မေလငြိမ်းချမ်းရေးသုံးသပ်ချက်
မိုခါဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံထဲ ခဏတာဝင်မွှေပြီး ထွက်သွားသော်လည်း စစ်ကောင်စီက မြန်မာ့နိုင်ငံရေးမှ ထွက်သွားရန် အစီအစဥ်မရှိသေးပါ။ တော်လှန်သော မြန်မာပြည်သူတို့အပေါ် ဖမ်းဆီးသတ်ဖြတ် ထောင်သွင်းအကျဥ်းချသည့် လုပ်ငန်းတာဝန်ကို ဆက်လက်ထမ်းဆောင်နေရသည်။ ယခုလ ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အား မမှိတ်မသုန် ပြုလုပ်လာသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ (PPST) ၏ အဖွဲ့အတွင်း ယိုင်နဲ့လာသော အခြေအနေကို ဖတ်ရှုရမည်။ အမျိူးသမီးနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် ဖက်ဆစ်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အကြောင်းလည်း ထည့်သွင်းရေးသားထားသည်။ ယခုအခါ နိုင်ငံ၏ နေရာအနှံ့အပြားတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိရာ တိုက်ပွဲဖြစ်ပွားမှု အရေအတွက်များသည့် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ အခြေအနေကိုလည်း တင်ပြထားသည်။ ယင်းအပြင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ တုံ့ပြန်ပြောဆို ထားသည်ကအစ ဤစာတမ်းတွင် အကျယ်တဝင့် ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။