မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။

ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ရေဖြူမြို့နယ် စသည့် စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါနယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန် အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာသည် (RICE) သုတေသနအဖွဲ့၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ (၂၀၂၆) ခုနှစ်၊ အောက်တိုဘာလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက် အချို့ကို အဓိကထား၍ အစီရင်ခံတင်ပြသွားမည် ဖြစ်ပါသည်။

 

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ

(၂၀၂၆) ခုနှစ်၊ အောက်တိုဘာလ တစ်လတာအတွင်း မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၁၀) ကြိမ် ရှိခဲ့ပြီး မွန်ပြည်နယ်တွင် (၄) ကြိမ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် (၃) ကြိမ်၊ ကော့ကရိတ်မြို့နယ်တွင် (၂) ကြိမ်နှင့် ရေဖြူမြို့နယ်တွင် တိုက်ပွဲ (၁) ကြိမ် ဖြစ်ပွါးခဲ့သည်။ မွန်ပြည်နယ်၏ တိုက်ပွဲအခြေအနေကို ကြည့်ပါက ရေးမြို့နယ် နှင်းစုံ၊ ခေါဇာနှင့် ရေးမြို့အနီး မြို့ဟောင်းတို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ကျေးရွာအနီးတွင် အာဏာသိမ်း စစ်အုပ်စုနှင့် ရာမညမွန်တပ်တော် ပါဝင်သော မွန်၊ ကရင်ပူးပေါင်းတပ်တို့အကြား ရက်ဆက်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်ကို တွေ့ရသည်။

မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် အောက်တိုဘာလ၌ စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၁၉) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁၁) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၁၆) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၈) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၉) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။

အလားတူ ဘီးလင်းမြို့နယ်၌လည်း လက်နက်ကြီးပစ်ခတ်မှု (၄) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။ အောက်တိုဘာလ (၁၃) ရက် ည (၁၀) နာရီဝန်းကျင်ခန့် ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာအတွင်းသို့ ‌အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၁၃) နှစ်အရွယ် စောနိုင်လင်းအောင် အပါအဝင် အရပ်သား (၅) ဦး သေဆုံးခဲ့ပြီး အရပ်သား (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများတွင် (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ရာ ဒဏ်ရာကြောင့် ထိုကလေးငယ်၏ ခြေထောက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့သည်။ ထို့အပြင် ရေးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ ကော့ကရိတ်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၆) ကြိမ်၊ ကျိုက်မရောမြို့နယ်တွင်  ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ်နှင့်  ရေဖြူမြို့နယ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁) ကြိမ် အသီးသီးရှိခဲ့ကြသည်။

 

မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်

(၂၀၂၆) ခုနှစ် အောက်တိုဘာလအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၁၆) ဦးအထိ ရှိခဲ့ပြီး အများစုမှာ အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်ခံ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် ပျူစောထီးတို့၏ အဓမ္မဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ ထို့အပြင် စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခြင်းနှင့် အခြားဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

အောက်တိုဘာလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၈) ဦး ရှိခဲ့သည်။ စစ်အုပ်စု၏ စစ်ကြောင်းထိုးစဉ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် အရပ်သား စုစုပေါင်း (၃) ဦး ရှိခဲ့ပြီး ၎င်းတို့အားလုံးသည် အောက်တိုဘာလ (၁၀) ရက်နေ့ ရေဖြူမြို့နယ်၊ လော့သိုင်းရွာအနီးဖြစ်ပွါးခဲ့သော  တိုက်ပွဲဖြစ်စဉ်ပြီးနောက် ၎င်းတို့၏ ဥယျာဉ်ခြံအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အခြားအကြောင်းအရင်းဖြင့် ဖမ်းဆီးခံရသူ အရပ်သား (၅) ဦးအနက် (၁) ဦးမှာ တော်လှန်ရေးအဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး (၂) ရက်အကြာ ပြန်လည်လွတ်မြောက်ခဲ့သည်။ စုစုပေါင်း ဖမ်းဆီးခံရသူ (၁၆) ဦးအနက် (၆) ဦး ပြန်လည်လွတ်မြောက်ခဲ့ကြသည်။

(၂၀၂၆) ခုနှစ် အောက်တိုဘာလအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအချို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ကောက်ယူထားသော အချက်အလက်များအရ အောက်တိုဘာလအတွင်း အာဏာသိမ်း စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် (၂၇) လုံး ပျက်စီးခဲ့သည်။ အထူးသဖြင့် ဘီးလင်းမြို့နယ်တွင် နေအိမ် (၁၄) လုံး၊ ကျိုက်ထိုမြို့နယ်တွင် နေအိမ် (၁၂) လုံးနှင့် ကော့ကရိတ်မြို့နယ်တွင် နေအိမ် (၁) လုံး စသဖြင့် အသီးသီး ပျက်စီးမှုများ ရှိခဲ့ကြသည်။ ထို့အပြင် ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်း စစ်အုပ်စု၏ တိုက်ခိုက်မှုတို့ကြောင့် စာသင်ကျောင်း (၁) လုံး၊ ရေသန့်စက်ရုံ အဆောက်အဦး (၁) လုံး၊ ကား (၁) စီးနှင့် ဆိုင်ကယ် (၁) စီးတို့ ပျက်စီးမှုတို့ ရှိခဲ့ပြီး ကျိုက်မရောမြို့နယ်၊ ကော့ဘွီးရွာ အလယ်တန်းကျောင်း (ခွဲ) ကို တော်လှန်ရေးအဖွဲ့တစ်ခုက ဝင်ရောက်၍ ပြတင်းပေါက်များနှင့် စာသင်ခုံများအား ဖျက်ဆီးခဲ့သည်။

အောက်တိုဘာလအတွင်း ဖြစ်ပွါးခဲ့သော နှစ်ဖက်တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း (၄,၃၀၀) ဦးခန့် ရှိသည်။ ၎င်းတို့အနက် ကျိုက်ထိုမြို့နယ်တွင် စစ်ဘေးရှောင် (၈၀၀) ဦးခန့်၊ ဘီးလင်းမြို့နယ်တွင် စစ်ဘေးရှာင် (၅၀၀) ဦးခန့်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် (၃,၀၀၀) ဦးခန့် စစ်ဘေးရှောင်ခဲ့ကြရသည်။ (ဤအရေအတွက်များသည် ခန့်မှန်းချက်များသာ ဖြစ်၍ မြေပြင်အခြေအနေနှင့် ကွဲလွဲမှု ရှိနိုင်ပါသည်။

 

 

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply