❝တံခါးမဖွင့်သေး၊ သို့သော် သော့ခလောက်လျော့ရဲလာပြီ ❞

❝တံခါးမဖွင့်သေး၊ သို့သော် သော့ခလောက်လျော့ရဲလာပြီ ❞

■နိူင်ငံတကာ တုံ့ပြန်မှုများ
၂၀၂၆ ခုနှစ် ၊ အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ
 
နိဒါန်း
ဤသုံးသပ်ချက်စာတမ်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အထိ (၁)လ တာကာလအတွင်း မြန်မာ့အရေးအပေါ် နိုင်ငံတကာ၏ မူဝါဒနှင့်တုံ့ပြန်ဆောင်ရွက်ချက်များကို ဆန်း စစ်တင်ပြထားသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ပိုမိုနက်ရှိုင်းလာပြီး ဒေသတွင်း မတည် ငြိမ်မှုများ မြင့်တက်လာချိန်တွင် နိုင်ငံတကာ အသိုက်အဝန်းသည် ဒီမိုကရေစီစံနှုန်းများနှင့် ပထဝီနိုင်ငံ ရေးအကျိုးစီးပွားကြား အကြပ်အတည်းများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ အာဆီယံထိပ်သီး အစည်း အဝေးတွင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား တားမြစ်ပိတ်ပင်ခဲ့မှု၊ စစ်အစိုးရ၏ ရုရှားဦး ဆောင်သော စီးပွားရေးလုပ်ငန်းစုဘက်သို့ ဦးလှည့်လာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က သတိပေးခဲ့မှုများကို ဤသုံးသပ်ချက် စာတမ်းတွင် အသေးစိတ် ရှင်းလင်းတင်ပြထားသည်။
 
၁။ မနီလာ – ထွက်ပေါက်ချန်ထားသော ပိတ်ပင်မှု
(၄၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသည် ကန့်ကွက်ခြင်းနှင့် ကြိုဆိုခြင်းကို ထုတ်ပြန် ချက်တစ်စောင်တည်းတွင် ပေါင်းထည့်ခဲ့သည်။ အာဆီယံ ခေါင်းဆောင်များက ၂၀၂၁ ခုနှစ်က သဘော တူခဲ့သော ဘုံသဘောတူညီချက် (၅) ရပ်ကို မြန်မာက မလိုက်နာသေးကြောင်း ထောက်ပြပြီး၊ အဓိပ္ပာယ် ပြည့်ဝသည့် တိုးတက်မှုမရမချင်း မြန်မာခေါင်းဆောင်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ထိပ်သီးအစည်း အဝေးတက်ရောက်ခွင့် ပိတ်ပင်မှုကို ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ပြီးနောက် ဧပြီလတွင် “သမ္မတ” ဖြစ်လာသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်ပင် မနီလာသို့ မတက်ရောက်နိုင်ဘဲ၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကသာ ကိုယ်စားပြုတက်ရောက် ရသည်။ သို့သော် ထိုအာဆီယံခေါင်းဆောင်များပင်လျှင် တိုးတက်မှုအပေါ် မူတည်သည့် “ချိန်ညှိထား သော ထိတွေ့ဆက်ဆံရေး” (calibrated engagement) ကို လုပ်ဆောင်ရန် သဘောတူခဲ့ကာ၊ မြန်မာ၏ နိုင်ငံရေးကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်နိုင်ခြေရှိကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်ကို တွေ့ရသည်။
ထိုလမ်းကြောင်းကို အကျယ်လောင်ဆုံး ထောက်ခံနေသူမှာ ထိုင်းနိုင်ငံ ဖြစ်သည်။ ထိပ်သီး အစည်း အဝေးမတိုင်မီ ရက်အနည်းငယ်အလို၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ သွားရောက် ကာမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး၊ မြန်မာစစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအစည်း အဝေးများသို့ ပြန်လည်တက်ရောက်ခွင့် ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ဘန်ကောက်သည် ထိုဦး တည်ချက်ကို ရှေးသီတင်းပတ် အနည်းငယ်ကတည်းက အရိပ်အယောင်ပြထားပြီး၊ မနီလာတွင် မြန်မာ နှင့် အာဆီယံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် တွန်းအားပေးမည်ဟု ဆိုခဲ့သည်။ ၎င်း၏ အကြောင်း ပြချက်မှာ ဆွေးနွေးပွဲတွင် မြန်မာ့ရပ်တည်ချက်ကို ဖွင့်ဟပြောဆိုနိုင်သူ လိုအပ်သည်ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဗုံးကြဲမှုများ မရပ်သေးသည့် စစ်အစိုးရအတွက် ထိုအကြောင်းပြချက်က အကျိုးပေးသကဲ့သို့ ဖြစ်နေသည်ကိုလည်း မမေ့သင့်ပေ။
 
၂။ စစ်အစိုးရ၏ စီးပွားရေးပြောင်းလဲမှုနှင့် သံတမန်ရေးရာ တုံ့ပြန်ကန့်ကွက်မှုများ
ဒုတိယအချက်အနေဖြင့် အနောက်နိုင်ငံများ၏ ဆက်လက်ဖိနှိပ် ပိတ်ဆို့မှုများနှင့် ဘဏ္ဍာရေးကြပ် တည်းမှုများကို ရင်ဆိုင်နေရချိန်တွင် စစ်အစိုးရသည် နိုင်ငံတကာ စီးပွားရေးပေါင်းစည်းမှုနှင့် သံတမန် ရေးရာ အကာအကွယ်သစ်များကို ရရှိရန် ရန်ပုံငွေလမ်းကြောင်းအသစ်များကို အသည်းအသန် ရှာဖွေ လာခဲ့သည်။ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရုရှားဦးဆောင်သည့် ဇူးရက်စ် စီးပွားရေးကော်မရှင် (EEC) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ယူရေးရှား စီးပွားရေးသမဂ္ဂ (EAEU) တွင် လေ့လာစောင့် ကြည့်သူအဖြစ် နေရာရရှိရေးအတွက် စစ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးက ကြိုးပမ်းခဲ့သည်။ တစ်ချိန်တည်းမှာပင် စစ်အစိုးရသည် ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်း မိတ်ဖက်များနှင့် နှစ်နိုင်ငံတရားဝင် ဆက်ဆံရေးများကို ဆက်လက် တည်ဆောက်နေပြီး၊ လူ့အခွင့် အရေးဆိုင်ရာ ဝေဖန်မှုများကို ရှောင်ရှားရန် စီးပွားရေးနှင့် နယ်စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု များကို အဓိကထား လုပ်ဆောင်လျက် ရှိသည်။
ဤကဲ့သို့သော သံတမန်ရေးရာ ပွတ်တိုက်မှုများကြားတွင် ဂျာမန်သံရုံးအကြီးအကဲ မာသီးယပ်စ် လီချာ့ဇ် (Mathias Licharz) က ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးရန် အငြင်းပွား ဖွယ်ဗီဒီယိုဖြင့် ထုတ်ပြောသောအခါ၊ စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းကို ဆင့်ခေါ်ခဲ့ကာ ဦးဝင်းမြင့်အား သမ္မတအဖြစ် အသိအမှတ်ပြုရန် ရွေးချယ်ပြီး မြန်မာနိုင်ငံရှိ ၎င်း၏ တာဝန် ထမ်းဆောင် မှုကို ရပ်စဲလိုပါက ဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်မည် မဟုတ်ကြောင်း ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။ ဤဖြစ်ရပ်က စစ်အစိုးရသည် ပြည်ပနှင့် နိုင်ငံတကာ၏ ဝေဖန်ဖိအားပေးမှုများကို မည်သို့မျှ အလျှော့ မပေးဘဲ ၎င်းတို့၏ တင်းမာသော နိုင်ငံရေးဘောင်အတွင်း၌သာ ဆက်ဆံလိုကြောင်း ထင်ရှားစေသည်။
 
၃။ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းနှင့် ကုလသမဂ္ဂ၏ သတိပေးချက်
တတိယအချက်အနေဖြင့် မြေပြင်တွင် ပဋိပက္ခပြင်းထန်မှုများနှင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပြခဲ့ကြသည်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ် (Julie Bishop) သည် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယ ကော်မတီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အစီရင်ခံစာတင်သွင်းရာတွင် စစ်ရေးအရ အဖြေရှာ၍ မရနိုင်ကြောင်း အတိအလင်းပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်နှင့် အခြားဒေသများရှိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများ၏ ပြင်းထန်သောဒုက္ခများကို အသေးစိတ် တင်ပြခဲ့သည်။ အကူအညီများ ပိတ် ဆို့ခံရမှုနှင့် လူမှုအသိုက်အဝန်းများက ရင်ဆိုင်နေရသည့် အန္တရာယ်များကို မီးမောင်းထိုးပြကာ၊ စစ် အစိုးရ၏ အကြမ်းဖက်မှုများကို အကျိုးအမြတ်ဖြစ်စေမည့် ပုံမှန်အတိုင်း ပြန်လည်ဆက်ဆံရေး (Normalisation) မူဝါဒများကို အလျင်စလို မကျင့်သုံးကြရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို သတိ ပေးခဲ့သည်။
 
နိဂုံး
ခြုံငုံသုံးသပ်ရလျှင် ဤကာလအတွင်း ဖြစ်ပေါ်ခဲ့သော သံတမန်ရေးရာ လှုပ်ရှားမှုများအရ သံတမန်ရေး ရာ တားဆီးပိတ်ပင်မှုများနှင့် အခွင့်အလမ်းရှာ သံတမန်ရေးရာ လက်တွေ့ဝါဒတို့အကြား ကြီးမားသော ပဋိပက္ခကို ဖော်ပြနေသည်။ စစ်အစိုးရခေါင်းဆောင်၏ သမ္မတရာထူးကို မည်သည့်နိုင်ငံအစိုးရကမျှ ပွင့်ပွင့်လင်းလင်း အသိအမှတ်မပြုသေးပေ။ သို့သော် စစ်အစိုးရ၏ တရားဝင်မှုအား အဆင့်လိုက် အနည်းငယ်စီ အသိအမှတ်ပြုလာကြသည်ကို တွေ့ရသည်။ တွေ့ဆုံမှုတစ်ကြိမ်၊ ဆွေးနွေးပွဲ ထိုင်ခုံတစ် နေရာ စသည့် ခြေလှမ်းတစ်ခုချင်းစီက နေပြည်တော်ကို ပုံမှန်အခြေအနေဆီ အရောက်ပို့နေကြသည်။ အထူးသဖြင့် အာဆီယံ၏ လက်ရှိပုံသေနည်းက အထူးသတိပြုစရာ ဖြစ်သည်။ ပြန်လည်ပေးအပ် ခြင်းကို “တိုးတက်မှု” နှင့် ချိတ်ဆက်ထားပြီး တိုးတက်မှုဆိုသည်ကိုလည်း မသတ်မှတ်ထားခြင်းတို့ ကြောင့် အဆုံးသတ်တွင် နိုင်ငံတကာ၏ ကွဲပြားနေသော မူဝါဒများသည် မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုရှည်ကြာစေပြီး၊ ရေတိုပထဝီနိုင်ငံရေး ချိန်ထိုးမှုများက ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို နောက်ဆုတ်သွားစေသည်။ သို့ဖြစ်ရာ စစ်မှန်သော အဓိပ္ပာယ်ရှိရှိ ပြန်လည်သင့်မြတ်ရေးကိုဖော် ဆောင်လိုပါက၊ အာဆီယံနှင့် နိုင်ငံတကာ မိတ်ဖက်အသိုက်အဝန်းအနေဖြင့် အရပ်သားပြည်သူများ အပေါ် လူမဆန်စွာ တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရေးမှ အစပြုသည့် တိကျခိုင်မာပြီး တိုင်းတာတွက် ချက်နိုင်သော စံသတ်မှတ်ချက်များကိုသာ ရှေ့တန်းတင်သင့်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။
 
 
 
 
 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply