မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
(June 2023 လအတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute For Civi Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်၏ ကြီးစိုးမှုသည် အတော်ပင်သက်ဆိုးရှည်လျားလှသည်။ စစ်အစိုးရ အုပ်ချုပ်လာသည့် ကာလတစ်လျှောက်တွင် တိုင်းပြည်သည် အထွေထွေအကြပ်အတည်းများနှင့်အတူ ပြိုလဲပျက်စီးခဲ့သည်။ ပြည်တွင်းစစ်များသာ ကြီးထွားလာသည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင် တိုင်းပြည်တိုးတက်ရေးထက် ကိုယ်ကျိုးစီးပွားနှင့် အာဏာတည်မြဲရေးကိုသာ ဦးစားပေးပေသည်။ စစ်အစိုးရ၏ မှားယွင်းသော နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး မူဝါဒနှင့် လုပ်ဟန်တို့ကြောင့် အာရှတခွင်တွင် သယံဇာတပေါကြွယ်ဝ၍ အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံအဖြစ်မှ ကမ္ဘာတွင် အဆင်းရဲဆုံး (၁၀) နိုင်ငံအပါအဝင်ဟု ကုလသမဂ္ဂမှပင် လက်ခံအသိမှတ်ပြုရသည့်အဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ယခုအခါ ၂၀၂၁ စစ်အာဏာ သိမ်းမှုကြောင့် တိုင်းပြည်သည် ယခင်စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်အခြေအနေကဲ့သို့ ရောက်ရှိခဲ့ရပြီး အဖက်ဖက်မှ အလဲလဲအပြိုပြို ဖြစ်ခဲ့ရသည်။
စစ်အာဏာသိမ်းမှု (၃) နှစ်နီးပါးရှိပြီးဖြစ်သော်လည်း တိုင်းပြည်သည် တိုးတက်လာခြင်းမရှိသေးဘဲ ပြိုလဲပျက်စီးသည့် လမ်းကြောင်းပေါ်သို့ ဦးတည်နေလျက်ရှိသည်။ တရားဥပဒေစိုးမိုးမှုများ ပြိုလဲပြီး မင်းမဲ့တိုင်းပြည်အသွင်သို့ ဆောင်နေသည်။ ကျဆုံးနိုင်ငံတော်(Fail State) အခြေအနေကဲ့သို့ ဆိုက်ရောက်နေသည်။ စစ်ကောင်စီသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို ဘေးဖယ်ထားလျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင် စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်များ အားကောင်းသော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့်ကရင်ပြည်နယ် အစရှိသည့်နေရာများတွင် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ တွေ့ရသည်။
လက်နက်ကိုင်တပ်များအပေါ် ပစ်မှတ်ထား ချေမှုန်းနေရုံမက လူနေအိမ်၊ ဘာသာရေး အဆောက်အအုံ၊စာသင်ကျောင်း စသည်တို့နှင့် အရပ်သားပြည်သူများ တည်ရှိသော နေရာများတွင် ပစ်မှတ်ထား တိုက်ခိုက်နေသည်။ဤအချက်ကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် လူ့အခွင့်အရေးနှင့် စစ်ရာဇဝင်မှုများ ဆက်လက်ကျူး လွန်နေသည်ကို ထင်ဟပ်စေသည်။ အလားတူပင် အချို့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှလည်း အရပ်သားပြည်သူများကို ဒလံဟု စွပ်စွဲချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းစသော လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေသည်။ စစ်ရေးပဋိပက္ခကြားထဲတွင် ပြည်သူများ အားကိုးရာမဲ့ ဘဝသို့ ရောက်ရှိနေပြီး ဒုက္ခအသွယ်သွယ်နှင့် ရင်ဆိုင်နေကြရသည်။
ထို့အပြင် စစ်ရေး၏ အကျိုးအဆက်ကြောင့် ပြည်တွင်းမတည်ငြိမ်မှုနှင့်အတူ စီးပွားရေး၊ လူမှုရေး (ကျန်းမာရေး၊ပညာရေး) စသည့် ကဏ္ဍများလည် ချွတ်ခြုံကျလျက်ရှိသည်။ လူတိုင်းလက်လှမ်းမှီသော ပညာရေး၊ ကျန်းမာရေးစနစ်နှင့် ဝေးကွာလျက်ရှိသည်။ တရားဥပဒေစိုးမိုးရေး ပြိုလဲပျက်စီးမှုဒဏ်ကြောင့် ခိုးမှု၊ လုယက်မှု၊ အနုကြမ်းစီးမှုနှင့် သတ်ဖြတ်မှုတို့သည် မကြာခဏဆိုသလို မြင်တွေ့နေရသည်။ထိုကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းသည် ဆွေးနွေးညှိနှိုင်း အဖြေရှာလိုကြသည့် (negotiated settlement) သဘော မတွေ့ရသေးပဲ စစ်ရေးဘက် ပိုမိုအားသန်နေဆဲ ဖြစ်သည်။