မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(ဧပြီလအတွင်း မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

အကျဉ်းချုပ်

ဒီမိုကရေစီအစိုးရလက်ထက်တွင် ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ရောင်နီသန်းနေသည့် မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှု၏ ရလဒ်ကြောင့် တဖန်အမှောင်အတွင်းသို့ ကျရောက်သွားခဲ့ပြန်သည်။ စစ်အာဏာ သိမ်းမှု ၁ နှစ်ကျော်ရှိသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် တိုးတက်မှုလမ်းကြောင်းကို ဦးတည်နေသည်ထက် ပြိုလဲပျက်စီးသည့် လမ်းကြောင်းသို့ ပိုမိုဦးတည်နေပေသည်။ ပြည်တွင်း မငြိမ်မသက်မှုများနှင့် စစ်ရေးပဋိပက္ခများသည် အားကောင်းတောက်လောင် လျက်ရှိသည်။ထို့အပြင် နစကစစ်ကောင်စီသည် တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် အကြမ်းဖက် လုပ်ရပ်အမျိုးစုံကို ပြည်သူများအပေါ် ဆက်လက်ကျူးလွန်နေဆဲပင် ဖြစ်သည်။ မတရားဥပဒေများ ပြဌာန်းခြင်း၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များ သိမ်းဆည်းခြင်း၊ ဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာ ဥပဒေများနှင့် ဆန့်ကျင်နေသော လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနှင့် ချိတ်ပိတ်ခံရသည့် နေအိမ် (၅၀၀)ကျော်၊ ဖမ်းဆီးထိန်သိမ်းခံရသူ (၂၀၀) ကျော်နှင့် နေရာဒေသအသီးသီးမှ မီးရှို့ခံရသည့် နေအိမ်အလုံးပေါင်း (၆၇၂၉) အထိရှိသည်ဟု သိရသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရသည်။ အလားအတူပင် အချို့သော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း ဒလန်ဟုစွပ်စွဲချက်ဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်ခြင်းစသည့် လူအခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှု၏ရလဒ်ကြောင့် အဘက်ဘက်မှ ချွတ်ခြုံကျသွားခဲ့သည်။ စီးပွားရေးနှင့် လူမှုရေး (ပညာရေး၊ ကျန်းမာရေး) စသည့် ကဏ္ဍများတွင် ယခင်အခြေအနေကဲ့သို့ မရောက်နိုင်သေးပေ။ စီးပွားရေးလုပ်ငန်းများရပ်တန့်သွားခြင်း၊ ပြည်တွင်း၊ပြည်ပ ကုန်သွယ်ရေးစနစ်များ ပျက်စီးသွားခြင်း၊ မရေရာမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ထွက်ခွာသွားခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခြင်းစသည့် အကျိုးအဆက်များကြောင့် အခြေခံလူတန်းစား ပြည်သူအများအပြား အလုပ်အကိုင်ရှားပါးမှုပြဿနာများ၊ စားဝတ်နေရေးအခက်အခဲများနှင့် အငတ်ဘေးဒဏ်များကို ရင်ဆိုင်ကြုံတွေ့ရသည်။ စစ်ကောင်စီသည် ကမောက်ကမဖြစ်နေသည့် စီးပွားရေးစနစ် များကို ပြန်လည်မထိန်းချုပ်နိုင်သေးပေ။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply