ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ် အတွဲ (၂)၊ အမှတ် (၁) ကို စာဖတ်သူများနှင့် ပညာရပ်အသိုက်အဝန်းသို့ ထပ်မံတင်ဆက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ပထမအတွဲဖြင့် အစပြုခဲ့သည့် ဤပညာရပ်ဆိုင်ရာ ကြိုးပမ်းမှုကို ဆက်လက်သယ်ဆောင်လာရာတွင် ယခုအတွဲ၌ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် လူမှုရေးအပြောင်းအလဲများအပြင် ဖက်ဒရယ်ဒီမိုကရေစီနှင့် အနာဂတ်နိုင်ငံတည်ဆောက်ရေးဆိုင်ရာ မေးခွန်းများကို ရှုထောင့်မျိုးစုံမှ လေ့လာထားသည့် စာတမ်းများကို စုစည်းတင်ပြထားပါသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုစီးပွားရေးအရ နက်ရှိုင်းသော အပြောင်းအလဲများကို ဆက်လက်ကြုံတွေ့နေရပါသည်။ ယင်းအပြောင်းအလဲများသည် နိုင်ငံတော်၏ အနာဂတ်ဖွဲ့စည်းပုံနှင့် အုပ်ချုပ်ရေးစနစ်ကိုသာမက ပြည်သူများ၏ နေ့စဉ်ဘဝ၊ အသက်မွေးဝမ်းကျောင်း၊ လူမျိုးရေးနှင့် နိုင်ငံရေးအမှတ်သရုပ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးတို့ကိုပါ ပြန်လည်စဉ်းစားရန် ဖြစ်ပေါ်စေခဲ့သည်။ ထိုအခြေအနေများကို နားလည်နိုင်ရန် အထောက်အထားအခြေပြု သုတေသနနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများသည် ပို၍အရေးပါလာပါသည်။
ယခုဂျာနယ်တွင် ဒေါက်တာ ဥမ္မာနှင့် ဒေါက်တာ ဆာဂါရာ တို့က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခများကြောင့် မွန်ပြည်နယ်ရှိ ကျား၊ မ အခန်းကဏ္ဍများ၊ အသက်မွေးဝမ်းကျောင်းနည်းလမ်းများနှင့် အိမ်ထောင်စုများ၏ ရပ်တည်နိုင်စွမ်း မည်သို့ပြောင်းလဲလာသည်ကို လေ့လာရေးသားထားသည်။ အထူးသဖြင့် ပဋိပက္ခအတွင်း အမျိုးသမီးများ၏ စီးပွားရေးနှင့် မိသားစုတာဝန်များ ပြောင်းလဲလာမှုအပြင် လူမှုအသိုက်အဝန်းများ၏ အပြန်အလှန်ကူညီမှုနှင့် ရပ်တည်နိုင်စွမ်းတို့ကို လေ့လာတင်ပြထားသည်။
နိုင်လဝီအောင် က ဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများနှင့် ဖက်ဒရယ်စနစ်ပုံစံအမျိုးမျိုးကို နှိုင်းယှဉ်လေ့လာထားသည်။ ကနေဒါ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့၏ ဖက်ဒရယ်စနစ်များကို လေ့လာကာ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပူးပေါင်းအုပ်ချုပ်မှုတို့ကို မတူညီသော ဖက်ဒရယ်စနစ်များတွင် မည်သို့ပုံဖော်ထားကြောင်း တင်ပြထားသည်။
တစ်ဖက်တွင် နိုင်ကဆုမွန် က ၂၀၂၁ ခုနှစ်နောက်ပိုင်း တော်လှန်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပေါ်ပေါက်လာသည့် ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြန်လည်တည်ဆောက်ရေးတွင် ၎င်းတို့၏ အခန်းကဏ္ဍကို လေ့လာထားသည်။ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အညာဒေသတို့တွင် ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်ယူနစ်ဆိုင်ရာ ပြောင်းလဲမှုများအပြင် ‘ဝ’ နှင့် ရခိုင်ဒေသတို့၏ အခြေအနေများကိုပါ ထည့်သွင်းလေ့လာကာ အောက်ခြေမှ ဖက်ဒရယ်တည်ဆောက်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်စဉ်များကို ဆွေးနွေးထားသည်။
ဂျာနယ်၏ နောက်ထပ်စာတမ်းတစ်ပုဒ်တွင် Dr. Ashley South က မြန်မာနိုင်ငံ၏ လူမျိုးရေးနှင့် နိုင်ငံရေးအမှတ်သရုပ်ကို သမိုင်းဆိုင်ရာ ရှုထောင့်မှ ပြန်လည်ဆန်းစစ်ထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေး၊ လူမျိုးရေးအမှတ်သရုပ်နှင့် မတူကွဲပြားသော လူမျိုးများအကြား ဘုံပိုင်ဆိုင်မှုနှင့် အတူတကွပါဝင်နေထိုင်ခြင်းဆိုင်ရာ ခံယူချက်တစ်ရပ် တည်ဆောက်ရေးတွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို သမိုင်းကြောင်းနှင့် ချိတ်ဆက်၍ ဆွေးနွေးထားသည်။
Flipbook (အစက်သုံးစက်) ကို ဖွင့်၍ Download ရယူနိုင်သည်။
ယခုအတွဲတွင် ပါဝင်သည့် စာတမ်းများသည် အကြောင်းအရာနှင့် ချဉ်းကပ်ပုံ မတူညီကြသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲများနှင့် အနာဂတ်နိုင်ငံတည်ဆောက်ရေးကို မတူညီသော ရှုထောင့်များမှ နားလည်နိုင်ရန် အထောက်အကူပြုကြသည်။ ပဋိပက္ခကြားရှိ ပြည်သူများ၏ နေ့စဉ်ဘဝနှင့် အသက်မွေးဝမ်းကျောင်းမှစ၍ လူမျိုးရေးနှင့် နိုင်ငံရေးအမှတ်သရုပ်၊ ဖက်ဒရယ်စနစ်၏ ပုံစံများ၊ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ်များ၏ ပေါ်ပေါက်ဖွံ့ဖြိုးလာမှုအထိ ကျယ်ပြန့်သည့် မေးခွန်းများကို ယခုဂျာနယ်မှတစ်ဆင့် လေ့လာဖတ်ရှုနိုင်မည် ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ်သည် ယင်းမေးခွန်းများအတွက် အဖြေတစ်ခုတည်းကို သတ်မှတ်ပေးရန် မရည်ရွယ်ပါ။ မတူညီသော သုတေသနများ၊ အထောက်အထားများနှင့် ပညာရပ်ဆိုင်ရာ အမြင်များ ဆုံတွေ့နိုင်သည့် နေရာတစ်ခု ဖန်တီးပေးရန်နှင့် ယင်းတို့မှတစ်ဆင့် မေးခွန်းအသစ်များ၊ ဆွေးနွေးမှုအသစ်များနှင့် သုတေသနအသစ်များ ဆက်လက်ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါသည်။
ယခု အတွဲ (၂)၊ အမှတ် (၁) တွင် ပါဝင်သည့် စာတမ်းများသည် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော လက်ရှိအခြေအနေကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင်ရန်နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အပေါ် အခြေခံသည့် အနာဂတ်တစ်ရပ်ကို ဆက်လက်စဉ်းစားဆွေးနွေးနိုင်ရန် အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။
ဤမျှော်လင့်ချက်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ်၊ အတွဲ (၂)၊ အမှတ် (၁) ကို စာဖတ်သူများနှင့် ပညာရပ်အသိုက်အဝန်းသို့ တင်ဆက်အပ်ပါသည်။
အယ်ဒီတာအဖွဲ့
ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ်
ရာမညအင်စတီကျု လူထုအခြေပြုနိုင်ငံရေးသုတေသန (RICE)
