးကိစ္စများကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ။
ပြည်ထောင်စုတစ်ရပ် အောင်မြင်စွာ ပြန်လည်ထူထောင်ရန် ကွဲလွဲနေသော အမြင်သဘောများကို အရေးကြီးသော အစိတ်အပိုင်းများအလိုက် ခေါင်းစဉ်များအလိုက် ဆက်လက်လေ့လာပြီး ဆွေးနွေးပွဲကို ဖန်တီးရမည် ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းထူထောင်မည်ဟု တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီခေါင်းဆောင်နှင့် စစ်တပ်ခေါင်းဆောင်များ ယုံကြည်မည်ဆိုပါက စစ်ရေးပဋိပက္ခတို့အား ခေတ္တရပ်နားကာ ပြည်သူလူထုအသံကို နားထောင်သင့်ပေသည်။ ပြည်သူအချင်းချင်း စကားပြောဆိုရန် အားပေးသင့်ပေသည်။ ကွဲလွဲနေသော အမြင်သဘောထားများကို ညှိနှိုင်းသင့်ပေသည်။
ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးအခန်းကဏ္ဍ
ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ဖွဲ့စည်းထူထောင်ရာတွင် ကာကွယ်ရေး အခန်းကဏ္ဍကို ပြောဆိုရာတွင် ထိလွယ်ရှလွယ်သော နိုင်ငံရေးဟု အစိုးရဘက်မှလည်းကောင်း၊ စစ်ပိုင်းဆိုင်ရာကျွမ်းကျင်သူတချို့က လည်းကောင်း သတိပေးလာခဲ့သည်။ ယခင်က ၂၀၁၅-၂၀၂၀ ကာလများတွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အသီးသီးသို့ ၂၅ ရာခိုင်နှုန်းဖြင့် စေလွှတ်ထားသော တပ်မတော်အစု ကိုယ်စားလှယ်များကို ဖျက်သိမ်းရန်ဖြစ်စေ၊ လျှော့ချသည်ဖြစ်စေ၊ တင်ပြဆွေးနွေးလာလျှင် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာပျက်ဖို့ ဖြစ်လာနိုင်သည်ဟုလည်း ပြည်တွင်းငြိမ်းချမ်းရေး အင်းအားစုတချို့က သုံးသပ်ကြသည်။ သို့သော် ပြည်တွင်းငြိမ်းချမ်းရေး အခင်းကျင်းကို လက်တွေ့ကျကျ အကောင်အထည်ဖော်လျှင် တပ်မတော်၏ အခန်းကဏ္ဍအပြင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို အထူးစဉ်းစားသင့်ပေသည်။ ပညာရှင်အများအပြားမှာ တပ်မတော်ကို ငဲ့ညှာပြီး ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဖြစ်သင့်သည်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပေသည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအကြား တိကျပီပြင်သော အာဏာခွဲဝေရေး ဆိုင်ရာ ကိစ္စရပ်အား ဆွေးနွေးမည်ဆိုပါက ကာကွယ်ရေးအခန်းကဏ္ဍတွင်လည်း အာဏာခွဲဝေမှု ရှိရမည် ဖြစ်ပေသည်။ တိုင်းရင်းသားများ နေထိုင်သောဒေသတွင် တပ်မတော်မှ ပြည်သူတို့အား ကာကွယ်ပေးနေသည် ဆိုသည့်စကားကား တိုင်းရင်းသားများ၏ နားမှာ ခါးနေပေသည်။ ၎င်းတို့ နယ်မြေကာကွယ်ရေးအတွက် ၎င်းတို့ တာဝန်ယူနိုင်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စု ပြန်လည်ထူထောင်ရာတွင် ကာကွယ်ရေးအခန်းကဏ္ဍ အောက်ပါ အကြောင်းအရာ များသည် သသောထား ကွဲလွဲနိုင်သည့် အကြောင်းအရာများ ဖြစ်ပေသည်။ အထူးသဖြင့် လက်ရှိဗမာ/မြန်မာ့တပ်မတော် ခေါင်းဆောင်တို့မှ လက်မခံနိုင်သည့် အခြေအနေ ဖြစ်နိုင်ပါသည်။ အချင်းချင်း ညှိနှိုင်းရမည့် ကိစ္စရပ်ဖြစ်ပေသည်။
(၁) တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် ထားရှိရေးဆိုင်ရာ သဘောတရားများ။ ။ အချို့ကား ဖက်ဒရယ်တပ်မတော်ဟု ခေါ်ဆိုသည်။ ပြည်ထောင်စုတပ်မတော်/ ဖက်ဒရယ်တပ်မတော်သည် တန်းတူသော ပြည်နယ်အသီးသီးမှ စေလွှတ်သော တပ်အင်အားနှင့် စုပေါင်းရမည်။ စစ်ဦးစီးချုပ်မှာလည်း ပြည်နယ်မှ ဖြစ်နိုင်ပါသည်။
(၂) တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၊ အဖွဲ့အစည်းများတွင် နယ်မြေအရဖြစ်စေ၊ ကာကွယ် ရေးတာဝန်အရဖြစ်စေ၊ ပြည်ထောင်စုဖက်ဒရယ် တပ်မတော်ကို တည်ဆောက်ရာတွင် လိုအပ်သော စစ်ပိုင်းဆိုင်ရာ/ ကာကွယ်ရေးဆိုင်ရာ ဖွဲ့စည်းပုံစနစ်များ ရေးဆွဲရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရမည်။
(၃) ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဒေသများအတွက် အာဏာခွဲဝေရေး စဉ်းစားချက်တွင် လိုအပ်သောကာကွယ်ရေးဆိုင်ရာ ဥပဒေပြုစုရေးအာဏာနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ မူဝါဒများကို ပြည်နယ်အဆင့်တွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပေသည်။
(၄) ယခင်က တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအေန်အဖ်စီ) မှ တင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရေး မူဝါဒ (၁၀) ချက်သည် လက်ရှိနိုင်ငံရေးအခြေအနေတွင် ဆက်လက် ကိုက်ညီ အံဝင်ခွင်ကျ ရှိနေသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများမှ တပ်မတော်ကို တင်ပြရမည် ဖြစ်ပေသည်။
နိုင်ငံတော်လုံခြုံရေးမူဝါဒဆိုင်ရာ အမြင်သဘောထားများ
မြန်မာနိုင်ငံအား ယခင်ဦးနုအစိုးရလက်ထက်တွင် နိုင်ငံခြားတပ်ဝင်ရောက် ကျူးကျော်ဖူးသည်။ နောက်ပိုင်းတွင် ပြည်ပမှ ကျူးကျော်မှုကား မရှိပေ။ နိုင်ငံတော်လုံခြုံရေး အချုပ်အခြာအာဏာတည်မြဲရေးအတွက် ကြွေးကြော်နေသည့် ဗမာ/ မြန်မာ့စစ်တပ်သည် လက်တွေ့စစ်မြေပြင်တွင် ပြည်ပကျူးကျော်တပ်တို့အား တိုက်ခိုက်နေခြင်း မဟုတ်ပေ။ မိမိနိုင်ငံနယ်နိမိတ်အတွင်း တိုင်းရင်းသားအညီအကိုတို့ကိုသာ တိုက်နေခြင်း ဖြစ်ပေသည်။
ထို့ကြောင့် နိုင်ငံတော်လုံခြုံရေးမူဝါဒ၊ ကာကွယ်ရေးဆိုင်ရာမူဝါဒ၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု အကြောင်းအရာသုံးရပ်ကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ တပ်မတော်မှ ဝါရင့်စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ အရပ်သားနိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အသိပညာရှင်များမှ အပြန်အလှန်၊ အဖက်ဖက်မှ လက်တွေ့ကျကျ စဉ်းစားပြီး နှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ပူးပေါင်းရုန်းကန်ရမည်ဟု ယုံကြည်ပြီး ကာကွယ်ရေးဆိုင်ရာမူဝါဒများကို အသေးစိတ် အပြန်အလှန် ဆွေးနွေးရာတွင် ပွင့်လင်းမြင်သာသော ကာကွယ်ရေးဆိုင်ရာမူဝါဒများကို ရေးသားပြီး တိုင်းပြည်နှင့် ပြည်သူလူထုသို့ ဖွင့်ချပေးရန် တာဝန်ရှိသည်။
ပြည်ထောင်စုတပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် အသွင်ကူးပြောင်းရေးကာလ စစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို တိုင်းရင်းသားလက်နက်ကိုင်တပ်များအား နယ်ခြားစောင့်တပ်အဆင့်သာ သွပ်သွင်းခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် မပါဝင်စေခြင်း၊ နေရာမပေးခြင်း စသည့်ကိစ္စတို့အား တပ်မတော်မှ ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစစ်မှာလဲ ပြီးဆုံးမည် မဟုတ်ပေ။ ပြည်နယ်ကာကွယ်ရေးနှင့် ပြည်ထောင်စုကာကွယ်ရေးတပ်အဆင့်တိုင်းတွင် တိုင်းရင်းသားတို့ ပါဝင်ခွင့် ရမှသာလျှင် ပြည်တွင်းပဋိပက္ခသည် ငြိမ်သက်သွားမည်ဖြစ်သည်။
ဗမာလူမျိုး (တိုင်းရင်းသား) မှ ပြည်ထောင်စုတပ်မတော်ကို ထိန်းချုပ်ခြင်း၊ အင်အားကြီးမားသော အခြားတိုင်းရင်းသား စစ်တပ်မှ မိမိတို့နယ်မြေဒေသအတွင်း လက်နက်ကိုင်အင်အားသေးငယ်သော အခြား တိုင်းရင်းသားစစ်တပ်များကို အလစ်တိုက်ခိုက်ခြင်း၊ နယ်မြေလုခြင်း၊ အကောက်ခွန်ဆိုင်ရာ (ဝင်ငွေပေါက်) များကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့က မိမိတို့ခြေကုပ်စခန်းကို ဆက်လက်ရပ်တည်နိုင်ရေး ကြိုးစားခြင်း စသည့် ပြဿနာ အရှုပ်ထုပ်များကို ဆွေးနွေးကာ ဖြေရှင်းရမည်။ လက်နက်ဖြင့် ဖြေရှင်း၍ မရပေ။ ပြဿနာတို့အား လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းသင့်ပေ။
ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ထူထောင်မည်ဟု တထစ်ချ ယုံကြည်သော ခေါင်းဆောင်များသည် အသွင်ကူးပြောင်းမှုကာလတွင် ပြည်ထောင်စု ကာကွယ်ရေးဆိုင်ရာမူဝါဒများ၊ စစ်တပ်စစ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမူဝါဒများကို မိမိတို့ တိုင်းရင်းသားပြည်နယ်များတွင်လည်းကောင်း၊ ပြည်ထောင်စုအတိုင်းအတာ တခုလုံးတွင်လည်းကောင်း အောက်ပါအတိုင်း စဉ်းစားရပေမည်။
၁။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အင်အား၊ ပြည်ထောင်စုတပ်မတော် တည်နေရာဌာနချုပ်၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရာတွင် လိုအပ်သော နှစ်စဉ်ဘဏ္ဍာသုံးငွေ၊ ပြည်ထောင်စု တပ်မတော် ဝန်ထမ်းများဆိုင်ရာ ခန့်အပ်မှု၊ ပြည်ထောင်စုတပ်မတော်တွင် ပါဝင်ရမည့် တိုင်းရင်းသားပြည်နယ်တို့မှ ပါဝင်ရမည့် ကာကွယ်ရေးတပ်အချိုးများဖြစ်သည်။
၂။ ပြည်နယ်အသီးသီးတွင်လည်း ၎င်းတို့၏ ကာကွယ်ရေးမူဝါဒကို အတည်ပြုပြီး ပြည်နယ်ကာကွယ်ရေးတပ် များအတွက် လိုအပ်သည့် အင်အား၊ လစဉ်လိုအပ်မည့် လစာဝင်ငွေနှင့် အသုံးစရိတ်များ၊ ဒေသခံ ပြည်သူလူထု လုံခြုံရေးဆိုင်ရာ အစီအမံများ၊ ဒေသအတွင်း ပြည်နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းရန်နှင့် ပြည်ထောင်စုတပ်မတော်နှင့် အလုပ်တာဝန်ခွဲဝေရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။
ပြည်ထောင်စုကာကွယ်ရေးဆိုင်ရာ မူဝါဒသည် ပြည်တွင်းငြိမ်းချမ်းရေး သဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် အားလျှော်စွာ လက်ရှိမြေပြင်တွင် တည်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် (တော်လှန် ရေးအင်အားစု) များသည် ပြည်ထောင်စုတပ်မတော် (ဖက်ဒရယ်တပ်မတော်) ပြန်လည်ဖွဲ့စည်းရာတွင် လူဦးရေအလိုက်ဖြစ်စေ၊ နယ်နိမိတ်အလိုက်ဖြစ်စေ၊ သမိုင်းကြောင်းအရ မိမိတို့ထိန်းချုပ်ထားသော နယ်စပ် ဒေသအလိုက်ဖြစ်စေ၊ အရပ်သားအစိုးရလက်အောက်တွင် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်။ ကာကွယ်ရေးဆိုင်ရာ မူဝါဒကို ရေးဆွဲရာတွင်လည်း ပြည်သူလူထု၏ ထောက်ခံမှု (ပါဝင်ပူးပေါင်းမှု) မှာ အလွန်ပင် အရေးကြီးသည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် တိုင်းရင်းသားပြည်နယ်များ၏ ကာကွယ်ရေးတပ်များအပေါ် အခြေခံရမည် ဆိုသော်လည်း စစ်ဦးစီးအဖြစ် တာဝန်ပေး ခန့်အပ်ရာတွင် တပ်မတော်ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုရှိရပါမည်။ တပ်မတော်တစ်ရပ်တွင် ကျင့်သုံးအပ်သော စစ်ပိုင်းဆိုင်ရာ အမိန့်နာခံမှု၊ တပ်မတော်တစ်ရပ်တွင် ကျင့်သုံးအပ်သော တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းကိုလည်း တိတိကျကျ လိုက်နာရမည်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တွင် တာဝန်ရာထူးအတွက် ခန့်အပ်သည့်အခါ အသားအရောင်၊ ဘာသာတရားကိုးကွယ်မှု၊ လူမျိုးကြီး/ လူမျိုးငယ်ဟု ခွဲခြားဆက်ဆံမှု မရှိပဲ၊ ချမှတ်ထားသော စည်းမျဉ်းနှင့်အညီ ခန့်အပ်ရမည်။ နိုင်ငံတကာတွင် ကျင့်သုံးသော စစ်ပိုင်းဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း ဆက်စပ် စဉ်းစားရပေမည်။
ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ထူထောင်ရာတွင် လူမျိုးကြီးဝါဒကို ခြေခံ၍ မရပေ။ မိမိလူမျိုးအင်အားကြီးမားပြီး ကျန်သော တိုင်းရင်းသားလူမျိုးအပေါ် နည်းအမျိုးမျိုးနှင့် ဆက်လက်ကန့်သတ်၊ ပိတ်ပင်တားဆီး အနိုင်ကျင့်လျှင် ပြည်ထောင်စုဟု မခေါ်ဆိုထိုက်တော့ပေ။ ဤအချက်တစ်ရပ်ကိုသာ အလေးအနက်စဉ်းစားပြီး ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးမှု၊ တပ်မတော်အသစ် တည်ဆောက်မှုတွင် ပြောဆိုရန် လိုအပ်မည် ဖြစ်ပေသည်။
နိဂုံး
ဗမာ့/မြန်မာ့တပ်မတော်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးသည့်နောက် ပြည်သူလူထု လုံခြုံရေးမှာ ပိုမိုဆိုးဝါးလာသည်။ လက်ရှိတပ်မတော်မှ ပြည်သူလူထုများကို သတ်ဖြတ်ခြင်း ရပ်ရွာများကို မီးတင်ရှို့ခြင်း၊ အစုအလိုက် အပြုံလိုက် သတ်ဖြတ်ကာ နိုင်ငံတကာ စစ်ဥပဒေများကို နေ့စဉ်နှင့်အမျှ ချိုးဖောက်နေသည်။ ထို့ ကြောင့် လက်ရှိတပ်မတော်အား ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲမည်ဆိုပါက အတော်ပင် ခက်ခဲနိုင်ပေသည်။ သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းရမည် ဖြစ်သည့်အတွက် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအနေဖြင့် ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးကာလအတွက် ‘ဖက်ဒရယ်တပ်မတော်’ တရပ်ကို စတင်ဖွဲ့စည်းသွားနိုင်ကြောင်း တင်ပြအပ်ပါသည်။