မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။

ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ ဇွန်လ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

 

 

ဇွန်လတစ်လအတွင်း မြို့နယ်အလိုက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ

(၂၀၂၆) ခုနှစ်၊ ဇွန်လ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၄) ကြိမ် ရှိခဲ့ပြီး မွန်ပြည်နယ်တွင် (၃) ကြိမ်နှင့် ကော့ကရိတ်တွင် (၁) ကြိမ် ဖြစ်ပွါးခဲ့သည်။ မွန်ပြည်နယ်၏ တိုက်ပွဲအခြေအနေကို ကြည့်ပါက ဘီးလင်းမြို့နယ်၊ လေးကေနှင့် ဝင်းတာပန်ကျေးရွာအနီး ဇွန်လ (၈) ရက်နေ့ တစ်ရက်တည်း၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲများသာ ဖြစ်ကြသည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်သစ်ပါတီ (NMSP) သထုံခရိုင်ထိန်းချုပ်နယ်မြေအတွင်းရှိ ကော့ဘိန်းကျေးရွာ၊ ချောင်းဝဘုရား၌ တပ်စွဲနေရာယူထားသည့် အာဏာသိမ်း စစ်တပ်၏ ဂိတ်စခန်းကို ဆိုင်ကယ်စီး လက်နက်ကိုင်လူတစ်စုက သွားရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် ဇွန်လ၌ စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၇) ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁၅) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၁၆) ဦး ဒဏ်ရာရရှိခဲ့ပြီး (၉) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။

ရေးမြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်၊  ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ရှိခဲ့သည်။

အလားတူ ကျိုက်ထိုမြို့နယ်၌လည်း လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ရှိခဲ့သည်။

ထို့အပြင် ကော့ကရိတ်နှင့် ရေဖြူမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်စီနှင့် ကြားအင်ဆိပ်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ် စသဖြင့် အသီးသီး ရှိခဲ့သည်။

 

(၂၀၂၆) ခုနှစ် ဇွန်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၅၁) ဦးအထိ ရှိခဲ့ပြီး အများစုမှာ အာဏာသိမ်း စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် စစ်မှုထမ်းဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား စုစုပေါင်း (၃၁) ဦးခန့် ရှိရာ ထိုများအနက် (၂၀) ဦးမှာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသခံများ ဖြစ်ကြပြီး (၁၁) ဦးမှာ ရေးမြို့နယ်၊ နှစ်ကရင်ရွာမှ (၁) ဦး၊ ကျောက်မိချောင်းရွာမှ (၅) ဦးနှင့် ဝယ်ပေါင်ရွာမှ (၅) ဦးတို့ ဖြစ်ကြသည်။ ယင်းဖမ်းဆီးခံရသူများအနက် နှစ်ကရင်ရွာမှ လွဲ၍ ကျန် (၃၀) ဦးသည် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

ဇွန်လအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၉) ဦး ရှိခဲ့ပြီး ၎င်းတို့ကို ဘားအံမှ မြဝတီသို့ သွားရာ လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြသည်။

အခြားဖမ်းဆီးခံရသူများတွင် သထုံမြို့နယ်၊ ဝင်းစိန်ရွာမှ (၈) ဦးနှင့် ရေဖြူမြို့နယ်၊ ကံပေါက်ရွာမှ (၃) စုစုပေါင်း (၁၁) ဦးကို အာဏာသိမ်း စစ်အုပ်စု၊ ရဲနှင့် ပျူစောထီးတို့က ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။ ဤဖမ်းဆီးမှုများတွင် တူညီသည့် အချက်တစ်ခု ရှိခဲ့သည်။ ၎င်းမှာ လက်နက်ပစ်ဖောက်ခြင်း ဖြစ်သည်။ ကံပေါက်ဖမ်းဆီးမှုတွင် လက်နက်ငယ် (၉) ချက် ပစ်ဖောက်ခဲ့ပြီး ဝင်းစိန်ရွာဖမ်းဆီးမှုတွင် လက်နက်ငယ် (၁၁) ချက်အပြင် လက်ပစ်ဗုံး (၂) လုံးပါ ဖောက်ခွဲခဲ့ကြသည်။

(၂၀၂၆) ခုနှစ် ဇွန်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအချို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စုစုပေါင်း နေအိမ် (၉) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ရေးမြို့နယ်တွင် နေအိမ် (၅) လုံး၊ ကြာအင်းဆိပ်ကြီမြို့နယ်တွင် (၂) လုံး၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် နေအိမ် (၁) လုံးစီ စသဖြင့် ပျက်စီးမှုများ ရှိခဲ့သည်။ နေအိမ်များအပြင် ရေးမြို့နယ်တွင် မွန်အမျိုးသား မူလတန်းကျောင်း (၁) ကျောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁) ကျောင်းတို့ ပျက်စီးခဲ့သကဲ့သို့ ဒေသခံတို့၏ မွေးမြူထားသော နွား (၂) ကောင်လည်း ဆုံးရှုံးခဲ့ရသည်။

ဇွန်လအတွင်း ဖြစ်ပွါးခဲ့သော လေကြောင်းတိုက်ခိုက်မှုနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း (၂,၇၀၀) ဦးခန့် ရှိသည်။ ၎င်းတို့အနက် ရေးမြို့နယ်တွင် စစ်ဘေးရှောင် (၁,၅၀၀) ဦး၊ ကျိုက်ထိုမြို့နယ်တွင် (၆၀၀) ဦးနှင့် ရေဖြူမြို့နယ်တွင် (၆၀၀) ဦးတို့ အသီးသီး ရှိကြသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply