လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

0

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

အောက်တိုဘာလ ၂၀၂၅

■ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာမှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ယခု လေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀ မြို့နယ်)၊ ကရင်ပြည်နယ် (ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး အပါအဝင် ၃ မြို့နယ်) နှင့် တနင်္သာရီတိုင်းဒေသကြီး (ရေဖြူမြို့နယ်) တို့မှ စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါ နယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန်အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။ဤအစီရင်ခံစာသည် RICE သုတေသနအဖွဲ့၏ လက်လှမ်းမီသော အချက်အလက်အရ၊ 2025 ခုနှစ်၊ အောက်တိုဘာလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက်အချို့ကို အဓိကထား၍ အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဥ်များ

စစ်ရေးတင်းမာမှုများအရ ရေးမြို့နယ်သည် မွန်နှင့် တောင်ပိုင်းဒေသရှိ အခြားမြို့နယ်များထက် သိသိသာသာ ပိုမိုမြင့်မား သော တိုက်ပွဲအကြိမ်ရေများလာပြီ စုစုပေါင်း ၆ ကြိမ်ဖြင့် အောက်တိုဘာလတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့သော မြို့နယ်ဖြစ်သည်။ ရေဖြူ၊ ကျိုက်မရောနှင့် ဘီးလင်း မြို့နယ်များတွင် တိုက်ပွဲအကြိမ်ရေ ၁ ကြိမ်စီသာ ဖြစ်ပွားခဲ့သည်ဟု RICE ၏ လက်လှမ်းမှသော သတင်းအချက်အလက်အရ သိရှိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ဆက်စပ်၍ ရေးမြို့နယ်တွင် မြန်မာစစ်တပ်ဘက်မှ သေဆုံးသူ ၁၇ ဦးအထက် ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ “အများအပြား” လည်း ရှိခဲ့သည်။  အခြားမြို့နယ်များမှ မြန်မာစစ်တပ် ထိခိုက်မှု အချက်အလက်များကို မရရှိပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်မှုအား ရေးမြို့နယ်တွင် ၁ ဦး ဒဏ်ရာရရှိမှုကိုသာ တွေ့ရှိရသည်။ ၎င်းတွင် အရပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

 

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းစစ်ဆင်ရေးဖြစ်စဥ်များ

လက်နက်ကြီးဆိုင်ရာ တိုက်ခိုက်မှုဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့သောမြို့နယ်များကို လေ့လာကြည့်ပါက တိုက် ခိုက်မှုအကြိမ်ရေ အများဆုံးမှာ ကော့ကရိတ်မြို့နယ် (၃ ကြိမ်) နှင့် ကျိုက်ထိုမြို့နယ် (၂ ကြိမ်) တို့ ဖြစ် သည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုများသည် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနှင့် ကော့ကရိတ် စသည့် မြို့နယ်လေးခု တွင် တစ်ကြိမ်စီ ဖြစ်ပွားခဲ့သည်။ ဒရုန်းစစ်ဆင်ရေးကိုမူ ကော့ကရိတ် မြို့နယ်၌ တစ်ကြိမ်သာ တွေ့ရှိရသည်။စစ်ရေးပဋိပက္ခကြောင့် အရပ်သား ထိခိုက်မှုများကို ကြည့်လျှင် ဒဏ်ရာရရှိမှု အများဆုံးမှာ ကျိုက်ထိုမြို့နယ် (၁၀ ဦး) နှင့် ဘီးလင်းမြို့နယ် (၁၀ ဦး) တို့ ဖြစ်သည်။ သေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့သည်မှာ ကျိုက်ထိုမြို့နယ် (၅ ဦး) တွင် ဖြစ်သည်။ မုဒုံ (၂ ဦး)၊ ကော့ကရိတ် (၂ ဦး)နှင့် ကြာအင်းဆိပ်ကြီး (၂ ဦး) မြို့နယ်များတွင်လည်း ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း တွေ့ရသည်။ ရေး နှင့် သထုံ စသည့် မြို့နယ်များတွင်မူ အရပ်သား ထိခိုက်မှု မရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။

အရပ်သားများ ဖမ်းဆီးခံရမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အရေအတွက်များ

အောက်တိုဘာလအတွင်း မြို့နယ်အလိုက် အရပ်သားဖမ်းဆီးခံရမှု အခြေအနေကို လေ့လာရာတွင် ကော့ကရိတ်မြို့နယ်၌ (၁၄၃) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရသည်။ ဒုတိယအများဆုံးမှာ ရေးမြို့နယ်ဖြစ်ပြီး အရပ်သား (၁၂၂) ဦး ဖမ်းဆီးခံခဲ့ရရာ၊ ထိုအထဲတွင် အသက် ၁၈ နှစ် မပြည့်သူ (၂၀) ဦးကျော် ပါဝင်ခဲ့သည်။ တတိယအများဆုံးဖြစ်သည့် သထုံမြို့နယ်တွင်လည်း (၅၁) ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၎င်းတို့ထဲ၌ အမျိုးသမီးများနှင့် အသက် ၁၈ နှစ်မပြည့်သူ ၁၃ ဦးကျော် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်အဖွဲ့၏ မတရားဖမ်းဆီးထိန်းသိမ်းကို ခံခဲ့ရသူများမှာ ဘီးလင်းမြို့နယ်တွင် (၃၂)ဦး၊ ကျိုက်ထိုမြို့နယ်တွင် (၂၀) ဦး၊ ကျိုက်မရောမြို့နယ်တွင် (၆)ဦး နှင့် မုဒုံမြို့နယ်တွင် (၃)ဦး စသည်ဖြင့် ရှိခဲ့ သည်။

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင် အရေအတွက်များ

အောက်တိုဘာလတွင် စစ်ရေးပဋိပက္ခများကြောင့် ပြည်သူ့အိုးအိမ် စုစုပေါင်း (၃၃) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ရေဖြူမြို့နယ် (ကနိ-၁၂၊ နတ်တွင်း-၃၊ ခမောင်းချောင်း-၉၊ ဝက်ချောင်း-၇) တွင် (၃၁) လုံး ပျက်စီးခဲ့ပြီး၊ ကျန် (၂)လုံးမှာ မုဒုံ/ကြာအင်းဆိပ်ကြီး (အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်း) နှင့် ကျိုက်ထိုမြို့နယ် (ကျောက်ဖျာရွာ) တို့တွင် ဖြစ်ပါသည်။

တိုက်ပွဲများကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ မူဒူး၊ ရလိုင်နှင့် ဇာဒီကျေးရွာများမှ စစ်ဘေးရှောင် (IDPs) သုံးထောင် (၃,၀၀၀) ဦးခန့် ရှိနေပြီး၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ရွာပေါင်း ၂၀ ကျော်မှ စစ်ဘေးရှောင်သူ လူဦးရေ သုံးသောင်း (၃၀,၀၀၀) အထိ ရှိနိုင်သည်ဟု KIC News ၏ ဖော်ပြချက်အရ သိရသည်။

ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

 

Share.

About Author

Leave a Reply