နိဒါန်း
(၂၀၂၆) ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်မှ ဩဂုတ်လ (၁၄) ရက်အထိ ကာလအတွင်း မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။ မိုးတွင်းကာလဖြစ်သော်လည်း တိုက်ပွဲများ လုံးဝရပ်တန့်သွားခြင်းမရှိဘဲ ဤကာလအတွင်း မွန်ပြည်နယ်၌ တိုက်ပွဲစုစုပေါင်း (၃) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု (၇) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်များကို နယ်မြေအလိုက် ကြည့်လျှင် တောင်ပိုင်းရှိ ရေးမြို့နယ်တွင် မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ မြောက်ပိုင်းရှိ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များတွင် တိုက်ပွဲမရှိသော်လည်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ရေးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲနှင့် စစ်ရေးတင်းမာမှု
ဖော်ပြပါကာလအတွင်း မွန်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် မြေပြင်တိုက်ပွဲများသည် တောင်ပိုင်းရှိ ရေးမြို့နယ်အတွင်း၌သာ ဖြစ်ပွားခဲ့သည်။ ဇူလိုင်လ (၁၆) ရက် ခေါဇာမြို့အနီးတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် စစ်အုပ်စုအကြား တိုက်ပွဲဖြစ်ပွါးခဲ့သည်။[1] ဇူလိုင်လ (၂၆) ရက် အောင်သာယာနှင့် ကနင်ကမော့ရွာကြားတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ တပ်ခွဲ (၁) လက်အောက်ခံ တပင်ရွှေထီးကျိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။[2] ထို့အပြင် ဩဂုတ်လ (၈) ရက်နေ့တွင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) လက်အောက်ခံ ရာမညမွန်တပ်တော် (RMA) တပ်ရင်း (၉၀၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ နည်းဗျူဟာ (၃၃) လက်အောက်ခံ ရေးပြောက်ကျားတပ် (YGF/၈၀၀၁ တပ်ရင်း) တို့နှင့် စစ်အုပ်စုအကြား အောင်သပြေရွာဟောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။[3]
ထိုတိုက်ပွဲများသည် အချိန်ကာလနှင့် စစ်ရေးအတိုင်းအတာအရ တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားစစ်ဆင်ရေးအဆင့်တွင်သာ ရှိခဲ့သည်ကို တွေ့ရသည်။ သို့သော် ရေးမြို့နယ်အတွင်း မြေပြင်တိုက်ပွဲများနှင့်အတူ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှုများပါ ဆက်လက်ဖြစ်ပွားလာခြင်းသည် ၎င်းဒေသ၏ စစ်ရေးတင်းမာမှုကို ဆက်လက်မြင့်မားစေသည့် အချက်တစ်ရပ်ဖြစ်သည်။
အထူးသဖြင့် ဩဂုတ်လ (၁၁) ရက်နေ့တွင် ရေးမြို့နယ်၊ စော်ကဲရွာခေါ် ဆောထာရွာအနီးရှိ ဥယျာဉ်ခြံတစ်ခုကို စစ်အုပ်စုက ပေါင် (၅၀၀) ဗုံး (၃) လုံး အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။[4] ထိုနေ့တွင်ပင် မင်းလှရွာခေါ် လိပ္ပုတ်ရွာကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါကျေးရွာများသည် (KNU) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ လိပ္ပုတ်ကျေးနယ်အတွင်းရှိ ကျေးရွာများဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း လွတ်လပ်သော မွန်သတင်းဌာန (IMNA) က ဖော်ပြထားသည်။[5]
လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေသည့် မွန်ပြည်မြောက်ခြမ်း
မွန်ပြည်နယ် မြောက်ပိုင်းတွင်မူ မြေပြင်တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွါးလျက် ရှိနေသေးသည်ကို တွေ့ရသည်။ ဩဂုတ်လ (၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ လယ်တောကြီးရွာနှင့် ဖိုးဝါးသိမ်ရွာတို့ကို စစ်အုပ်စုက ညအချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အလားတူ ထိုနေ့တွင်ပင် ကျိုက်ထိုမြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးကို ပေါင် (၅၀၀) ဗုံး (၂) လုံးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ဇီးပြောင်း (၅)၊ ကညင်တောင်နှင့် မိုးဘောရွာဟောင်းတို့ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။[6]
ထို့အပြင် ဩဂုတ်လ (၅) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာကို အမှတ် (၄၄) တပ်မဌာနချုပ်မှ လက်နက်ကြီး (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။[7] အဆိုပါဖြစ်စဉ်များကို ကြည့်လျှင် မွန်ပြည်နယ် မြောက်ပိုင်းတွင် မြေပြင်တိုက်ပွဲ မဖြစ်ပွားသည့်အချိန်၌ပင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးအသုံးပြုမှုများ ရပ်တန့်သွားခြင်းမရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် လက်ရှိစစ်ရေးအခြေအနေသည် တိုက်ပွဲဖြစ်ပွားသည့် နေရာများအတွင်း၌သာ အန္တရာယ်ရှိနေခြင်း မဟုတ်ဘဲ တိုက်ပွဲမဖြစ်ပွားသည့် ဒေသများတွင်လည်း အရပ်သားများ၏ လုံခြုံရေးအပေါ် အန္တရာယ်နှင့် စိုးရိမ်မှုများ ဆက်လက်ရှိနေစေသည့် အခြေအနေဖြစ်သည်။
နိဂုံး
ခြုံငုံသုံးသပ်ရသော် လက်ရှိမြေပြင်တိုက်ပွဲများကို ကြည့်ပါက အာဏာသိမ်း စစ်အုပ်စု၏ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၍ ထိတွေ့မှုဖြစ်ပွါးခြင်းမျိုး ဖြစ်သည်ကို အများစု တွေ့ရသည်။ ဤအချက်သည် ယခင်က အထိုင်စခန်းများမှ တစ်ဖဝါးမျှ မရွေ့သည့် စစ်အုပ်စုသည် လက်ရှိတွင်မူ ဆက်တိုက်ဆိုသလို ကင်းလှည့်ခြင်း၊ စစ်ကြောင်းထိုးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
ထို့အပြင် ရွေးကောက်ပွဲအလွန် စစ်အုပ်စု၏ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် အရေးပါသည့် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးသည်လည်း မွန်ပြည်နယ်ကို ဖြတ်သန်းတည်ရှိနေသည်။ မွန်ပြည်နယ်ရှိ လမ်းအစိတ်အပိုင်းကို စစ်တောင်း-သထုံ-မော်လမြိုင်-ရေး-မလွှဲတောင်အပိုင်းဟု ခေါ်ဆိုပြီး စစ်အုပ်စုက ဤလမ်းမကြီးအား တိုးချဲ့ပြင်ဆင်နေပြီးဖြစ်သည်။[8] သို့သော် သံဖြူဇရပ်-ရေး-မလွှဲတောင် လမ်းပိုင်းကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားပြီး စစ်အုပ်စုအတွက် ဆူးငြောင့်ခလုတ်သဖွယ် ဖြစ်နေပါသည်။
ထို့ကြောင့် အဆိုပါ လမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးမှုများနှင့် ကင်းလှည့်မှုများကို ပိုမိုတိုးမြှင့်လာနိုင်ခြေရှိသကဲ့သို့ တော်လှန်ရေးအဖွဲ့များဘက်မှလည်း လမ်းပိုင်းထိန်းချုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းလာနိုင်သည်။ သို့ဖြစ်ရာ အာဏာသိမ်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့၏ နှစ်ဖက်စစ်ရေးထိတွေ့မှုများ မည်သို့ပြောင်းလဲလာမည်ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
[1] Mon State Revolutionary Force – MSRF, July 16, 2026: “လလောၚ်တြးပရိုၚ် ပေါဲဗ္တိုက်” ။ https://www.facebook.com/share/p/1C2wRrhKSy/
[2] Than Lwin Times, July 29, 2026: ရေးမြို့နယ်မှာ နှစ်ဖက်စစ်ရေး တင်းမာနေ။ Thanlwintimes
[3] RMA-Ramonnya Mon Army, August 9, 2026: လလောင်ပရိုင်ပေါဲဗ္တိုက် ရေဝ်သၟဝ်ကျာ။ https://www.facebook.com/share/p/1K8icineNs/
[4] ရေး ဘီလူး, August 11, 2026: 11.8.2026…ချော့ထာရွာအနီးဥယာဥ်ခြံတဲကို.စကစ.ဂျက်ဖာသာ.သုံးပီးပေါင်(၅၀၀)ဗုံး၃လုံးနဲ့လာပြိုသွားပါတယ်။ https://www.facebook.com/share/v/1JY59UbJxg/
[5] Independent Mon News Agency, August 12, 2026: ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စုအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် လူထိခိုက်မရှိဟုသိရ။ Indepentmonnewsagency
[6] Karen Information Center, August 6, 2026: ကေအဲန်ယူ ခရိုင်နှစ်ခုတွင် စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အမျိုးသမီး (၁) ဦး သေဆုံး။ Kareninformationcenter
[7] [7] Than Lwin Times, August 7, 2026: ကျိုက်ထိုက PDF စခန်းဟောင်းတစ်ခု ဗုံးကြဲခံရ။ Thanlwintimes
[8] Independent Mon News Agency, August 3, 2026: ပ္ဍဲဍုင်မန် မွဲဒမြိပ်ပစူလဝ်ဂတဵုမုက် သွက်ဂွံသၠဲဂၠံင်ဇၞော် (၂၃၀) ပေ ဂှ် ညးဍုင်ကွာန်တအ် ဒှ်ဂဝိင်။ Independentmonnewsagency
