လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(သြဂုတ်လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

မြန်မာနိုင်ငံသည် ပဋိပက္ခအလွှာပေါင်းစုံမှ လွတ်မြောက်နိုင်ရန် နှစ်၊လမြောက်များစွာ ကြာအုံးမည်ဖြစ်သည်။ ပြည်တွင်းစစ်နှင့်အတူ အနှစ် (၇၀)ကျော် အားကောင်းတောက်လောင်နေသော စစ်မီးများအား စစ်အာဏာသိမ်းပြီးနောက် ပိုမို ကျယ်ပြန့် လာသည်။ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းခဲ့ခြင်းကြောင့် ယနေ့အထိ သွေးထွက်သံယိုသော အဖြစ်အပျက်များအား မြင်တွေ့နေရဆဲပင် ဖြစ်သည်။ စစ်ရေးပဋိပက္ခဘောင်များ ကျယ်လာသည်နှင့်အမျှ တိုင်းပြည်သည် ဆင်းရဲတွင်းမှ ဆက်လက်နစ်မွန်းနေပေမည်။ စစ်အာဏာသိမ်းမှု (၁)နှစ်ကျော်ကြာရှိသော်လည်း တိုင်းပြည်သည်  တိုးတက်လာသော အရိပ်အယောင်မျှ မတွေ့သေးပေ။

စစ်ကောင်စီသည် အာဆီယံနိုင်ငံမှ ချမှတ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅)ချက်အား ယနေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပြင်  စစ်ရာဇာဝတ်မှု၊ လူ့အခွင့်အရေးနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရက်များအား ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ အခြားတစ်ဖက်၌ အချို့သော ဒီမိုကရေစီတော်လှန်ရေးအင်းအာစုများက အကြမ်းဖက်မှုသက်ရောက်သော လုပ်ရပ်များအား ပြည်သူများအပေါ် ကျူးလွန်လျက်ရှိပြီး အင်အားနှစ်ခု အားပြိုင်မှုကြားတွင် ပြည်သူများ ဓားစာခံဖြစ်နေသည်။ ထို့အပြင် နိုင်ငံအနှံ့အပြား၏ လက်နက်ကိုင် တိုက်ပွဲများကြောင့် အသက်ဆုံးရှုံးလိုက်ရသည့် အပြစ်မဲ့ပြည်သူများ တနေ့တခြား ပိုမိုများပြားလာပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (၁ သန်းကျော်)  အထိရှိသည်။ အလားတူပင် စစ်အာဏာသိမ်းမှု (၁)နှစ်ကျော်ကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်ပေါင်း ၃ သောင်းနီးပါး ပျက်စီးခဲ့သည်ဟု data for Myanmar ၏ ဖော်ပြချက်ထဲတွင် တွေ့ရသည်။   ထိုဆုံးရှုံးမှုအားလုံးသည် အာဏာသိမ်းမှု ရလဒ်ကြောင့်ပင် ဖြစ်သည်။

နိုင်ငံအတွင်း စစ်ရေးပဋိပက္ခများ လွန်ကဲခြင်းကြောင့် တိုင်းပြည်သည် ဆင်းရဲသထက် ပိုမိုဆင်းရဲလာသည်။ စီးပွားရေး၊ လူမှုရေး (ပညာရေး၊ ကျန်းမာရေး) စသောကဏ္ဍများသည် ပြိုလဲမှုဒဏ်မှ ပြန်လည်နလံမထူနိုင်သေးပေ။ စီးပွားရေး ပြိုလဲပျက်စီးခြင်းအားဖြင့် နိုင်ငံအတွင်း အလုပ်လက်မဲ့ပြဿနာများ၊ ဆင်းရဲမွဲတေမှုနှုန်းများ သိသိသာသာ တိုးပွားတက်လာသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းများနှင့်အတူ ပြည်သူများ ဒုက္ခပေါင်းစုံအား အလူးအလဲခံစားနေကြရသည်။  လူမှုရေးကဏ္ဍကို ပြန်လည်ကြည့်ခြင်းအားဖြင့် အာဏာသိမ်းပြီးနောက် တိုင်ပြည်သည် မင်းမဲ့အသွင်သို့ ဆောင်နေသည်။  တရားဥပဒေ စိုးမိုးမှု ပြိုလဲပျက်စီးသွားသည့်ဒဏ်ကြောင့် မင်းမဲ့စရိုက်ဆန်ဆန် ခိုးမှု၊ လုယက်မှု၊အနုကြမ်းစီးမှုနှင့် လူသတ်ဖြတ်မှုများ ပိုမိုများပြားလာသည်။

 

Share.

About Author

Leave a Reply