စစ်ခေါင်းဆောင်၏ ဖက်ဒရယ်အပေါ် အမြင်နှင့် တိုင်းရင်းသားနိုင်ငံရေး အခြေခံကွဲလွဲချက်

စစ်ခေါင်းဆောင်၏ ဖက်ဒရယ်အပေါ် အမြင်နှင့် တိုင်းရင်းသားနိုင်ငံရေး အခြေခံကွဲလွဲချက်

နိဒါန်း

(၂၀၂၆) ခုနှစ် မေလကုန်ပိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင် တည်ဆောက်မည်” ဟု ပြောကြားခဲ့ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း “နယ်မြေဒေသကို ပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကို ပေးသည့် ဖက်ဒရယ်မဟုတ်” ကြောင်း ထပ်မံရှင်းလင်း ပြောဆိုခဲ့သည်။[1] ယင်းပြောဆိုချက်များသည် စစ်အစိုးရအနေဖြင့် ဖက်ဒရယ်စနစ်ကို လက်ခံလာသည့် လက္ခဏာတစ်ရပ်အဖြစ် တွေ့မြင်ရသော်လည်း အဆိုပါ ဖက်ဒရယ်အယူအဆသည် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများနှင့် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတောင်းဆိုချက်များကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည့် အခြေခံအယူအဆ ဟုတ်၊ မဟုတ် ဆိုသည်မှာ သုံးသပ်ရန် လိုအပ်သည့် အချက်တစ်ရပ် ဖြစ်လာသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခသည် အာဏာခွဲဝေမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တိုင်းရင်းသားတန်းတူရေးတို့အပေါ် အခြေခံသည့် ပဋိပက္ခတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်အပေါ် စစ်ကောင်စီ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၏ ဖက်ဒရယ်အမြင်များအကြား ကွာဟချက်များကို လေ့လာသုံးသပ်ရန် လိုအပ်လာသည်။

 

ဖက်ဒရယ်အပေါ် အာဏာသိမ်း စစ်ခေါင်းဆောင်၏ အမြင်

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင် တည်ဆောက်မည်” ဟူသော စကားရပ်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲရန် လိုအပ်သည့် အရွေ့တစ်ခု ရောက်တိုင်း နိုင်ငံရေးမှိုင်းလုံးတစ်ခုအဖြစ် စစ်တပ်ခေါင်းဆောင်များက အစဉ်တစိုက် အသုံးချခဲ့သည်။[2] သမိုင်းကြောင်းအရ ကြည့်လျှင် စစ်တပ်သည် (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစဉ်ကတည်းက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ခွဲဝေပေးခြင်းကို ဖက်ဒရယ်စနစ်ဟု အနက်ဖွင့်ခဲ့ဖူးသည်။ လက်ရှိ စစ်အာဏာသိမ်းပြီးမှ ကျင်းပခဲ့သည့် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲရန် လိုအပ်လာသည့် အချိန်တွင် စစ်ခေါင်းဆောင်က ဤစကားကို ထပ်မံထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်၏ ဖက်ဒရယ်အမြင်အရ “နယ်မြေဒေသကို ပေးခြင်း” ဆိုသည်မှာ လက်ရှိ ရှိနေသည့် တိုင်းနှင့် ပြည်နယ် နယ်နိမိတ်များအတွင်း၌သာ လုပ်ပိုင်ခွင့်အချို့ကို ခွဲဝေပေးမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ၎င်းသည် ဗဟိုအစိုးရ (သို့မဟုတ်) စစ်တပ်ကသာ အချုပ်အခြာအာဏာကို အလုံးစုံချုပ်ကိုင်ထားပြီး တိုင်းနှင့် ပြည်နယ်များကို အုပ်ချုပ်ရေးအရ အာဏာအနည်းငယ် ခွဲဝေပေးသည့် (Decentralization) ပုံစံမျှသာ ဖြစ်သည်။ “လူမျိုးကို ပေးခြင်းမဟုတ်” ဟု ဆိုခြင်းဖြင့် တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေသည့် “ဗမာပြည်နယ်” အပါအဝင် အမျိုးသားပြည်နယ်များ သတ်မှတ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပယ်ချလိုက်ခြင်း ဖြစ်သည်။

ပကတိ မြန်မာ့နိုင်ငံရေးပဋိပက္ခများသည် နယ်မြေစီမံခန့်ခွဲရေး ပြဿနာသက်သက် မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားအခွင့်အရေးများနှင့် ဆက်စပ်နေသော ပြဿနာများ ဖြစ်သည်။ ထို့ကြောင့် ဖက်ဒရယ်စနစ်ကို နယ်မြေအခြေပြု အုပ်ချုပ်ရေးစနစ်တစ်ခုအဖြစ်သာ ကန့်သတ်သတ်မှတ်ခြင်းသည် ပဋိပက္ခ၏ အခြေခံအကြောင်းရင်းများကို လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။

 

ဖက်ဒရယ်ဒီမိုကရေစီချာတာ (FDC) နှင့် ကွာခြားချက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီချာတာတွင် အချုပ်အခြာအာဏာသည် ဗဟိုအစိုးရမှ မဟုတ်ဘဲ ပြည်သူလူထုထံမှ ဆင်းသက်သည်ဟု ပြဆိုထားသည်။[3] ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုကြောင်းနှင့် တန်းတူညီမျှသော ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။[4]

ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီချာတာ၏ အဓိကရည်ရွယ်ချက်မှာ အာဏာခွဲဝေမှုတစ်ခုတည်း မဟုတ်ဘဲ သမိုင်းကြောင်းအရ တည်ရှိခဲ့သည့် တိုင်းရင်းသားနိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ ယင်းအချက်သည် စစ်ခေါင်း‌ဆောင်း ပြောဆိုသည့် ဖက်ဒရယ်အယူအဆနှင့် အခြေခံကွာခြားသည့် အချက်ဖြစ်သည်။

 

■ မွန်နိုင်ငံရေးအပေါ် သက်ရောက်မှု

လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုကို ခုခံတော်လှန်နေကြသည့် ကချင် (KIO)၊ ကရင် (KNU)၊ ကရင်နီ (IEC)၊ ချင်း (CNF)၊ မွန် (NMSP-AD)၊ ရခိုင် (AA) စသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားသော အရပ်ဘက်-နိုင်ငံရေး အဖွဲ့အစည်းများ၏ မျှော်မှန်းချက်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) ပေါ်တွင် အခြေခံသည်။ မွန်အပါအဝင် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်မှာ လူမျိုးစု သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမှတ်သညာကို အသိအမှတ်ပြုသည့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိသည့် “လူမျိုးအခြေခံ (သို့မဟုတ်) အမျိုးသားပြည်နယ်အခြေခံ” ဖက်ဒရယ်စနစ် ဖြစ်သည်။

ထို့ကြောင့် ဖက်ဒရယ်စနစ်အပေါ် စစ်အစိုးရ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုသည် မွန်နိုင်ငံရေးအင်အားစုများနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုများ တောင်းဆိုနေသည့် ဖက်ဒရယ်အယူအဆများနှင့် သိသာသော ကွာဟချက်များ ရှိနေဆဲဖြစ်သည်။

 

■ နိဂုံး

ခြုံငုံသုံးသပ်ရလျှင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” ဆိုသော ပြောကြားချက်သည် ၎င်းတို့အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နေသူများအဖြစ် ပုံဖော်ကာ နိုင်ငံတကာ မျက်နှာစာတွင် ဂုဏ်သိက္ခာမြှင့်တင်ရန် ကြိုးစားနေသည်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့သည့် တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အခြေခံပြဿနာများကို အပြည့်အဝ ထင်ဟပ်ဖော်ပြထားခြင်း မတွေ့ရပေ။

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် ဖက်ဒရယ်စနစ်တစ်ရပ်သည် နယ်မြေအခြေပြု အာဏာခွဲဝေမှုတစ်ခုတည်းကိုသာ အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှမှုတို့ကို အာမခံနိုင်သည့် မူဘောင်တစ်ရပ် ဖြစ်ရန် လိုအပ်နေသေးကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

 

[1] Ministry Of Information, May 26, 2026: နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်။ https://www.moi.gov.mm/index.php/news/83224

[2] BBC, May 27, 2026: နယ်မြေဒေသကိုပဲ ဖက်ဒရယ်ပေးမယ်လို့ အသွင်ပြောင်းသမ္မတပြော။ https://www.facebook.com/share/v/17ecM7vscz/

[3] Ministry of Federal Union Affairs (NUG), March 31, 2021: ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း။ https://mofua.nugmyanmar.org/publication-detail/charter

[4] RFA, May 28, 2026: ဖယ်ဒရယ်ဆိုတာ နယ်မြေဒေသကိုပေးတာဖြစ်ပြီး လူမျိုးကိုပေးတာမဟုတ်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော။ https://www.facebook.com/share/p/1BKA8m4Tgr/

Comments

No comments yet. Why don’t you start the discussion?

Leave a Reply