စစ်အုပ်စု၏ ဖိအားအမျိုးမျိုးနှင့် မွန်ပြည်သစ်ပါတီအပေါ် ရိုက်ခတ်မှု

စစ်အုပ်စု၏ ဖိအားအမျိုးမျိုးနှင့် မွန်ပြည်သစ်ပါတီအပေါ် ရိုက်ခတ်မှု

နိဒါန်း

အာဏာသိမ်း စစ်အုပ်စုသည် ရက် (၁၀၀) အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိသော်လည်း တစ်ဖက်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးခြင်းများနှင့် နယ်မြေရှင်းလင်းရေးများကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေသည်။ ယင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုင်ငံရေးပရိယာယ် တစ်ရပ်အဖြစ် အသုံးပြုနေစဉ် တစ်ပြိုင်နက်တည်း စစ်ရေးဖိအားကိုပါ တိုးမြှင့်အသုံးချနေသည်။

(၂၀၂၆) ခုနှစ်၊ ဇွန်လ (၁၄) ရက်မှ ဇူလိုင်လ (၁၃) ရက်အထိ ကာလအတွင်း မွန်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး (၁၃) ကြိမ်နှင့် တိုက်ပွဲ (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ရေးဖိအားများသည် မွန်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ပုံစံမတူညီဘဲ ဖော်ဆောင်လာခဲ့သည်။ အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) အတိုင်း ဆက်လက် ရပ်တည်နေသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးဖိအားများ တိုးမြှင့်လာခြင်းက စစ်အုပ်စု၏ ငြိမ်းချမ်းရေးမူဝါဒနှင့် လက်တွေ့ဆောင်ရွက်ချက်များအကြား ကွာဟမှုကို ပိုမိုထင်ရှားစေခဲ့သည်။

 

စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် ကွဲပြားသော ရည်ရွယ်ချက်များ

မိုးတွင်းကာလ ဖြစ်နေသည့်တိုင် မွန်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများသည် ငြိမ်သက်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေသည်။ မွန်ပြည်နယ်၏ စစ်ရေးပဋိပက္ခကို မြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ သုံးသပ်တင်ပြသွားမည်ဖြစ်သည်။

မွန်ပြည်နယ်မြောက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စု၏ ရှေ့တန်းစခန်းများကို ဖိအားပေးထားနိုင်သည်။ ယင်းနောက်ပိုင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုများကို မြောက်ပိုင်းဒေသတွင် သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ လက်ရှိကာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၂) ကြိမ်ခန့် ရှိခဲ့သည်။ တိုက်ခိုက်မှုအများစုသည် စစ်ရေးပစ်မှတ်များကို မဟုတ်ဘဲ အရပ်သားများနှင့် ရွှေမျှောလုပ်ကွက်များကို ဦးတည်ခဲ့ပြီး အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့သည်။[1] တိုက်ခိုက်မှုများကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၁၁) ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် အမွှာကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် (၁၁) နှစ်အရွယ် ကလေး တစ်ဦးလည်း ပါဝင်ခဲ့သည်။

မွန်ပြည်နယ်တောင်ပိုင်းတွင်လည်း စစ်အုပ်စုသည် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေဖြစ်သည့် ရေးမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေး၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် နိပွန်ဖောင်ဒေးရှင်းက ပံ့ပိုးဆောက်လုပ်ထားသည့် လူနေအိမ်များနှင့် မွန်အမျိုးသား မူလတန်းကျောင်း အပါအဝင် အဆောက်အအုံများ ပျက်စီးခဲ့သည်။[2]

လေကြောင်းတိုက်ခိုက်မှုများ၏ တူညီသည့်အချက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခြင်း မရှိသည့် ကာလနှင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် နိုင်ငံရေးနှင့် စစ်ရေးရည်ရွယ်ချက်များမှာ ကွဲပြားနေသည်။ မြောက်ပိုင်းတွင် (KNU) ၏ ဒေသတွင်း ဝင်ငွေအရင်းအမြစ်နှင့် ထိန်းချုပ်နယ်မြေအတွင်း စီးပွားရေးစီမံခန့်ခွဲမှုများကို ဖိအားပေးရန် ရည်ရွယ်ခဲ့သည့်သဘော တွေ့ရသည်။ သို့သော်လည်း တောင်ပိုင်းတွင်မူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေကို ပစ်မှတ်ထားခြင်းသည် စစ်ရေးထက် နိုင်ငံရေးဖိအားပေးမှုဟု သုံးသပ်နိုင်သည်။

 

(NCA) နှင့် သွေဖယ်နေသည့် စစ်တပ်၏ လုပ်ဆောင်ချက်များ

အာဏာသိမ်း စစ်အုပ်စုသည် ချောင်းနှစ်ခွကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရုံသာမက ဇွန်လ (၂၂) ရက်တွင် လမိုင်းမြို့အနီးရှိ မွန်ပြည်သစ်ပါတီ၏ မြို့ဟောင်းစခန်းမှ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သကဲ့သို့[3] ဇွန်လ (၂၅) ရက်တွင် ဝယ်ပေါင်ကျေးရွာအနီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာကာ ဒေသခံများကို လမ်းပြအဖြစ် ဖမ်းဆီးခဲ့ပြန်သည်။[4]  ယင်းဖြစ်စဉ်များတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း မွန်ပြည်သစ်ပါတီအား စစ်အုပ်စုက ဆက်တိုက်ဖိအားပေးခဲ့သည်ကို တွေ့ရသည်။

ယင်းအခြေအနေများသည် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်နေမှုနှင့် ၎င်း၏ လက်တွေ့ဆောင်ရွက်ချက်များအကြား သိသာထင်ရှားသည့် ကွာဟမှုကို ဖော်ပြနေသည်။ (NCA) ကို ငြိမ်းချမ်းရေးဆွေးနွေးမှု၏ အခြေခံအဖြစ် ရည်ညွှန်းနေသော်လည်း (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း၏ ထိန်းချုပ်နယ်မြေအတွင်းပင် စစ်ရေးဖိအားများ တိုးမြှင့်လုပ်ဆောင်နေခြင်းမှာ (NCA) အပေါ် ယုံကြည်မှုကို ထိခိုက်စေနိုင်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။

 

မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်

စစ်ရေးဖိအားများ မည်သို့ပင် ရှိစေကာမူ မွန်ပြည်သစ်ပါတီသည် ထင်ရှားသည့် မည်သည့် တုံ့ပြန်မှုကိုမျှ  မပြုလုပ်ခဲ့ဘဲ ဆွေးနွေးရေးလမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားသည်ကို တွေ့ရသည်။ ဇူလိုင်လ (၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) သည် စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နေပြည်တော်၌ ဆက်လက်တွေ့ဆုံခဲ့သည်။[5]

ယင်းက မွန်ပြည်သစ်ပါတီသည် လက်ရှိအချိန်အထိ (NCA) နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတို့ကို စွန့်လွှတ်ခြင်းမရှိသေးကြောင်း ဖော်ပြနေသည်။ သို့သော် စစ်အုပ်စုဘက်မှ စစ်ရေးဖိအားများ ဤမျှမက ဆက်လက်တိုးမြှင့်လာပါက မွန်ပြည်သစ်ပါတီအနေဖြင့် ရပ်တည်ချက် တစ်စုံတစ်ရာ ပြောင်းလဲလာမည်လော။  သို့တည်းမဟုတ် ပိုနေမြဲ ကျားနေမြဲအတိုင်း စစ်အုပ်စုနှင့် အလိုက်သင့် ဆက်ဆံသွားမည်လော။

 

နိဂုံး

အချုပ်အားဖြင့် လက်ရှိ မွန်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သည့် စစ်ရေးဖြစ်စဉ်များက စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် လက်တွေ့စစ်ရေးဆောင်ရွက်ချက်များအကြား ကွာဟမှုကို ပိုမိုထင်ရှားစေခဲ့သည်။ မြောက်ပိုင်းတွင် (KNU) အပေါ် စစ်ရေးနှင့် စီးပွားရေးဖိအားများ တိုးမြှင့်အသုံးပြုခဲ့သကဲ့သို့ တောင်ပိုင်းတွင်လည်း (NCA) ဖြင့် ရပ်တည်နေသော မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးဖိအားများကို ဆက်တိုက်အသုံးပြုခဲ့သည်။ (NCA) သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီက တသွေမသိမ်း လိုက်နာနေသည့်တိုင် စစ်အုပ်စု၏ လက်တွေ့လုပ်ဆောင်ချက်များသည် (NCA) ကို ချိုးဖောက်လျက် ရှိသည်။ စစ်အုပ်စုသည် (NCA) ကို ငြိမ်းချမ်းရေးယန္တရားတစ်ခုထက်ပို၍ နိုင်ငံရေးနှင့် စစ်ရေးကို တပြိုင်တည်း ဖိအားပေးခြိမ်းခြောက်သည့် နည်းလမ်းတစ်ခုအဖြစ် ပိုမိုအသုံးချနေကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

[1] Karen Information Center, June 24, 2026: ဘီးလင်းက ရွှေမျောလုပ်ကွက်များ သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၍ အလုပ်သမား (၁) ဦးသေဆုံး၊ (၅) ဦး ဒဏ်ရာရ။ Kareninformationcenter

[2] Independent Mon News Agency, June 18, 2026: မွန်ပြည်သစ်ပါတီ နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာ လေကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်သေဆုံးမှုမရှိ။ Independentmonnewsagency

[3] Independent Mon News Agency, June 24, 2026: မြို့ဟောင်းစခန်းရှိ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များကို စစ်ကော်မရှင်တပ် ဖမ်းဆီးခေါ်ဆောင်။ Independentmonnewsagency

[4] Lagon Eain, June 28, 2026: မွန်ပြည်သစ် ထိန်းချုပ်နယ်မြေသို့ အာဏာသိမ်းတပ် စစ်ကြောင်းထိုးလာနေ။ https://www.facebook.com/lagoneainbulletinmon/posts/pfbid02b2a7LQff5vDeLm9ouvPzs3AivHiu4AuDTEJhrAcqJYDXV1h56V86kX3nYTprP5bYl

[5] Ministry of Information, July 2, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တွေ့ဆုံဆွေးနွေး။ https://www.moi.gov.mm/index.php/news/84735

Comments

No comments yet. Why don’t you start the discussion?

Leave a Reply