၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင် အတောမသတ်နိုင်သည့် လက်နက်ကိုင်တော်လှန်ရေးက တဟုန်ထိုး ထပ်မံကြီးထွားလာသည်။ ထိုအခြေအနေကို မထိန်းချုပ်နိုင်တော့၍ နစက စစ်ကောင်စီဥက္ကဌက ယခုနှစ် (၂၀၂၂)သည် ငြိမ်းချမ်းရေးနှစ်ဖြစ်သည်ဟုဆိုကာ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးသတ်ရန် ကြံစည်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)တချို့အား မက်လုံးပေးညှိနှိုင်း၍ အခြေအနေ တည်ငြိမ်နေသယောင် ကြိုးပမ်းသည်။ စစ်ကောင်စီက ငြိမ်းချမ်းရေးဟု ပြောဆိုနေသော်လည်း အောက်ခြေတွင် ၎င်းတို့တပ်ဖွဲ့ဝင်များက တော်လှန်ရေးအင်အားစုများကို ဆက်လက်၍ ဖိနှိပ်ဖြိုခွဲနေသည်။ မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေချိန်တွင် နေပြည်တော်ငြိမ်းချမ်းရေး အခြေအနေနှင့် သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှု ဖြစ်ရပ်များ၊ စစ်ရေးပဋိပက္ခဆိုင်ရာ ဖြစ်ရပ်အချက်အလက်အချို့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မည်သို့ တုံ့ပြန်ခဲ့သည့် အကြောင်းကို ဖော်ပြသုံးသပ်သွားမည်။