ငြိမ်းချမ်းရေးသုံးသပ်ချက် (ဇူလိုင်လ)
ယခင်စစ်အစိုးရတို့၏ ဓါတ်ပြားဟောင်းအတိုင်း ယခု စစ်ကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂျိုကာလို သဘောထား၍ ဆော့ကစားပြနေပြန်သည်။ ယခုတင်ပြမည့် ငြိမ်းချမ်းရေး သုံးသပ်ချက်တွင် (ကာလုံ)က ဥပဒေကို လက်တလုံးခြားလုပ်ပြီး (နစက) စစ်ကောင်စီကို နောက်ထပ် (၆) လ ထပ်မံ သက်တမ်းတိုးပေးလိုက်သည့်အကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရှေ့နောက်စကား မညီ ညွတ်ပုံကို ထောက်ပြထားသည်။ သာမန်မဟုတ် ဟူသော စကားအတိုင်း တဖက်တွင်လည်း သာမန်စုဖွဲ့မှုမျှ မဟုတ် တော့သော တော်လှန်ရေးအင်အားစုတို့က “လမ်းများ အားလုံး နေပြည်တော်သို့” ဆိုသော စစ်ရေးဗျူဟာ အကြောင်းကိုလည်း ဖတ်ရှုရပေမည်။ ယင်းအပြင် ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်လိုကြောင်း အသံပေးလာသော စစ်ကောင်စီတွင် မည်ကဲ့သို့သော နိုင်ငံရေးအကြံအစည် ရှိနေပါသနည်း။ ဆက်လက်ပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ဇူလိုင်လအတွင်း တုံ့ပြန် ပြောဆိုထားသည့် အကြောင်းအရာ အချက်အလက် မျိုးစုံကိုလည်း ဤစာတမ်းတွင် စုစည်းထားခြင်းကြောင့် စာဖတ်သူများ လေ့လာသုံးသပ်ခွင့် ရရှိပေလိမ့်မည်။