မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။

ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ ဩဂုတ်လ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ကိန်းဂဏန်းအချက်အလက်အကျဉ်းချုပ်များ

ဩဂုတ်လ တစ်လတာအတွင်မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ

 

(၂၀၂၆) ခုနှစ်၊ ဩဂုတ်လ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၈) ကြိမ် ရှိခဲ့ပြီး မွန်ပြည်နယ်တွင် (၄) ကြိမ်၊ ရေဖြူမြို့နယ်တွင် (၃) ကြိမ်နှင့် ကော့ကရိတ်မြို့နယ်တွင် (၁) ကြိမ် ဖြစ်ပွါးခဲ့သည်။ မွန်ပြည်နယ်၏ တိုက်ပွဲအခြေအနေကို ကြည့်ပါက ရေးမြို့နယ်မြောက်ပိုင်း အောင်သာယာ၊ အောင်သပြေနှင့် ကနင်ကမော့ကျေးရွာအကြား၌သာ မကြာခဏ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ရေဖြူမြို့နယ်တွင်လည်း ကျွဲတလင်းရွာနှင့် ဝက်ချောင်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ကို တွေ့ရသည်။ ကော့ကရိတ်မြို့နယ်တွင်မူ ကွီမောင်တိုင်ရွာ၊ ဘုရားကုန်း၌ တပ်စွဲထားသော အာဏာသိမ်း စစ်အုပ်စုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့တို့က ဩဂုတ်လ (၁၅) ရက်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းစစ်ဆင်ရေးဖြစ်စဥ်များအကျဉ်းချုပ်

မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် ဩဂုတ်လ၌ စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၁၄) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၁၂) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၆) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။ သြဂုတ်လ (၁၉) ရက်နေ့တွင် အမှတ် (၃၁၀) အမြောက်တပ်ရင်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇီးပြောင်းရွာ တစ်ခုတည်းတွင် ကလေး (၁) ဦး သေဆုံးကာ အမျိုးသား (၅) ဦး၊ အမျိုးသမီး (၂) ဦးနှင့် အရွယ်မရောက်သေးသော ကလေး (၄) ဦး စုစုပေါင်း (၁၁) ဦး အသီးသီးဒဏ်ရာရရှိခဲ့ကြသည်။

အလားတူ ကော့ကရိတ်မြို့နယ်၌လည်း လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။

ရေးမြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။ ထို့အပြင် ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၂) ကြိမ်၊ ကြာအင်းဆိပ်ကြီးနှင့် ရေဖြူမြို့နယ်တို့တွင် လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်စီ အသီးသီးရှိခဲ့ကြသည်။

 

မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်

 

(၂၀၂၆) ခုနှစ် ဩဂုတ်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၄၂) ဦးအထိ ရှိခဲ့ပြီး အများစုမှာ အာဏာသိမ်း စစ်အုပ်စု၏ စစ်မှုထမ်းဖမ်းဆီးမှုကြောင့် အရပ်သားများ အဓမ္မဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ဩဂုတ်လအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၃၀) ဦး ရှိခဲ့ပြီး အများစုကို လမ်းမကြီးများတွင် ဂိတ်ချထားသည့် စစ်တပ်၊ ရဲနှင့် ပျူစောထီးများက ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြသည်။

စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား စုစုပေါင်း (၅) ဦး ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် သြဂုတ်လ (၁) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ ရေဖြူမြို့နယ်၊ ကျောက်ကဒင်ရွာခံများသည် သြဂုတ် (၃) ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

အခြားအကြောင်းအရင်းဖြင့် ဖမ်းဆီးခံရသူ အရပ်သား (၇) ဦး ရှိခဲ့ရာ ၎င်းတို့အနက် (၄) ဦးမှာ အသက်မပြည့်သေးသည့် အထက်တန်းကျောင်းသားများ ဖြစ်ကြပြီး ကျိုက်ထိုမြို့နယ်၊ ဝင်းကံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို ဓါတ်ပုံရိုက်ယူ၍ လူမှုကွန်ရက်ပေါ် တင်မိရာမှ စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ထို့အပြင် အခြားဖမ်းဆီးခံရသူ (၃) ဦးမှာ နေရပ်ဒေသ မတူညီသော်လည်း “ရေးဘီလူးတပ်ရင်း”၏ လူမှုကွန်ရက်စာမျက်နှာအောက်တွင် မှတ်ချက်ပေးမိခဲ့သည့်” တူညီသောအကြောင်းအရာများဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂ (က) ဖြင့် စစ်အုပ်စုက အရေးယူဖမ်းဆီးထားသည်။

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်

 

(၂၀၂၆) ခုနှစ် ဩဂုတ်လအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအချို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ ဩဂုတ်လအတွင်း အာဏာသိမ်း စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၄) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နေအိမ် (၂) လုံး၊ ကော့ကရိတ်မြို့နယ်တွင် နေအိမ် (၁) လုံးနှင့် ကျိုက်ထိုမြို့နယ်တွင် နေအိမ် (၁) လုံး စသဖြင့် အသီးသီး ပျက်စီးမှုများ ရှိခဲ့ကြသည်။

ဩဂုတ်လအတွင်း ဖြစ်ပွါးခဲ့သော နှစ်ဖက်တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း (၄၀၀) ဦးခန့် ရှိသည်။ ၎င်းတို့အနက် ရေးမြို့နယ်တွင် စစ်ဘေးရှောင် (၁၀၀) ဦးခန့်နှင့် ဩဂုတ်လ (၂၆) ရက် ညသန်းခေါင်အချိန်တွင် စစ်အုပ်စုက စစ်ကြောင်းထို့ပြန်လည်ဝင်ရောက်လာ၍ ရေဖြူမြို့နယ်၊ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ ကျေးရွာတို့မှ စစ်ဘေးရှောင် (၃၀၀) ဦးခန့်တို့သည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ခဲ့ကြရသည်။ (ဤအရေအတွက်များသည် ခန့်မှန်းချက်များသာ ဖြစ်၍ မြေပြင်အခြေအနေနှင့် ကွဲလွဲမှု ရှိနိုင်ပါသည်။

နောက်ဆက်တွဲ အခြေပြဇယားများ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply