မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ်

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

၂၀၂၆ ခုနှစ်၊ ဧပြီလ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။

ယခု လေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်း ဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါ နယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန်အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ ဧပြီလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ

(၂၀၂၆) ခုနှစ်၊ ဧပြီလ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၁၃) ကြိမ်အထိ ရှိခဲ့သည်။ ရရှိထားသော အချက်အလက်များအရ ဘီးလင်းမြို့နယ်တွင် အနည်းဆုံးတိုက်ပွဲ (၅) ကြိမ်အထိ ဖြစ်ပွါးခဲ့ကာ မတ်လအတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်ဖြစ်သည်။ ရေးမြို့နယ်တွင်  တိုက်ပွဲ (၄) ကြိမ်၊ မုဒုံမြို့နယ်တွင် (၂) ကြိမ်၊ သံဖြူဇရပ်နှင့် ရေဖြူမြို့နယ်တို့တွင် တိုက်ပွဲ (၁) ကြိမ်စီ ဖြစ်ပွားခဲ့သည်။

ဘီးလင်းမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်တို့က အာဏာသိမ်း စစ်အုပ်စု၏ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းတို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့သည်။ ဧပြီလ (၁၂) ရက်တွင် လေးကေစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိခဲ့ပြီး၊ ဝင်းတာပန်စခန်းကို ဆက်လက်ရရှိရေး တိုက်ပွဲဖော်ဆောင်နေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်ကလည်း စစ်စခန်းများ မဆုံးရှုံးစေရေး လေကြောင်းသုံး၍ အပြင်းအထန် ကာကွယ်ခဲ့၍ ဘီးလင်းမြို့နယ်တစ်ခုတည်းတွင် လေကြောင်းတိုက်ခိုက်မှု (၈၁) ကြိမ် ရှိခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းစစ်ဆင်ရေးဖြစ်စဥ်များအကျဉ်းချုပ်

 

မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၇) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁၀) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၈၉) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၁၈) ဦး ဒဏ်ရာရရှိခဲ့ပြီး (၉) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဘီးလင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၈၉) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။

ရေးမြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်နှင့်  ဒရုန်းတိုက်ခိုက်မှု (၄) ကြိမ် ရှိခဲ့သည်။ မြဝတီ-ဘားအံလမ်းပိုင်းအတွင်း စစ်အုပ်စု စစ်ကြောင်းများအား Saw Dragon Drone Force (SDDF) ၏ ရော့ကတ်များဖြင့် တိုက်ခိုက်မှုအပါအဝင် ကော့ကရိတ်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၃) ကြိမ်နှင့်  ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။

အလားတူ ဘားအံမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်စီ ရှိခဲ့ပြီး ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်းအား စစ်အစိုးရမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ရှိခဲ့သည်။ သံဖြူဇရပ်မြို့နယ်တွင် ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် မုဒုံမြို့နယ်တွင် ဒရုန်းတိုက်ခိုက်မှု (၃) ကြိမ် စသဖြင့် အသီးသီး ရှိခဲ့သည်။

ထို့အပြင် ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု (၂) ကြိမ်ရှိခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် အမျိုးသား (၆) ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြပြီး ၎င်းမြို့နယ်တွင်ပင် လူသတ်မှုဖြစ်စဉ် တစ်ခုရှိခဲ့ရာ ကလေးငယ် (၁) ဦး သေဆုံးခဲ့သည်။

မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်

(၂၀၂၆) ခုနှစ် ဧပြီလအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၅၃) ဦးခန့် ရှိခဲ့ပြီး အားလုံးကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးခြင်းဖြစ်ပါသည်။ မသင်္ကာ၍ ဖမ်းဆီးခံရခြင်းနှင့် စစ်မှုထမ်းအဖြစ် ခြိမ်းခြောက်၍ အဓမ္မဖမ်းဆီးခံရခြင်း စသည့်နည်းလမ်း (၂) ခုဖြင့် အရပ်သားပြည်သူများ အဓိကဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။ ဧပြီလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၂၃) ဦး ရှိခဲ့ပြီး လူငယ်အမျိုးသားများ ဖြစ်ကြသည်။ ယင်းအနက် ဘီးလင်းမြို့နယ်မှ (၅) ဦးသာ ငွေပေး၍ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသူ (၃၀) ဦးခန့် ရှိခဲ့ပြီး အမျိုးသားနှင့် အမျိုးသ္မီး မည်မျှ ပါဝင်ကြောင်းကို ခွဲခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။ ၎င်းတို့သည် ရေဖြူမြို့နယ် လဲရှောင်ရွာနှင့် ထိန်ကြီးရွာဒေသခံများ ဖြစ်ကြပြီး အချို့မှာ ဧပြီလ (၂၀) ရက် ထိန်ကြီးရွာ မင်္ဂလာဆောင်တစ်ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြသည်။ သို့သော်လည်း ၎င်းတို့ကို နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့၍ ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

 

 

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်အရေအတွက်များ

(၂၀၂၆) ခုနှစ် ဧပြီလအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် စုစုပေါင်း နေအိမ် (၅၀) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ဘီးလင်းမြို့နယ်တွင် နေအိမ် (၄၅) လုံး၊ ဘားအံမြို့နယ် (၄) လုံးနှင့် ကော့ကရိတ်မြို့နယ်တွင် (၁) လုံး စသဖြင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ နေအိမ်များအပြင် ဘီးလင်းမြို့နယ်တွင် ဘုန်းကြီးကျောင်း (၁) လုံး၊ သိမ်ကျောင်း (၁) လုံး၊ စက်သုံးဆီအရောင်းဆိုင် (၁) လုံး၊ ကား (၃) စီးတို့ ပျက်စီးခဲ့သကဲ့သို့ ဒေသခံတို့၏ မွေးမြူထားသော ဝက် (၁) ကောင်လည်း ဆုံးရှုံးခဲ့ရသည်။ အလားတူ ဘားအံမြို့နယ်တွင်လည်း ဆိုင်ကယ် (၁) စီးနှင့် ဒေသခံတို့၏ မွေးမြူထားသော နွား (၁) ကောင် ဆုံးရှုံးခဲ့ရသည်။

ဧပြီလအတွင်း ဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း (၁၉,၃၁၂) ဦးခန့် ရှိသည်။ ၎င်းတို့အနက် ဘီးလင်းမြို့နယ်တွင် စစ်ဘေးရှောင် (၁၃,၀၂၆) ဦးနှင့် ဘားအံမြို့နယ်တွင် (၆,၂၈၆) ဦး အသီးသီး ရှိနေကြသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply