၂၀၂၆ ခုနှစ်၊ ဇူလိုင်လ
ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ (RICE) မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။
ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။
ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ ဇူလိုင်လ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

ဇူလိုင်လတစ်လအတွင်း မြို့နယ်အလိုက် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ

(၂၀၂၆) ခုနှစ်၊ ဇူလိုင်လ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၅) ကြိမ် ရှိခဲ့ပြီး မွန်ပြည်နယ်တွင် (၄) ကြိမ်နှင့် ရေဖြူမြို့နယ်တွင် (၁) ကြိမ် ဖြစ်ပွါးခဲ့သည်။ မွန်ပြည်နယ်၏ တိုက်ပွဲအခြေအနေကို ကြည့်ပါက သထုံမြို့နယ်၊ တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာကြားတွင် ဖြစ်ပွါးခဲ့သော နှစ်ရက်ဆက် တိုက်ပွဲအပြင် ရေးမြို့နယ်၊ ဇူလိုင်လ (၁၆) ရက် ခေါဇာမြို့အနီး တိုက်ပွဲနှင့် ဇူလိုင်လ (၂၆) ရက် အောင်သာယာရွာအနီး ဖြစ်ပွါးခဲ့သော တိုက်ပွဲတို့ ဖြစ်ကြသည်။ ထို့အပြင် ဇူလိုင်လ (၂၃) ရက် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဘုရားသုံးဆူအနီးတွင်လည်း အာဏာသိမ်း စစ်အုပ်စု တပ်သားများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ရေးဘီလူးတပ်ရင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသေးသည်။
တိုက်ပွဲကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း အာဏာသိမ်း စစ်အုပ်စု၏ စစ်ကြောင်းထိုးခြင်းကြောင့် ရေဖြူမြို့နယ်တွင် ရဟန်း (၁) ပါး အပါအဝင် အရပ်သား (၅) ဦး သေဆုံးခဲ့သည်။ (နောက်ဆက်တွဲ ဇယား-၁ တွင် ရှုပါ။)
မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် ဇူလိုင်လ၌ စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။
အလားတူ ဘားအံမြို့နယ်၌လည်း လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁) ကြိမ် ရှိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား အမျိုးသမီး (၂) ဦး ဒဏ်ရာရရှိခဲ့ကြသည်။ (နောက်ဆက်တွဲ ဇယား-၁ တွင် ရှုပါ။)
မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်

(၂၀၂၆) ခုနှစ် ဇူလိုင်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၈၄) ဦးအထိ ရှိခဲ့ပြီး အများစုမှာ အာဏာသိမ်း စစ်အုပ်စု၏ စစ်မှုထမ်းဖမ်းဆီးမှုကြောင့် အရပ်သားများ အဓမ္မဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများလည်း ရှိခဲ့သည်။
ဇူလိုင်လအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၅၁) ဦး ရှိခဲ့ပြီး အများစုကို လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြသည်။ ဖမ်းဆီးခံရသူများအနက် စစ်တပ်၊ ရဲနှင့် ပျူစောထီးများထံ တစ်ဦးလျှင် ငွေသိန်းနှင့်ချီကာ ပေး၍ ပြန်လည်လွတ်မြောက်ခဲ့ကြသူ (၃) ဦးသာ ရှိခဲ့သည်။
စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား စုစုပေါင်း (၂၆) ဦးခန့် ရှိရာ ထိုများအနက် (၂၄) ဦးမှာ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွါးရေးဇုန် ပတ်ဝန်းကျင်ရှိ ရပ်ရွာများမှ ဒေသခံများ ဖြစ်ကြပြီး (၂) ဦးမှာ သထုံမြို့နယ်၊ တက်တူကုန်းရွာခံ (၁) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသော နောက်ထပ် ကုန်တင်ယာဉ်မောင်း (၁) ဦးတို့ ဖြစ်ကြသည်။ ယင်းဖမ်းဆီးခံရသူများအနက် ထိန်ကြီးကျေးရွာမှ (၉) ဦးနှင့် ဘဝါကျေးရွာမှ (၂) ဦးတို့ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။
အခြားဖမ်းဆီးခံရသူများတွင် ခေါဇာ၊ အာယုတောင်နှင့် အစင်ရွာ စသည့် ရေးမြို့နယ်မှ (၆) ဦးနှင့် ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးရွာမှ (၁) ဦး စုစုပေါင်း (၇) ဦးကို အာဏာသိမ်း စစ်အုပ်စု၊ ရဲနှင့် ပျူစောထီးတို့က ဖမ်းဆီးခဲ့ကြခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် စွပ္ပနူးရွာမှ ကိုရွှေဂဲ (ခေါ်) ကိုမင်းကျော်သူ သေဆုံးခဲ့ရပြီး အာယုတောင်ရွာမှ အမျိုးသား (၂) ဦးနှင့် ခေါဇာမြို့မှ အမျိုးသား (၁) ဦး စုစုပေါင်း (၃) ဦးတို့သည် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။ (နောက်ဆက်တွဲ ဇယား-၂ တွင် ရှုပါ။)

(၂၀၂၆) ခုနှစ် ဇူလိုင်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအချို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ ဇူလိုင်လအတွင်း အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁) လုံးနှင့် စစ်အုပ်စု၏ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် (၃၀) လုံး စုစုပေါင်း နေအိမ် (၃၁) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ရေဖြူမြို့နယ်တွင် နေအိမ် (၂၄) လုံး၊ သထုံမြို့နယ်တွင် နေအိမ် (၆) လုံးနှင့် ကျိုက်ထိုမြို့နယ်တွင် နေအိမ် (၁) လုံး စသဖြင့် အသီးသီး ပျက်စီးမှုများ ရှိခဲ့ကြသည်။ နေအိမ်များသာမက ရေဖြူမြို့နယ်တွင် ကျေးရွာဆေးပေးခန်း (၁) လုံး မီးလောင်ပျက်စီးခံရသကဲ့သို့ အာဏာသိမ်း စစ်အုပ်စုက ရွှေ (၄) ကျပ်သားနှင့် ငွေကျပ် သိန်း (၅၀) မျှ သိမ်းဆည်းခဲ့သည်။ ထို့အပြင် သထုံမြို့နယ်တွင် ကား (၂) စီးနှင့် ကျိုက်ထိုမြို့နယ်တွင် ကား (၁) စီးလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ (နောက်ဆက်တွဲ ဇယား-၃ တွင် ရှုပါ။)
ဇူလိုင်လအတွင်း ဖြစ်ပွါးခဲ့သော နှစ်ဖက်တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း (၄,၂၀၀) ဦးခန့် ရှိသည်။ ၎င်းတို့အနက် ရေဖြူမြို့နယ်တွင် စစ်ဘေးရှောင် (၄,၀၀၀) ဦးနှင့် သထုံမြို့နယ်တွင် (၂၀၀) ဦးတို့ အသီးသီး ရှိကြသည်။
နောက်ဆက်တွဲ အခြေပြဇယားများ
