မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(July 2023 လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

၂၀၂၁စစ်အုပ်ချုပ်ရေးအသွင်သို့တဖန်ကူးပြောင်းလာသည့်ဒဏ်ကြောင့် အလဲလဲ အပြိုပြိုဖြစ်ခဲ့ရာမှ ၃ နှစ်နီးပါး ရှိလာပြီးဖြစ်သည်။ ယခင်က ပြည်သူများ ခံစားဖူးခဲ့သော ဒီမိုကရေစီအငွေ့အသက်များ၊ လူ့အခွင့်အရေးများသည် အိမ်မက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။ တိုင်းပြည်သည် ယနေ့အချိန်ထိ တိုးတက်ပြောင်းလဲသည့် အရိပ်အယောင်မျှ မတွေ့ရသေးဘဲ ကျရှုံးနိုင်ငံတော် (Failure State) အသွင်ကဲ့သို့ သွေးထွက်သံယို သေကြေပျက်စီးသည့်အခင်းအကျင်းဘက် ဦးတည်နေဆဲ ဖြစ်သည်။

၂၀၂၃ခုနှစ်သည် စစ်ရေးအရှိန်ပိုမိုပြင်းထန်သောနှစ်ဖြစ်သည်။ နိုင်ငံရေးဘောင်ကျဉ်းလာပြီး စစ်ရေး ဘောင်ပိုမိုကျယ်ပြန့်လာသည်။ နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခများ အားကောင်းစွာ လောင်ကျွမ်းနေဆဲဖြစ်သည်။ ယခင်ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားသည့်ဒဏ်ကြောင့် ပြည်သူများ အိုးအိမ်များကို စွန့်ကာ တောတောင်ကြားတွင် ဒုက္ခအသွယ်သွယ်နှင့် အလူးအလဲ ခံစားနေရဆဲ ဖြစ်သည်။ ပိုမိုဆိုးရွားသော အခြေအနေများဆိုက်ရောက်နေပြီး စစ်ပြေးဒုက္ခသည် (၂.၆) သန်းကျော်အထိ ရှိလာသည်။ ဥပဒေမဲ့သတ်ဖြတ်မှု၊လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇာဝတ်မှု ကျူးလွန်မှုတို့သည် နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ တရားဥပဒေစိုးမိုးမှုများ ကင်းမဲ့ပြီး မင်းမဲ့တိုင်းပြည်ကဲ့သို အခြေအနေများက ပြသနေသည်။

နိုင်ငံတဝှမ်းက လက်နက်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ တစ်ဖက်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားများ ပိုမိုယိုယွင်းလာသည်။  ယိုယွင်းပျက်စီးနေသော ၎င်း၏ယန္တရားများကို ပြန်လည် နလန်ထူလာအောင် ရရာနည်းဖြင့်  အားသွန်ခွန်စိုက် ကြိုးပမ်းနေသော်လည်း ယနေ့အချိန်အထိ မအောင်မြင်နိုင်သေးပေ။ အချို့သော ဒေသများတွင် ၎င်း၏အုပ်ချုပ်ရေးယန္တရားများ အာနည်းသထက် အားနည်းလာပြီး စင်ပြိုင်အုပ်ချုပ်ရေးယန္တရားများ ပေါ်ထွန်းလာသည်ကို တွေ့ရသည်။  ၂၀၂၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ကရင်နီ နိုင်ငံရေးခေါင်းဆောင်များနှင့် တော်လှန်ရေးခေါင်းဆောင်တို့မှ ကရင်နီပြည်နယ်တွင် ကြားကာလအုပ်ချုပ်ရေးကောင်စီတစ်ရပ် ထူထောင်လိုက်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ကရင်နီပြည်သည် ဗဟိုချုပ်နှောင်မှုကင်းသော  ပြည်နယ်ကဲ့သို့ ရောက်ရှိလာတော့မည်လောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထို့ကြောင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းသည် နိုင်ငံရေးကို လက်နက်လမ်းစဉ်နှင့် ဖြေရှင်းသည့် အခင်းအကျင်းဘက်သို့ ဦးတည်လျက် ရှိသည်။

Share.

About Author

Leave a Reply