မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။

ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ စက်တင်ဘာလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ

(၂၀၂၆) ခုနှစ်၊ စက်တင်ဘာလ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၅) ကြိမ် ရှိခဲ့ပြီး ရေဖြူမြို့နယ်တွင် (၄) ကြိမ်အထိ အများဆုံးနှင့် ကော့ကရိတ်မြို့နယ်တွင် (၁) ကြိမ် ဖြစ်ပွါးခဲ့သည်။ ရေဖြူမြို့နယ်၏ တိုက်ပွဲအခြေအနေကို ကြည့်ပါက ထားဝယ်အထူးစီးပွါးရေးဇုန်တလျှောက်နှင့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတလျှောက်ကို အာဏာသိမ်း စစ်အုပ်စုက အင်အားအများအပြားနှင့် နေရာယူစစ်ကြောင်းထိုးခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် စက်တင်ဘာလ၌ စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၂၇) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၄) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၈) ဦး ဒဏ်ရာရရှိခဲ့ပြီး (၄) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁၅) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကျိုက်ထိုမြို့နယ်တွင်  ကလေး (၁) ဦး အပါအဝင် အရပ်သား (၃) ဦး သေဆုံးကာ (၅) ဦး ဒဏ်ရာရရှိမှု ရှိခဲ့သည်။

အလားတူ ကော့ကရိတ်မြို့နယ်၌လည်း လက်နက်ကြီးပစ်ခတ်မှု (၈) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြိုန့ယ်တွင် အရပ်သား အမျိုးသမီး (၁) ဦး သေဆုံးကာ အမျိုးသား (၁) ဦး ဒဏ်ရရှိခဲ့သည်။

ရေဖြူမြို့နယ်တွင်မူ လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။ လက်နက်ကြီး‌ပေါက်ကွဲမှုကြောင့် ရေဖြူမြို့နယ်တွင် အရပ်သား အမျိုးသမီး (၂) ဦး ဒဏ်ရာရရှိမှု ရှိခဲ့သည်။

ထို့အပြင် ကြာအင်းဆိပ်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်၊ ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်စီ အသီးသီးရှိခဲ့ကြသည်။

 

မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်

 

(၂၀၂၆) ခုနှစ် စက်တင်ဘာလအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၅၄) ဦးအထိ ရှိခဲ့ပြီး အများစုမှာ အာဏာသိမ်း စစ်အုပ်စု၏ စစ်မှုထမ်းဖမ်းဆီးမှုကြောင့် အရပ်သားများ အဓမ္မဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

စက်တင်ဘာလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၃၆) ဦး ရှိခဲ့ပြီး အများစုကို လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြသည်။  စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား စုစုပေါင်း (၁၃) ဦး ရှိခဲ့ပြီး (၁၂) ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သည်။

အခြားအကြောင်းအရင်းဖြင့် ဖမ်းဆီးခံရသူ အရပ်သား (၅) ဦး ရှိခဲ့ရာ ၎င်းတို့အနက် (၂) ဦးမှာ “တော်လှန်ရေးအဖွဲ့များအား သတင်းပေးမှု” စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ (က) ဖြင့် စစ်အုပ်စုက အရေးယူဖမ်းဆီးထားသည်။ ထို့အပြင် ရေဖြူမြို့နယ်၊ ကျောက်ကဒင်ရွာနေ အသက် (၃၈) နှစ်အရွယ် ဦးမျိုးနောင်ဆိုသူသည် ၎င်းပိုင် ဥယျာဉ်ခြံ၌ ရှိနေစဉ် စက်တင်ဘာလ (၇) ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယ္ခုအောက်တိုဘာလဆန်းအထိ ပြန်လည်လွတ်မြောက်လာခြင်းလည်း မရှိသကဲ့သို့ မည်သည့်သတင်းအစအနမျှပင် မရရှိကြောင်း မိသားစုဝင်ထံမှ သိရသည်။

 

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်

(၂၀၂၆) ခုနှစ် စက်တင်ဘာလအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအချို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ စက်တင်ဘာလအတွင်း အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် နေအိမ် (၄၂) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ဘီးလင်းမြို့နယ်တွင် နေအိမ် (၃၈) လုံးနှင့်  ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာန(KECD) လက်အောက်ရှိ အထက်တန်း (ခွဲ) စာသင်ကျောင်း (၁) ကျောင်းနှင့် မူလတန်း (လွန်) စာသင်ကျောင်း (၁) ကျောင်း စုစုပေါင်း စာသင်ကျောင်း (၂) ကျောင်း၊ ကျိုက်ထိုမြို့နယ်တွင် စျေးအပါအဝင် နေအိမ် (၃) လုံး၊ ရေဖြူမြို့နယ်တွင် နေအိမ် (၁) လုံး စသဖြင့် အသီးသီး ပျက်စီးမှုများ ရှိခဲ့ကြသည်။

ထို့အပြင် စက်တင်ဘာလ (၁၅) ရက် ကော့ကရိတ်မြို့နယ်၊ နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းပေါ်ရှိ မြခိုင်ကုန်းစစ်ဆေးရေးဂိတ်၌ လူငယ်အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အတူစီးနင်းလာသည့် ဆိုင်ကယ် (၁) စီးနှင့် ငွေ (၁၀) သိန်းကျပ်တို့ကိုလည်း ယင်းဂိတ်မှ တာဝန်ကျ စစ်အုပ်စုတပ်ဖွဲ့ဝင်များက အဓမ္မသိမ်းဆည်းရယူခဲ့သည်။ အလားတူ ရေဖြူမြို့နယ်၊ မိုင်ခြောက်ဆယ်ရွာ ဥယျာဉ်ခြံတစ်ခုရှိ ခြံပိုင်ရှင်အမျိုးသားတစ်ဦးထံမှလည်း ဖုန်း (၃) လုံးအား ၎င်းနယ်မြေကို လှည့်လည်စစ်ကြောင်းထိုးနေသော စစ်အုပ်စုစစ်ကြောင်းတစ်ခုက အဓမ္မသိမ်းဆည်းခဲ့သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply