မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်
Container truck road near container yard of Kyi Myin Daing Ts , Yangon on July 18, 2018. Photo By Aungmyin Yezaw

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(April 2023 အတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

စစ်အာဏာသိမ်းမှု (၂) နှစ်ကျော်အကြာမှာ မြန်မာနိုင်ငံသည် တိုးတက်လာခြင်းမရှိသေးဘဲ ကျဆုံးနိုင်ငံတော်(Failed State)အသွင်သို့ ဆောင်နေဆဲပင်ဖြစ်သည်။ နိုင်ငံရေး ကဏ္ဍ အပါအဝင် စီးပွားရေး၊ လူမှုရေး (ပညာရေး ၊ကျန်းမာရေး)ဏ္ဍ များသည် ချွတ်ခြုံကျ လျက်ရှိသည်။ စစ်အာဏာရှင်စနစ်၏ တကျော့ပြန် အာဏာရယူခြင်း  အကျိုးအဆက်ကြောင့် နိုင်ငံအနှံ့အပြားတွင် လက်နက် ပဋိပက္ခများ ပြင်းထန်စွာ အားကောင်း တောက်လောင် လျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ စစ်အာ ဏာသိမ်းပြီးနောက်  ဖမ်းဆီးခံရသူ (၂၁၅၆၆) ဦး၊ သတ်ဖြတ်ခံရသူ (၃၄၄၄)ဦး နှင့် မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူပိုင်နေအိမ် အလုံးပေါင်း (၆၀၄၅၉)ကျော်အထိ ရှိသည်ဟု  လွတ်လပ်သော သတင်းမီဒီယာများ ဖော်ပြချက်မှ တွေ့ရသည်။ ထို့အပြင် နိုင်ငံတဝှမ်းက ပြင်းထန်သော လက်နက်ကိုင်တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် (၁.၈)သန်းကျော်အထိ ရှိသည်။ လက်နက်ကိုင်တိုက်ပွဲ ပိုမိုပြင်းထန်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်က နေရာအချို့မှာ စစ်ပြေးဒုက္ခသည်များ ရာသီဥတု ဖောက်ပြန်မှုဒဏ်နှင့်အတူ စစ်ပွဲများ၏ဒဏ်ကို အလူးအလဲ ခံစားနေကြရပြီး လူသားချင်းစာနာမှု အကူအညီများ အထူးတလည် လိုအပ်နေသည်။

 စစ်ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဘုံသဘော တူညီချက် (၅)ရက်ကို ဘေးဖယ်ထားလျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ပြီး တော်လှန်ရေး အင်အားစုများ ပိုမိုအားကောင်းသော နေရာဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ နှင့် အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာသည်။ အပြစ်မဲ့ပြည်သူများကို အကြောင်း မဲ့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းစသည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးနှင့် ဆန့်ကျင်သော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိသည်။ အလားတူပင် အချို့သော တော်လှန်ရေးအင်အားစုဘက်မှလည်း အပြစ်မဲ့ပြည် သူများကို ဒလံဟု စွပ်စွဲချက်ဖြင့်  အကြောင်းမဲ့ သတ်ဖြတ်ခြင်း စသော လုပ်ရပ်မျိုးကို ဆက်လက် ကျူးလွန်နေပေသည်။ ကြားထဲကပင် အပြစ်မဲ့ပြည်သူများ မြေစာပင် ဖြစ်နေသည်။ထို့ကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် သွေးထွက်သံယို အခင်းအကျင်းဘက်သို့ ဦးတည်နေဆဲဖြစ်ပြီး ငြိမ်းချမ်းသော နိုင်ငံတော်ကြီးနှင့် ဆက်လက်အလှမ်းဝေးနေအုံးမည် ဖြစ်သည်။

 ထို့အပြင် ပြည်တွင်းစစ်မီးများ အားကောင်းတောက် လောင်လျက်ရှိပြီး  တိုင်းပြည်တိုးတက်ရန် အဓိကကျသော စီးပွားရေး၊ လူမှုရေး (ပညာရေး၊ကျန်းမာရေး) ကဏ္ဍများသည်လည်း  ပုံမှန်အခြေအနေသို့ မရောက်ရှိ နိုင်သေးပေ။  ပြည်တွင်း မတည်ငြိမ်မှုကြောင့်  ဒီမိုကရေစီ အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံထားကြသည့် နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု အများအပြား    ထွက်ခွာသွားကြသည်။ စီးပွားရေးစနစ်များပျက်စီးပြီး ငွေကြေးဖောင်းပွမှု ပြဿနာများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းပြဿနာ များကို ပြည်သူများက ယနေ့အထိ ရင်ဆိုင်ကြုံတွေ့ရသည်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသည့် ရိုက်ခတ်မှု ကြောင့်  အလုပ်အကိုင် ရှားပါးမှုပြဿနာများလည်း အရှိန်အဟုန် မြင့်လာသည်။  တိုင်းပြည်မတည် ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးမှုကဏ္ဍလည်း ပြိုလဲ ပျက်စီးပြီး လူသတ်မှု၊ အနုကြမ်းစီးမှု၊ ခိုးမှု၊ လုယက်မှုစသည့်  အဖြစ်အပျက်များသည် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယိုယွင်းပျက်စီးမှုနှင့်အတူ ကျရှုံးနိုင်ငံတော် အဖြစ်သို့ ကျရောက်နေသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply