နှစ်ပေါင်းရှည်ကြာစွာ ဖြစ်ပေါ်ခဲ့သော မြန်မာပြည်တွင်းစစ်ကာလ တလျှောက်လုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၊ အပစ်အခတ်ရပ်စဲရေး သဘောတူမှုများကို များပြားစွာ တွေ့ခဲ့ရသည်။ တိုင်းပြည်ပြဿနာကို စစ်ပွဲဖြင့် ဖြေရှင်းခြင်းသည် သွေးထွက်သည့် နိုင်ငံရေးဟု ဆိုပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်မှာ စားပွဲဝိုင်းပေါ်က သွေးမထွက်သည့် စစ်ပွဲဖြစ်သည်ဟု ဆိုကြသည်။ ငြိမ်းချမ်းရေးအတွက် ရိုးသားကြပါဟုလည်း ပြောကြသည်။ ပြီးလျှင် တဖက်နှင့်တဖက် မရိုးသားကြဟု အပြန်အလှန် လက်ညိုးထိုးကာ စွပ်စွဲနေကြသည်မှာ ယခုထက်ထိတိုင် ဖြစ်၏။ ထပ်ခါထပ်ခါ ပြနေသော်လည်း မရိုးသေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲဇာတ်ကားက ထပ်မံ၍ ရုံတင်ပြသအုံးမည်။ မြေပြင်တွင် ထိုးစစ်များ ဆင်နွှဲနေချိန်၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ထားသည့် အခြေအနေနှင့် ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်အချို့အပြင် နိုင်ငံတကာက မည်သို့ တုံ့ပြန်ခဲ့သည်ကို သုံးသပ် တင်ပြသွားပေမည်။