မွန်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် နိုင်ငံရေးလမ်းစဉ်

မွန်တော်လှန်ရေးအင်အားစုများ၏ ညီညွတ်ရေးနှင့် နိုင်ငံရေးလမ်းစဉ်

နိဒါန်း

(၂၀၂၆) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ စက်တင်ဘာလ (၁၄) ရက်နေ့အထိ ကာလအတွင်း မွန်ပြည်နယ်၌ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ရေးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်တပ်မတော် (KNLA) နှင့် အာဏာသိမ်း စစ်အုပ်စုတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သကဲ့သို့ ကျိုက်ထိုမြို့နယ်တွင်လည်း လက်နက်ကြီးပေါက်ကွဲမှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည်။ ဩဂုတ်လ (၁၉) ရက် ဇီးပြောင်းရွာနှင့်[1] စက်တင်ဘာလ (၆) ရက် ညောင်ထောက်ရွာတို့တွင်[2] လက်နက်ကြီးပေါက်ကွဲမှုကြောင့် စုစုပေါင်း ကလေးငယ် (၂) ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ (၁၂) ဦး ရှိခဲ့သည်။

ထိုသို့ မြေပြင်၌ စစ်ရေးပဋိပက္ခများ ဆက်လက်ရှိနေသော်လည်း မွန်လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုကိုမူ ဤကာလအတွင်း မတွေ့ရပေ။ သို့သော် စစ်ရေးဖြစ်စဉ်များကိုသာ ကြည့်ရှုမည့်အစား မွန်ပြည်သစ်ပါတီ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) အပါအဝင် မွန်အဖွဲ့အစည်းအသီးသီး၏ (၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့ထုတ်ပြန်ချက်ပါ နိုင်ငံရေးရပ်တည်ချက်များကို တွဲဖက်ကြည့်ရန် လိုအပ်သည်။ ထုတ်ပြန်ချက်များကို နှိုင်းယှဉ်ကြည့်လျှင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနှင့် မွန်ပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ကဲ့သို့သော အခြေခံရည်မှန်းချက်များတွင် တူညီမှုများ ရှိနေသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ ဘုံရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် တချို့အဖွဲ့များက လက်နက်ကိုင်တော်လှန်ရေးနှင့် တပ်ပေါင်းစု တည်ဆောက်ရေးကို အလေးထားကြပြီး တချို့ကမူ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနှင့် နိုင်ငံရေးနည်းလမ်းကို အဓိကထားနေကြသည်။

 

တူညီသောရည်မှန်းချက်များနှင့် ကွဲပြားနေသော လမ်းစဉ်များ

မွန်အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များတွင် ပထမဦးစွာ တွေ့ရသည့် အချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် မွန်အမျိုးသားရေး ရည်မှန်းချက်များအပေါ် အခြေခံသည့် တူညီမှုဖြစ်သည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အာဏာရှင်စနစ်ဟူသမျှကို ဖယ်ရှားရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်တည်ဆောက်ရေးတို့ကို ရည်မှန်းချက်အဖြစ် ထုတ်ဖော်ထားသည်။[3]

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကလည်း NCA စာချုပ်နှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန်အတွက်သာ ဖြစ်သည့်အတွက် လက်မခံဘဲ မွန်လူမျိုး၏ အမျိုးသားရေးအခွင့်အရေးများ ပြန်လည်ရရှိရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို အဓိကထားကာ တပ်ပေါင်းစုတစ်ရပ် ပေါ်ပေါက်ရေးကို ဆက်လက်ကြိုးပမ်းမည်ဟု ဆိုထားသည်။[4]

သို့သော် ယင်းတူညီမှုများ နောက်ကွယ်တွင် လက်တွေ့နိုင်ငံရေးလမ်းစဉ်များ ကွာခြားမှု ရှိနေသည်။ မွန်ပြည်သစ်ပါတီ (NMSP) က လက်ရှိပြဿနာ၏ အရင်းခံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ဟူသည့် နိုင်ငံရေးပြဿနာဖြစ်သဖြင့် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းမှသာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု ရပ်တည်ထားပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမှတဆင့် အဓိပ္ပါယ်ရှိသော နိုင်ငံရေးအပြောင်းအလဲ ရရှိရေးကို ပိုမိုအလေးထားသည်ကို တွေ့ရသည်။[5]

ထို့အတူ တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) ကလည်း မွန်တော်လှန်ရေးတွင် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ရန်နှင့် မွန်လူငယ်များအကြား စုစည်းခေါင်းဆောင်မှု (Collective Leadership) ကို ဖော်ဆောင်ရန် တိုက်တွန်းထားသည်။[6] အထူးသဖြင့် “တစ်ခုတည်းသော နိုင်ငံရေးအတွေးအမြင်၊ တစ်ခုတည်းသော နိုင်ငံရေးလမ်းစဉ်နှင့် တစ်ခုတည်းသော နိုင်ငံရေးပန်းတိုင်” ဆီသို့ ဦးတည်ရန် တောင်းဆိုထားခြင်းက မွန်အင်အားစုများအကြား စည်းလုံးညီညွတ်ရေး လိုအပ်ချက်ကို ပိုမိုထင်ရှားစေသည်။

 

စည်းလုံးညီညွတ်မှုနှင့် နိုင်ငံရေးညှိနှိုင်းမှု လိုအပ်လာခြင်း

မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်များကို ဆက်လက်ကြည့်ရှုပါက မွန်အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူထုအပေါ် တာဝန်ခံမှုရှိရေးတို့ကို ထပ်တလဲလဲ အလေးပေးထားကြသည်။ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တို့က မွန်ပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာကျကျ ဖော်ဆောင်ကာ တော်လှန်ရေးကာလအတွင်း မွန်ပြည်အစိုးရတစ်ရပ် ထူထောင်ရန်၊ တော်လှန်ရေးလုပ်ငန်းစဉ်များကို မွန်ပြည်သူများအား ပွင့်လင်းမြင်သာစွာ တင်ပြရန်နှင့် ပြည်သူတို့၏ အခြေခံရပိုင်ခွင့်နှင့် လုံခြုံရေးကို ကာကွယ်ပေးရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။[7]

ယင်းအချက်များသည် မွန်တော်လှန်ရေးတွင် စစ်ရေးအင်အားတစ်ခုတည်းကို တိုးမြှင့်ရုံဖြင့် မလုံလောက်တော့ဘဲ အင်အားစုများအကြား နိုင်ငံရေးညှိနှိုင်းမှုနှင့် လူထုအခြေပြု တာဝန်ခံမှုတို့သည်လည်း အရေးကြီးလာကြောင်း ပြသနေသည်။ တစ်ချိန်တည်းတွင် မွန်အင်အားစုများအကြား နိုင်ငံရေးလမ်းစဉ် မတူညီကြသည့်တိုင် အနည်းဆုံး မွန်အမျိုးသားရေးဆိုင်ရာ အခြေခံကိစ္စရပ်များနှင့် လူထုလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှု စသည့် ဘုံအကျိုးစီးပွားများအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေးသည် အလွန်အရေးကြီးလာပေသည်။

 

နိဂုံး

(၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်များသည် မွန်တော်လှန်ရေးအင်အားစုများအကြား ရည်မှန်းချက်တူညီမှုနှင့် လမ်းစဉ်ကွဲပြားမှုတို့ တစ်ပြိုင်နက်တည်း ရှိနေဆဲဖြစ်ကြောင်း ဖော်ပြနေသည်။ မွန်တော်လှန်ရေး၏ အနာဂတ်အတွက် စိန်ခေါ်မှုသည် အင်အားနည်းပါးခြင်းတစ်ခုတည်း မဟုတ်ဘဲ ရှိပြီးသားအင်အားများကို တစ်ခုတည်းသော နိုင်ငံရေးအဖွဲ့အစည်းအောက်၌ မည်မျှအတိုင်းအတာအထိ စုစည်းနိုင်မည်ဆိုသည့် အချက်ဖြစ်သည်။ ထို့ကြောင့် လမ်းစဉ်ကွဲပြားမှုများကို ဖျက်သိမ်းရန်ထက် ဘုံအမျိုးသားအကျိုးစီးပွားအပေါ် အခြေခံ၍ နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ စသည့် တူညီကဏ္ဍများ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကသာ မွန်တော်လှန်ရေး အလားအလာကို ပိုမိုအဆုံးအဖြတ်ပေးနိုင်မည်ဖြစ်သည်။ မွန်ပြည်သစ်ပါတီက ယုံကြည်ချက်နှင့် လမ်းစဉ်ကွဲပြားနေသော်လည်း ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများနှင့် အမျိုးသားရေးကိစ္စများအပေါ် တွေ့ဆုံဆွေးနွေးနိုင်ရေးကို ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသကဲ့သို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကလည်း ယနေ့တိုက်ပွဲသည် စစ်ရေးအင်အားနှင့် ညီညွတ်မှုအားတို့ပေါ်တွင် မှီတည်နေကြောင်း ထုတ်ပြန်ထားသည့်အတွက် မွန်အင်အားစုများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့မြေပြင်၌ မြင်တွေ့လာနိုင်မလားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

[1] Karen National Union, August 22, 2026: ရွေးတုအစိုးရ၏စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး (၁၁)ဦး ဒဏ်ရာရ။ https://www.facebook.com/share/p/14owvuri8QG/

[2] Karen National Union, September 7, 2026: အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ထောက်ရွာမှ အသက် (၁၀) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး။ https://www.facebook.com/share/p/1XruzmdC8t/

[3] Mon State Federal Council – MSFC, August 28, 2026: မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ (၇၉) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်။ https://www.facebook.com/share/p/1E2P2q576e/

[4] NMSP-AD/Ramonnya Mon Army, August 28, 2026: လိက်လလောၚ်တြး တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉)ဝါ ဗော်ဍုၚ်မန်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်) / ဒပ်မန်ရာမည။ https://www.facebook.com/share/p/18GJbaguVL/

[5] Independent Mon News Agency, August 28, 2026: ဂလာန်ပတှ်ေဟွံတုပ် နဲကၠောန်တၞဟ်ခြာလေဝ် မန်အပ္ဍဲဍုင် မ္ရးဍုင်ဂမၠိုင် ညံင်ဂွံချပ်ဇန်ပရေင်ဂကူမွဲစွံမာန် ဗော်ဍုင်မန်တၟိ ဟီု။ StatementofNewMonStateParty

[6] Mon Youth Progressive Organization, August 28, 2026:  လိက်လလောင်တြး တ္ၚဲပၠန်ဂတးမန် မရနုက်ကဵု (၇၉) ဝါ။ https://www.facebook.com/share/p/1F6AUjdtG4/

[7] NRFF – New Rehmonnya Federated Force, August 27, 2026:  (၇၉) နှစ်မြောက် မွန်တော်လှန်ရေးနေ့ ပူးတွဲထုတ်ပြန်ချက်။ https://www.facebook.com/share/p/1FG6L43Mre/

Comments

No comments yet. Why don’t you start the discussion?

Leave a Reply