နိဒါန်း
လက်ရှိမြန်မာ့နိုင်ငံရေး မျက်နှာစာတွင် အာဏာသိမ်း စစ်အစိုးရဘက်က ၎င်းနှင့် ပလဲနံသင့်နေသော အိမ်နီးချင်းနိုင်ငံများသို့ နိုင်ငံတော်အဆင့် ခရီးစဉ်များအဖြစ် သွားရောက်နေသည်ကို တွေ့ရသည်။ စစ်အစိုးရ၏ နိုင်ငံတကာ အသိမှတ်ပြုရေး ကြိုးပမ်းချက်ဟုလည်း မှတ်ယူနိုင်သည်။ အင်အားကြီး တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယနှင့် လာအိုနိုင်ငံ စသည်ဖြင့် လက်ရှိတွင် နိုင်ငံ (၃) ခုသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံနှင့် အိန္ဒိယခရီးစဉ်အကြောင်း “နယူးဒေလီနှင့် ပေကျင်းကြားမှ နေပြည်တော်၏အလောင်းအစား” ကို ရေးသားခဲ့ပြီးဖြစ်သည်။
ဤခရီးစဉ်များသည် စစ်အစိုးရအတွက် စီးပွါးရေးအရ အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့သကဲ့သို့ နိုင်ငံရေးအရလည်း နိုင်ငံတကာအတွင်း ၎င်း၏ သံတမန်ရေးလှုပ်ရှားမှုများကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။ ထိုအခြေအနေတွင် ဒေသတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရပ်တည်ချက်ကို စစ်အစိုးရဘက်က မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။ ဤသုံးသပ်ချက်စာတမ်းတွင် စစ်အစိုးရ၏ လွှတ်တော်တွင်းလှုပ်ရှားမှုကို နိုင်ငံရေးမဟာဗျူဟာအဖြစ် သုံးသပ်တင်ပြထားသည်။
အာဆီယံ၏ ဘုံသဘောတူညီချက်အပေါ် ကန့်ကွက်ချက်
မကြာသေးမီက အာဏာသိမ်း စစ်အစိုးရက မတရားသဖြင့် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအရ ဖြစ်တည်လာသည့် လွှတ်တော်တွင် အာဆီယံ၏ မြန်မာ့အရေး ဘုံရပ်တည်ချက် (၅) ချက်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ဦးဆောင်ဆွေးနွေးသူက အာဏာသိမ်း စစ်အုပ်စု၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဒေါက်တာနန္ဒာလှမြင့် ဖြစ်သည်။
ဒေါက်တာနန္ဒာလှမြင့်က “အာဆီယံထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်” ဟု ပြည်ထောင်စုလွှတ်တော်သို့ အဆိုတင်သွင်းခဲ့သည်။[1]
(၂၀၂၁) ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးနောက် ကမ္ဘာ့နိုင်ငံများနှင့်အတူ အာဆီယံနိုင်ငံများသည်လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။ ဤအချက်ကိုပင် စည်းလုံးညီညွတ်မှုစိတ်ဓါတ်ဖြင့် ဘုံတန်ဖိုးထားမှုအပေါ် အလေးထားဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းကို အာဆီယံက မျက်ကွယ်ပြုခဲ့သည်ဟု ဒေါက်တာနန္ဒာလှမြင့်က ထောက်ပြပါသည်။[2] အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ မဟုတ်ဘဲ ယခင်အာဆီယံ အလှည့်ကျဥက္ကဌ (အင်ဒိုနီးရှား) ၏ သဘောတူညီချက်သာ ဖြစ်သည်ဟု အပြစ်တင်ခဲ့ပြီး အာဆီယံ၏ အခြေခံမူများနှင့် သွေဖယ်နေကြောင်း ပြောကြားခဲ့သည်။
ယင်းအဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၅၁) ဦးအနက် ထောက်ခံမဲ (၅၁၈) မဲဖြင့် လက်ခံဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။[3] ဤအဆိုနှင့် ပတ်သက်၍ ယခုဇူလိုင်လဆန်းပိုင်းတွင် ပြည်သူ့လွှတ်တော်၌ ဆက်လက်ဆွေးနွေးခဲ့ကြပြီး ထောက်ခံဆွေးနွေးသူ (၁၂) ဦးအထိ ရှိခဲ့ပါသည်။[4] အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်အပြင် အကြမ်းဖက်အဖွဲ့ဟု ၎င်းတို့ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား လက်ခံတွေ့ဆုံသည့်ကိစ္စ၊ အာဆီယံအလှည့်ကျ ဥက္ကဌနေရာအား ကျော်လွန်လွှဲပြောင်းခဲ့မှုနှင့် မြန်မာ့အရေးအပေါ် အာဆီယံ၏ သုံးပွင့်ဆိုင်ယန္တရားကိစ္စများကို ထောက်ပြဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
နိဂုံး
အချုပ်အားဖြင့် လက်ရှိတွင် စစ်အစိုးရသည် အင်အားကြီး တရုတ်နှင့် အိန္ဒိယအပြင် ရုရှား၏ ထောက်ခံမှုကိုလည်း အထိုက်အလျောက် ရရှိထားသည့်အတွက် အနောက်နိုင်ငံများက မည်သို့ပင် ၎င်းအား အရေးယူပိတ်ဆို့ထားစေကာမူ ကမ္ဘာ့ရှေ့ခြမ်းက ၎င်းအတွက် နိုင်ငံရေးအရ ပိုမိုအားကောင်းသည့် အခြေအနေကို ဖန်တီးပေးသည်ကို တွေ့ရသည်။ ထိုအခြေအနေအောက်တွင် ဒေသတွင်း အာဆီယံအဖွဲ့၏ အသိအမှတ်ပြုခြင်းကိုလည်း စစ်အစိုးရက ရယူလိုသော်လည်း အာဆီယံက အသိအမှတ်မပြုသေးပေ။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် (၅) နိုင်ငံသည် အာဏာသိမ်း စစ်ခေါင်းဆောင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်နေ့တွင် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်မှုသည် အာဆီယံအတွင်း မတူညီသော ရပ်တည်ချက်များကို အသုံးချ၍ ၎င်းတို့၏ နိုင်ငံတကာအသိအမှတ်ပြုမှုကို ချဲ့ထွင်လိုသည့် လှုပ်ရှားမှုတစ်ရပ် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
[1] Nandar Hla Myint, June 26, 2026: အာဆီယံထုတ်ပြန်ချက် (၅) ရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း မပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို ” ကိုပြည်ထောင်စုလွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။ https://www.facebook.com/reel/1024721020161528
[2] Popular News Journal, July 2, 2026: အာဆီယံ၏ တန်းတူညီမျှမှုနှင့် ဆွေးနွေးညှိနှိုင်းရေးအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့်ဟု လွှတ်တော်တွင် ဆွေးနွေး။ https://www.facebook.com/popularnewsjournal/posts/pfbid02hPUny93YQE4cRUYEoH4nsHZzkRZd4g3rqg1peKSo1jRaCE4viVKLp PTLgCmNzdt3l
[3] The Irrawaddy, June 26, 2026: အာဆီယံမူ ၅ ရပ် ပြန်သုံးသပ်ရန် အာဏာသိမ်းလွှတ်တော်မှာ အဆို တင်။ https://www.facebook.com/share/p/1HawEqmu3o/
[4] Pyidaungsu Hluttaw, July 7, 2026: တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၇-၇-၂၀၂၆)။ https://www.youtube.com/live/xLELOnTRhJ8?si=U1pR1pf5Xf3ZfBr-

