ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ (RICE) မှ ၂၀၂၆ ခုနှစ်၊ မေလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။
ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။
ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ မေလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

မေလတစ်လအတွင်း မြို့နယ်အလိုက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ

(၂၀၂၆) ခုနှစ်၊ မေလ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၁) ကြိမ်သာ ရှိခဲ့ပြီး ရေးမြို့နယ်၊ လိမ္မော်ခြံနှင့် နှစ်ကရင်လမ်းဆုံကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၁) လက်အောက်ခံ တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်း စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့ကြခြင်း ဖြစ်သည်။
အခြားဖြစ်စဉ်များတွင်မူ လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၄) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၇) ဦး ဒဏ်ရာရရှိခဲ့ပြီး (၅) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ဘီးလင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။
ရေဖြူမြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။
အလားတူ ကြာအင်းဆိပ်ကြီး၊ ဘားအံနှင့် ရေးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်စီ၊ ကော့ကရိတ်မြို့နယ်တွင် ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ် စသဖြင့် အသီးသီး ရှိခဲ့သည်။ ဤတိုက်ခိုက်မှုများကြောင့် အရပ်သားလူထုတို့၏ နေအိမ် (၆) လုံးနှင့် ကား (၁) စီး ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။

မြို့နယ်အလိုက် အရပ်သားထိခိုက်မှု

(၂၀၂၆) ခုနှစ်၊ မေလအတွင်း မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ်တွင် အရပ်သားသေဆုံးမှု စုစုပေါင်း (၁၆) ဦးအထိ ရှိခဲ့ပြီး သေဆုံးသူများတွင်အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၅) ဦးနှင့် အသက် (၁၃) နှစ်အရွယ် ကလေး (၁) ဦးတို့ ပါဝင်ပါသည်။ သို့သော်လည်း စစ်ရေးပဋိပက္ခဟူသည့် လေကြောင်းအပါအဝင် တိုက်ပွဲနှင့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အရပ်သား (၅) ဦးသာ ရှိပြီး လက်သည်မပေါ်သည့် အသတ်ခံရမှုကြောင့် သေဆုံးသူက ပိုမိုများပြားနေကာ တရားဥပဒေစိုးမိုးမှု အားနည်းနေသည်ကို တွေ့ရသည်။
ဒဏ်ရာရရှိမှုတွင် အရပ်သား စုစုပေါင်း (၁၀) ဦးအထိ ရှိခဲ့ပြီး အမျိုးသား (၄) ဦး၊ အမျိုးသမီး (၂) ဦးနှင့် ကလေး (၄) ဦး ပါဝင်နေပါသည်။ ဒဏ်ရာရရှိခဲ့သည့် ကလေးများသည် အသက်အရွယ်အားဖြင့် (၄) နှစ်၊ (၆) နှစ် မှ (၁၆) နှစ်အရွယ် ကလေးများ ဖြစ်ကြပါသည်။ အများစုမှာ အာဏာသိမ်း စစ်တပ်၏ လေကြောင်းများကြောင့် ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်ပါသည်။
မြို့နယ်အလိုက် ဖမ်းဆီးခံရမှု

(၂၀၂၆) ခုနှစ် မေလအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၈၅) ဦးအထိ ရှိခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု၏ စစ်မှုထမ်းဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများကြောင့် အရပ်သားများ ဖမ်းဆီးခံရခြင်း ဖြစ်ပါသည်။ မေလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၇၅) ဦး ရှိခဲ့ပြီး အများစုကို လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြသည်။ ဖမ်းဆီးခံရသူအားလုံးသည် စစ်တပ်၊ ရဲနှင့် ပျူစောထီးများထံ တစ်ဦးလျှင် ငွေသိန်းနှင့်ချီကာ ပေး၍ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။
အခြားဖမ်းဆီးခံရသူ (၁၀) ဦးတွင် ကော့ကရိတ်မြို့နယ်တွင် (၄) ဦးနှင့် ဘီးလင်းမြို့နယ်တွင် (၄) ဦး စုစုပေါင်း (၈) ဦးကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ အလားတူ ကော့ကရိတ်မြို့နယ်အတွင်း အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခံရသူ (၂) ဦး ရှိခဲ့ပြီး မေလ (၂၃) ရက်တွင် (၁) ဦးသာ ပြန်လည်လွတ်မြောက်ခဲ့သည်။
