လစဉ် လူမှု- စီးပွားသုံးသပ်ချက်
( October လအတွင်း မြန်မာနိုင်ငံ၏ လူမှု- စီးပွားသုံးသပ်ချက်)
Rehmonnya Institute for Civic Engagement (RICE)
လက်နက်ကိုင်ပဋိပက္ခနှင့် လုံခြုံရေး ခြိမ်းခြောက်မှု
၂၀၂၁ စစ်အုပ်ချုပ်ရေးအသွင်ကူးပြောင်းလာပြီးနောက် မြန်မာ့နိုင်ငံရေးသည် ရှုပ်ထွေးပွေလီစွာဖြင့် ပြောင်းလဲလာသည်။ နိုင်ငံတဝှမ်းက စစ်မျက်နှာပွင့်လာကာ လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန် လာသည်။ လက်နက်ကိုင် ပဋိပက္ခအားကောင်းလာသည်နှင့်အမျှ တရားဥပဒေ စိုးမိုးရေးယန္တယား ပိုမိုယိုယွင်းလာသည်။ လူသားတိုင်းအတွက် အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ အသက်ရှင်ပိုင်ခွင့်၊ လုံခြုံစွာ နေထိုင်လုပ်ကိုင်စားသောက်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်စသော အခြေခံလူ့အခွင့်အရေးတို့သည် ယနေ့အချိန်တွင် မရှိတော့ချေ။ နိုင်လိုမင်းထက်အခြေအနေသို့ ဆိုက်ရောက်နေပြီး လူသားတိုင်းတို့၏ လုံခြုံရေးအပေါ် ပိုမိုထိပါးလာနေသည်။
မြန်မာနိုင်ငံတောင်ပိုင်းတွင်မူ စစ်ရေးဘောင်ကျယ်ပြန့်လာပြီး ပြည်သူလူထုများ၏ လုံခြုံရေးများ ပိုမိုခြိမ်းခြောက်ခံနေရသည်။ အာဏာသိမ်းခါစမှာ လက်နက်ကိုင်တိုက်ပွဲများ မရှိသလောက် နည်းပါးသော်လည်း ယနေ့အချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အားကောင်းသည့် မြို့နယ်များတွင် လက်နက် ကိုင်တိုက်ပွဲများ ခပ်စိပ်စိပ်မြင်တွေ့လာရသည်။
နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ လုပ်ရိုးလုပ်စဉ် ဖြစ်သည့် အရပ်သားများကို မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းစသဖြင့် စစ်ရာဇ ဝတ်မှုနှင့် ဆန့်ကျင်သော လုပ်ရပ်မျိုး ပိုမိုလုပ်ဆောင်လာသည်။ တော်လှန်ရေးအင်အားစုဘက်မှလည်း အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ မှားယွင်းပစ်ခတ်မှုများ ရှိလာရာ လူ့အခွင့်အရေး ချိုးဖောက်မှုများ တနေ့ထက်တနေ့ များပြား လာပြီး ပြည်သူလူထုလုံခြုံရေးအခြေအနေ ဆိုးရွားလာခဲ့သည်။
လွပ်လပ်သောသတင်းမီဒီယာများ၏ ဖော်ပြချက်အရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးချုပ်နှောင်ခံရသူ (၄၄၅၀+)ယောက်၊ ထိခိုက်ဒဏ်ရာရသူ (၁၀၆၂+)ယောက်နှင့် သတ်ဖြတ်ခံရသူ (၃၅၁+)ယောက်အထိ ရှိသည်။ ယင်းအခြေအနေကို ကြည့်ခြင်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခများကြားတွင် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုတိုးပွားလာပြီး လုံခြုံမှုကင်းမဲ့သော အခြေအနေသို့ ဆိုက်ရောက်နေသည်။