မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးရန် မြေစမ်းခရမ်းပျိုးနေစဉ် အာဏာသိမ်းဖျက်ပိုးက ဒီမိုကရေစီအပင် ပေါက်ရောက်ကြီးထွားနေမှုအား မလိုလား၍ အမြစ်ကိုက်ဖြတ် ပင်စည်ဆွဲလှန်ကာ သုတ်သင်ရှင်းလင်းလိုက်သည်။ ထို့ကြောင့် ဒီမိုကရေစီမျိုးစေ့များကလည်း မိမိတို့မျိုးဆက် ပြန်လည်ရှင်သန်ပေါက်ဖွားရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်ပြီး နောက်ဆုံးတွင် လက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြရသည်။ အကျိုးဆက်အနေဖြင့် တိုင်းပြည်တွင် ငြိမ်းချမ်းရေးပျက်ပြား၍ ပြည်သူများက စစ်ဘေးပဋိပက္ခများကြားတွင် လုံခြုံမှုကင်းမဲ့သည့်ဘဝသို့ ရောက်ရှိခဲ့ ကြရပေသည်။
တိုင်းပြည်အာဏာကို အဓမ္မနည်းလမ်းဖြင့် သိမ်းပိုက်ရယူထားသော စစ်ကောင်စီက ပြည်တွင်းဆန့်ကျင်မှု ပုံသဏ္ဍာန်မျိုးစုံ၊ နိုင်ငံတကာအရေးယူပိတ်ဆို့မှု စသော ဖိအားတို့ကြောင့် နိုင်ငံရေးထွက်ပေါက်ရရှိရန် ကြိုးပမ်းရသည်။ တချိန်တည်း၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့(EAOs)နှင့် တွေ့ဆုံညှိနှိုင်းကာ ငြိမ်းချမ်းရေးဆွေးနွေးနေသယောင် ဟန်ဆောၚ်၍ အောက်ခြေတွင် ၎င်းတို့တပ်ဖွဲ့ဝင် များက တော်လှန်ရေးအင်အားစုများကို ဖိနှိပ်ဖြိုခွဲနေသည်။
မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် စစ်ကောင်စီက နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးထားရှိမှု အခြေအနေ၊ စစ်ရေးပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက် အလက်များနှင့် နိုင်ငံတကာအသိုင်း အဝိုင်းက မည်ကဲ့သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။