ဩဂုတ် (၁၅) မှ စက်တင်ဘာ (၁၅) ရက်အထိ တစ်လတာအတွင်း မြန်မာ့အရေး သံတမန်ဇာတ်ခုံပေါ်၌ အကွက်ရွှေ့သံများ ပိုမိုကျယ်လောင်လာသည်။ မြေပြင် အကျပ်အတည်းများ နက်ရှိုင်းလာသည်နှင့်အမျှ နိုင်ငံတကာ အင်အားစုများအကြား ဥပဒေရေးရာ စိန်ခေါ်မှုများနှင့် မဟာဗျူဟာမြောက် ကစားကွက်တို့ ရှုပ်ထွေးပွေလီလာခဲ့သည်။ အထူးသဖြင့် ဤတစ်လတာအတွင်း မြင်တွေ့ရသည့် အဓိက လားရာသုံးရပ်မှာ ကုလသမဂ္ဂမျက်နှာစာမှ တရားဝင်မှု အားပြိုင်ပွဲ၊ နိုင်ငံတကာ၏ ရာဇဝတ်မှုဆိုင်ရာ စောင့်ကြည့်ဖိအားများနှင့် အာဆီယံ အိမ်နီးချင်းနိုင်ငံတို့၏ အကျိုးစီးပွားအခြေပြု လှုပ်ရှားမှုများ ဖြစ်ကြသည်။
၁။ ကုလသမဂ္ဂ သံတမန်ထိုင်ခုံ လုပွဲ
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အကြိုကာလတွင် နေပြည်တော်စစ်အစိုးရသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးမှ ဖယ်ရှားရန် ခြေလှမ်းစိပ်လာသည်။ ၂၀၂၁ ဖေဖော်ဝါရီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ပြီးဖြစ်ကြောင်း အကြောင်းပြကာ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှု စွဲချက်များဖြင့် အရေးယူပေးရန် နိုင်ငံတကာ ဥပဒေလမ်းကြောင်းမှတစ်ဆင့် ဖိအားပေးခဲ့သည်။[1] တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နွေဦးတော်လှန်ရေး အင်အားစုများက သံတမန်နေရာ မဆုံးရှုံးစေရေးအတွက် သံတမန်ရေး လှုံ့ဆော်မှုများကို အရှိန်မြှင့်တင်ခဲ့ကြသည်။ ကုလသမဂ္ဂ အထောက်အထားစိစစ်ရေး ကော်မတီအနေဖြင့် မည်သူ့ကို တရားဝင်အသိအမှတ်ပြုမည်ဟူသော ဆုံးဖြတ်ချက်ကို အစဉ်တစိုက် ဆိုင်းငံ့ထားသော်လည်း[2] ဦးကျော်မိုးထွန်း ထိုနေရာတွင် ဆက်လက်ရပ်တည်နေနိုင်ခြင်းကိုယ်၌က စစ်အစိုးရ၏ တရားဝင်မှုမရှိခြင်းနှင့် ၎င်းကို နိုင်ငံတကာက ပြောင်ပြောင်တင်းတင်း အသိအမှတ်မပြုကြောင်း ပြသနေသည့် သက်ရှိသင်္ကေတတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။
၂။ ဥပဒေရေးရာ ဖိအားနှင့် လူသားချင်းစာနာမှုဆိုင်ရာ သတိပေးချက်များ
အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ရာဇဝတ်မှုခုံရုံးဆိုင်ရာ ယန္တရားများက စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ ဖိအားများကို တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်လာသည်။ ၂၀၁၇ ရိုဟင်ဂျာ ရှင်းလင်းရေးစစ်ဆင်ရေး (၉) နှစ်ပြည့်မြောက်သည့်တိုင် ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေဆဲဖြစ်ကြောင်းနှင့် ပဋိပက္ခဒေသများရှိ ပြည်သူများမှာလည်း ဆိုးရွားလှသည့် အကြမ်းဖက်မှုဒဏ်ကို ဆက်လက်ခံစားနေရကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ပြတ်ပြတ်သားသား ထောက်ပြခဲ့သည်။[3] (၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင်လည်း IIMM က လက်နက်ကိုင်တပ်ဖွဲ့များ၏ ထိပ်တန်းကွပ်ကဲမှု အဆင့်ဆင့်ကို ခြေရာခံလျက် နိုင်ငံတကာခုံရုံးများသို့ အထောက်အထားများ ပေးပို့နေမှုကို အတည်ပြုခဲ့သည်။[4]
နေပြည်တော်ဘက်ကမူ ဤစုံစမ်းစစ်ဆေးမှုများသည် ဆန့်ကျင်ဘက် အဖွဲ့အစည်းများထံမှရရှိသည့် သတင်းများနှင့် ကိန်းဂဏန်းအပေါ် အခြေခံထား၍ တစ်ဖက်သတ်ဆန်ပြီး IIMM က လွတ်လပ်သည့် ယန္တရားအမည်ခံ နိုင်ငံရေး အသုံးချလက်ကိုင်တုတ်ဟု ပယ်ချခဲ့ပြီး ပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ကန့်သတ်ခြင်းဖြင့် ခုခံလျက်ရှိသည်။[5] သို့သော် ဤသို့ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်မှုသည် စစ်အစိုးရအပေါ် နိုင်ငံတကာ၏ ယုံကြည်စိတ် ကင်းမဲ့မှုကို ပိုမိုအတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်စေသည်။
၃။ အိမ်နီးချင်းတို့၏ အကျိုးစီးပွား ဦးစားပေး ချဉ်းကပ်မှု
အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်မှာ စာရွက်ပေါ်တွင်သာ သောင်တင်နေသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့မှာမူ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် စစ်အစိုးရနှင့် သီးခြားခွဲကာ လက်ဆွဲနှုတ်ဆက်လာကြသည်။ မင်းအောင်လှိုင်၏ ကမ္ဘောဒီးယားခရီးစဉ်အတွင်း မြန်မာနိုင်ငံ အာဆီယံသို့ အပြည့်အဝပြန်လည်ဝင်ရောက်ရေး ကမ္ဘောဒီးယားက တရားဝင် ထောက်ခံခဲ့သည်။[6] ဗီယက်နမ်နှင့်လည်း (၁၀) ကြိမ်မြောက် ပူးတွဲကော်မရှင် အစည်းအဝေးဖြင့် ကုန်သွယ်ရေးယန္တရားကို အသက်ဆက်နေသည်။[7] အထူးသဖြင့် ထိုင်း-မြန်မာ ထိပ်တန်း လုံခြုံရေးဆွေးနွေးပွဲများတွင် နယ်စပ်ဖြတ်ကျော်မှုခင်းနှင့် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုက်ရိုက် ဆွေးနွေးခဲ့ကြသည်။[8] ဤသို့ ထိုင်းဘက်က နယ်စပ်ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာခြင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (EAOs) အတွက် ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများကို မဖြစ်မနေ ပြန်လည်ချိန်ညှိရမည့် ဗျူဟာမြောက် ဖိအားတစ်ခု ဖြစ်လာစေသည်။
သုံးသပ်ချက်
သြဂုတ် ၁၅ မှ စက်တင်ဘာ ၁၅ အထိ တွေ့မြင်ရသော ဖြစ်စဉ်များသည် နိုင်ငံတကာ၏ မြန်မာ့အရေး ကိုင်တွယ်မှု၌ သဘောထားကွဲလွဲမှု ပိုမိုနက်ရှိုင်းလာကြောင်း ထင်ဟပ်နေသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများက စစ်ရာဇဝတ်မှုများအတွက် ဥပဒေအရ အပြစ်ပေးနိုင်ရေး အထောက်အထားများ စုဆောင်းနေချိန်၊ တရားမျှတမှု ဖော်ဆောင်ရန် ဖိအားပေးနေချိန်တွင် ဒေသတွင်း အိမ်နီးချင်းများကမူ နယ်စပ်တည်ငြိမ်ရေးနှင့် စီးပွားရေးအကျိုးစီးပွားကို ရှေ့တန်းတင်ကာ စစ်အစိုးရကို နိုင်ငံရေးအရ အသက်ရှူပေါက် ပေးနေကြသည်။ အိမ်နီးချင်းအာဆီယံနိုင်ငံများသည် ဘုံသဘောတူညီချက်ထက် မိမိတို့၏ နယ်စပ်လုံခြုံရေးနှင့် အကျိုးစီးပွားကို ပိုမိုဦးစားပေးလာကြသည်။ အိမ်နီးချင်းနိုင်ငံများက နေပြည်တော်နှင့် တိုက်ရိုက်ထိတွေ့လာခြင်းသည် စစ်အစိုးရကို လုပ်ပိုင်ခွင့်ဆိုင်ရာ တရားဝင်မှုတစ်ရပ် ပေးအပ်လိုက်သကဲ့သို့ ဖြစ်စေပြီး တော်လှန်ရေးအင်အားစုများအတွက် မြေပြင်ထောက်ပို့စရိတ် ကြီးမြင့်လာစေသည်။
နိဂုံး
အိမ်နီးချင်းနိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုများသည် စစ်အစိုးရအတွက် အုပ်ချုပ်ခွင့် တရားဝင်မှုကို တစ်စစ ပုံမှန်ဖြစ်သွားစေနိုင်သည့် အန္တရာယ်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို ဒေသတွင်း နယ်စပ်ပကတိ အခြေအနေများနှင့် ဟန်ချက်ညီအောင် ချိန်ညှိဖော်ဆောင်ရမည်ဖြစ်သလို၊ တော်လှန်ရေး အင်အားစုများဘက်ကလည်း ပိုမိုတင်းကျပ်လာမည့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ထိန်းချုပ်မှုများနှင့် ကစားကွက်များကို ကြံ့ကြံ့ခံနိုင်ရန် ထောက်ပံ့ရေးစနစ်များနှင့် ထောက်ပို့လမ်းကြောင်းများကို ကြိုတင်ပြင်ဆင် ပြောင်းလဲထားရမည် ဖြစ်သည်။
[1] Reuters, September 13, 2026: Myanmar government revokes status and seeks action against UN envoy Kyaw Moe Tun. [Link]
[2] The Irrawaddy, September 14, 2026: Myanmar Regime Says UN Envoy Illegitimate Ahead of Credentials Decision. [Link]
[3] IIMM, August 24, 2026: Nine years on, the Rohingya are still waiting for justice. [Link]
[4] IIMM, September 7, 2026: Statement at the 63rd Regular Session of the Human Rights Council. [Link]
[5] MOI, September 9, 2026: လွတ်လပ်သည့် ယန္တရားအမည်ခံ နိုင်ငံရေးအသုံးချလက်ကိုင်တုတ်. [Link]
[6] The Irrawaddy, September 14. 2026: Cambodia Backs Regime’s Bid for Full Return to ASEAN: Spokesperson. [link]
[7] The Global New Light of Myanmar, August 27, 2026: Myanmar, Vietnam co-chair 10th Meeting of Joint Commission on Bilateral Cooperation. [Link]
[8] The Global New Light of Myanmar, August 29, 2026: Myanmar, Thailand Discuss Border Security, Transnational Crime and Bilateral Cooperation. [Link]
