(၆)လတာ လူမှု-စီးပွားဆိုင်ရာအစီရင်ခံစာ-၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သက်တမ်းရှည်လာခဲ့သည့် နိုင်ငံရေးအကျပ်အတည်းများသည် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲလွန်ကာလအထိ လျော့ပါးသွားခြင်းမရှိဘဲ စစ်ရေး၊ မူဝါဒရေးရာနှင့် လူမှု-စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လက်ရှိအချိန်တွင် မွန်ပြည်နယ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်အုပ်စုတပ်များအကြား စစ်ရေးအရ အားပြိုင်မှုများနှင့်အတူ ဘက်စုံသက်ရောက်မှုကို ပြည်သူများက အရိုးတွန်အောင် ခံစားနေရသည်။ ယင်း၏ နောက်ဆက် တွဲဂယက်အဖြစ် ပြည်နယ်၏ အဓိကစီးပွားရေး ကျောရိုးဖြစ်သည့် အသေးစား၊ အလတ်စားနှင့် အကြီးစား လုပ်ငန်း (MSMEs) ကဏ္ဍအသီးသီးတွင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကြပ်တည်းမှုများနှင့် နေ့စဥ်စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
ဤဆန်းစစ်ချက်သည် ဖြစ်ရပ်တစ်ခုချင်းစီကိုသာ ကွက်၍ လေ့လာခြင်းမျိုးမဟုတ်ဘဲ ပြည်နယ်အတွင်းရှိ ကဏ္ဍ အသီးသီးမှ အခြေခံအဆောက်အအုံယိုယွင်းမှုနှင့် ဆက်စပ်ဖြစ်ပေါ်လာသော လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများကို ခြုံငုံ လေ့လာထားပါသည်။ ထိုအခြေအနေကို နိုင်ငံရေး၊ စစ်ရေးနှင့် လူမှု-စီးပွားရေး ကမောက်ကမ ဖြစ်မှုများက လူသားဘဝ လုံခြုံရေးအပေါ် တည်ရှိနေသည့် အပြန်အလှန် ဆက်စပ်နေပုံကို ဘက်စုံထောင့်စုံမှ ဆန်းစစ်ထားပါသည်။ ထို့အပြင် လက်ရှိ အာဏာရစစ်အုပ်ချုပ်ရေး၏ ယန္တရားအောက်တွင် စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်နှင့် ပျက်ကွက်မှုများက မွန်ပြည်နယ် အတွင်း ဒေသခံတို့အပေါ် မည်သို့သက်ရောက်နေသည်ကို ဤအစီရင်ခံစာတွင် ထင်ရှားစွာ တွေ့ရှိနိုင်သည်။ သို့ဖြစ်ရာ မူဝါဒ ချမှတ်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး၊ လူမှုသဘော တူညီချက်များ ပြန်လည်ကုစားရေးနှင့် ပြည်နယ်၏ လူမှု-စီးပွား ရေရှည်ပြန်လည် ဦးမော့လာရေး လမ်းကြောင်းကို ဖော်ဆောင် ရာတွင် လက်တွေ့ကျသော အစီရင်ခံစာအဖြစ် အထောက်အကူပြုရန် ရည်ရွယ်သည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်ပါသည်။

