လစဉ် လူမှု- စီးပွားသုံးသပ်ချက်
( November လအတွင်း မြန်မာနိုင်ငံ၏ လူမှု- စီးပွားသုံးသပ်ချက်)
Rehmonnya Institute for Civic Engagement (RICE)
မွန်ပြည်တလွှား စစ်မျက်နှာကျယ်ပြန့်လာ
မိုးကုန် ဆောင်းကူး ပွင့်လင်းရာသီ ရောက်လာခဲ့ပြီလေ။ တပြည်လုံး နိုင်ငံအနှံ့အပြားမှ တော်လှန်ပုန်ကန်မှု အားကောင်းလာခဲ့သည်။ စစ်ရေးဘောင် ပိုမိုကျယ်ပြန့်လာကာ နိုင်ငံတဝှမ်းက ဟန်ချက်ညီ တော်လှန်သည့် အချိန်ကာလ ရောက်လာခဲ့ပြီး ဖြစ်သည်။
မွန်ပြည်တလွှားတွင်မူ ယခုလအတွင်း စစ်မျက်နှာများ ကျယ်ပြန့်လာကာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ခုခံစစ်ကနေ အရှိန်အဟုန်ပြင်း တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ မြင်တွေ့ရ၏။ စခန်းသိမ်းတိုက်ပွဲ၊ လှုပ်ရှားစစ်ကြောင်းများအား တိုက်ခိုက်သည့် တိုက်ပွဲ၊ ခြုံခိုတိုက်ပွဲ၊ မြို့ပြပျောက်ကြားတိုက်ပွဲစသည့် တိုက်ပွဲပေါင်းများစွာ တွေ့ ရသည်။
လက်တလောတွင် မြောက်ပိုင်းမဟာမိတ် ညီနောင်(၃)ဖွဲ့ ဖော်ဆောင်သော ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေး ဂယက်နှင့်အတူ နိုဝင်ဘာ ၁၀ ရက်နေ့မှစပြီး ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အစပ်ဖြစ်သည့် ချောင်းနှစ်ခွကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့များအကြား ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[1] မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်သော တိုက်ပွဲများအနက် ရက်ရှည်ကြာဆုံးနှင့်ပြင်းထန်ဆုံး တိုက်ပွဲတစ်ခုဟု ဆိုနိုင်ပြီး ယနေ့အထိ ပြင်းထန်လျက်ရှိသည်။ မြန်မာပြည်တောင်ပိုင်းရှိ အခြားမြို့နယ်များတွင်လည်း အလားတူပြင်းထန်တိုက်ပွဲများ တွေ့ရသည်။
လဂွန်းအိမ်စာစဉ်၏ ဖော်ပြချက်အရ နိုဝင်ဘာလအတွင်း မွန်ပြည်တလွှား တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေပေါင်း (၂၀) ကျော် အထိ ရှိသည်။ ထိုအထဲ ကျိုက်မရောမြို့နယ် အများဆုံး ဖြစ်ပြီး သထုံမြို့နယ်မှာ ဒုတိယ အများဆုံးဖြစ်သည်။ ယခင်လထက် စစ်ရေးပဋိပက္ခ အရှိန်မြင့်လာပြီး စစ်ကောင်စီသည် စစ်ရေးအရ အထိနာနေသည်။ ထိုးစစ်ဆင်နိုင်သည့်အဆင့်မှ နိမ့်ကျပြီး ခံစစ်သဘောသာ ရှိတော့သည်။ တပ်အတွင်းယန္တရားပြိုကျမှု ပြဿနာများ အလူးအလဲခံစားနေရပြီး ၎င်းတို့ထိန်းချုပ်နယ်မြေများ နေ့စဉ်နှင့်အမျှ ကျဉ်းမြောင်းလာသည်။ ထို့ကြောင့် မွန်ပြည်တလွှား ပြင်းထန်တိုက်ပွဲများ ဖြစ်လာနိုင်ဖွယ်ရှိပြီး ပြည်သူများ စစ်၏ဆိုးကျိုးကို ပိုမိုခံစားရအုံးမည် ဖြစ်သည်။