မွန်သွေးတပ်တော်နှင့် မွန်တော်လှန်ရေး

မွန်သွေးတပ်တော်နှင့် မွန်တော်လှန်ရေး

နိဒါန်း

မြန်မာနိုင်ငံရှိ လူမျိုးစုအခြေပြု တော်လှန်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နိုင်ငံရေး-စစ်ရေးအင်အားစုများ၏ အချင်းချင်း ပူးပေါင်းခြင်း၊ ဂိုဏ်းကွဲခြင်းနှင့် အဖွဲ့သစ်များ ထပ်မံပေါ်ပေါက်လာခြင်းများကို အာဏာသိမ်းစမှ ယနေ့အထိပင် မြင်တွေ့လာရသည်။ လက်ရှိ မွန်တော်လှန်ရေး၌လည်း အလားတူဖြစ်ရပ်များ ရှိခဲ့ပြီး ထိုသို့သော အခြေအနေအောက်တွင် “မွန်သွေးတပ်တော်” ဟု အမည်ရသည့် လက်နက်ကိုင်အဖွဲ့သစ်တစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။

မွန်သွေးတပ်တော်၏ ပေါ်ပေါက်လာမှုသည် မွန်တော်လှန်ရေးအင်အားစုများအကြား စိတ်ဝင်စားမှုနှင့်အတူ မေးခွန်းထုတ်မှုများလည်း ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ယင်းအဖွဲ့၏ ဦးဆောင်သူများသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် နီးစပ်မှုရှိနေခြင်း၊ လက်ရှိတော်လှန်ရေးအင်အားစုများနှင့် မည်သို့သော ဆက်ဆံရေးရှိနေသည်ကို ရှင်းလင်းစွာ မတွေ့ရခြင်းနှင့် အခြားမွန်တော်လှန်ရေးတပ်ဖွဲ့များ ရှိနေပြီးသားအချိန်တွင် အဖွဲ့သစ်တစ်ခု ထပ်မံဖွဲ့စည်းလာခြင်းတို့သည် မွန်နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းအပေါ် သက်ရောက်မှုရှိလာနိုင်သည်။

 

လူငယ်များ ဦးဆောင်သော လူငယ်တပ်တော်

မွန်သွေးတပ်တော်ကို မွန်လူငယ်များနေ့ဖြစ်သော (၂၀၂၅) ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်  အသက် (၁၈-၃၅) နှစ်အရွယ်ရှိ မွန်လူငယ်များဖြင့် စတင်ဖွဲ့စည်းသည်ဟု လွတ်လပ်သော မွန်သတင်းဌာန (IMNA) က ဖော်ပြထားသည်။[1] သို့သော် မွန်သွေးတပ်တော်ကို ယ္ခုနှစ် ဖေဖော်ဝါရီလခန့်၌သာ လူအများက စတင်သိရှိလာကြခြင်း ဖြစ်သည်။ မတ်လ (၈) ရက်နေ့တွင် မွန်သွေးတပ်တော်က ရဲဘော်အသစ်များအား စတင်ဖိတ်ခေါ်ခဲ့သည်။ ယင်းဖိတ်ခေါ်စာအရ “မွန်လူငယ်များကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု၍ စစ်အာဏာရှင်စနစ်အား တိုက်ဖျက်နိုင်ရန်” ဟူသည့် ရည်ရွယ်ချက်ဖြင့် တည်ဆောက်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖော်ပြထားသည်။[2]

ထို့နောက် မတ်လ (၁၈) ရက်နေ့တွင် မွန်သွေးတပ်တော်က ဦးစီးကွပ်ကဲမှုကော်မတီ၊ သတင်းနှင့် ထောက်လှမ်းရေးကော်မတီ၊ သုတေသနကော်မတီနှင့် ရိက္ခာ/ထောက်ပို့ကော်မတီတို့ကို ထုတ်ပြန်လာခဲ့သည်။[3] လူကြီး၊ လူငယ် အမျိုးသားများကို ခွဲခြားနိုင်ရန် မွန်လူမျိုးတို့၏ အမည်ရှေ့တွင် “နာဲ” နှင့် “မာံ” ကို အသုံးပြုလေ့ ရှိကြသောကြောင့်  တပ်တော်၏ ဦးဆောင်သူများသည် မွန်လူငယ်မူဝါဒအရ အသက် (၁၈-၃၅) နှစ်အကြားရှိ လူငယ်များ ဖြစ်ကြသည်ဟု နားလည်ရပါသည်။ “မွန်သွေးတပ်တော်သည် လူငယ်တပ် အပြည့်အဝ ဖြစ်သည့်အတွက် လူငယ်များကသာ ဦးဆောင်မည်ဖြစ်သည်” ဟု တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ မင်းယော့ဒ်စနွန်က လွတ်လပ်သော မွန်သတင်းဌာန (IMNA) ကို ပြောဆိုထားသည်။

ထို့အပြင် “နိုင်ငံရေးထက် စစ်ရေးကို ပိုဦးစားပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် လူအင်အား၊ လက်နက်အင်းအား အားနည်းနေသေးခြင်းကြောင့် ပြောက်ကျားစနစ်နှင့် တခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားမည်” ဟု  မင်းယော့ဒ်စနွန်က ဆက်ပြောထားသည်။ မွန်သွေးတပ်တော်သည် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး ရေး-သံဖြူဇရပ်လမ်းအစိတ်အပိုင်းတွင် တော်လှန်ရေး မဟာမိတ်များနှင့်အတူ စစ်ရေးလှုပ်ရှားနေသည်။

 

 

မွန်တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှု ရှိလာနေပြီလား

မွန်သွေးတပ်တော်သည် (၂၀၂၆) ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စစ်ရေးလှုပ်ရှားမှုတစ်ခုကို စတင်ထုတ်ပြန်လာခဲ့ပြီး မေလ (၆) ရက်နေ့တွင် တစ်လတာ စစ်ရေးလှုပ်ရှားမှုများကို ထပ်မံထုတ်ပြန်ခဲ့သည်။[4] ယင်းထုတ်ပြန်ချက်အရ အမှတ် (၃၁၆) အမြောက်တပ်ရင်းအား Rocket ဖြင့် တိုက်ခိုက်ခြင်း၊ ပြည်ထောင်စုလမ်းမကြီးတဝိုက် လုံခြုံရေးဆောင်ရွက်ခြင်းနှင့် ခလရ (၁၀၆) တပ်ရင်းမှ စစ်ကြောင်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အထူးသဖြင့် (၂၀၂၆) ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့တွင် အောင်သာယာနှင့် ကနင်ကမော့ကျေးရွာအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ ရာမညမွန်တပ်တော် (RMA)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် (၈၀၀၁) တပ်ရင်း-ရေးပြောက်ကျားတပ်တို့နှင့်အတူ မွန်သွေးတပ်တော်လည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း တပ်တော်ဘက်မှ ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ (RMA) နှင့် (MSRF)[5] တို့၏ ထုတ်ပြန်ချက်များတွင် မွန်သွေးတပ်တော်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသည်ကို တွေ့ရသည်။[6] (၈၀၀၁) တပ်ရင်း-ရေးပြောက်ကျားတပ်၏ ထုတ်ပြန်ချက်၌သာ မွန်သွေးတပ်တော် (MBA) ကို ထည့်သွင်းဖော်ပြထားသည်။[7] ထို့ကြောင့် မွန်သွေးတပ်တော်၏ မြေပြင်ပူးပေါင်းစစ်ရေးကဏ္ဍ၊ တပ်ဖွဲ့အချင်းချင်း ဆက်ဆံရေးနှင့် မဟာမိတ် အသိအမှတ်ပြုမှုတို့အပေါ် မေးခွန်းထုတ်စရာ ဖြစ်စေသည်။

 

မွန်တော်လှန်ရေးအခင်းအကျင်းကြား အင်အားပြိုင်ဆိုင်မှု ဖြစ်လာနိုင်သလား

မွန်သွေးတပ်တော်၏ ဦးဆောင်ဖွဲ့စည်းပုံကို ကြည့်ပါက မွန်ပြည်သစ်ပါတီ (NMSP) နှင့် ဆက်စပ်ဖူးသူများ ပါဝင်နေခြင်းမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အထူးသဖြင့် ဦးဆောင်သူ မာံချမ်းလွီသည် မွန်ပြည်သစ်ပါတီ (NMSP) ၏ လက်ရှိဥက္ကဌ နိုင်ဟံသာ၏ သားဖြစ်ပြီး စစ်ရေးဦးဆောင်သူ မာံအာကာသည်လည်း နိုင်ဟံသာ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။[8] လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP) သည် အာဏာသိမ်း စစ်အုပ်စုနှင့် (NCA) အပစ်ရပ်စာချုပ်အခြေခံ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည့် အဖွဲ့တစ်ခုဖြစ်သည်။

မွန်သွေးတပ်တော် ထွက်ပေါ်လာခြင်းသည် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်ကြောင့်ဟုဆိုလျှင် ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် မွန်ပြည်သစ်ပါတီအတွင်းမှ ခွဲထွက်လာသော စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) နှင့် တပါတည်း အဘယ့်ကြောင့် မပါဝင်ခဲ့သလဲ မေးခွန်းမေးစရာ ရှိသည်။[9] တော်လှန်ရေးဆိုသည်မှာ စောသည်၊ နောက်ကျသည် မရှိပေ။ မွန်သွေးတပ်တော်အနေဖြင့် (NMSP-AD) နှင့် ပူးပေါင်းနိုင်သည့် နိုင်ငံရေးအခြေခံများ ရှိနေသော်လည်း သီးခြားအဖွဲ့အဖြစ် ရပ်တည်လာခြင်းသည် မွန်တော်လှန်ရေးအင်အားစုများအကြား ယုံကြည်မှု၊ ဦးဆောင်မှုနှင့် မဟာဗျူဟာပိုင်းဆိုင်ရာ ကွဲပြားမှုများ ရှိနေဆဲဖြစ်ကြောင်းကို ပြသနေသည်။

ထို့ပြင် မွန်ဒေသတွင် လက်ရှိ (RMA)၊ (MSRF) နှင့် ဒေသအခြေစိုက်တပ်ဖွဲ့များ ရှိနေပြီးဖြစ်သည့်အချိန်တွင် မွန်သွေးတပ်တော် ကဲ့သို့သော အဖွဲ့သစ်တစ်ခု ထပ်မံပေါ်ပေါက်လာခြင်းသည် မွန်တော်လှန်ရေးအင်အားစုများအကြား အင်အားပြန့်ကျဲမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတစ်ရပ်အဖြစ် မြင်တွေ့ရသည်။

 

နိဂုံး

ခြုံငုံသုံးသပ်ရလျှင် မွန်သွေးတပ်တော်၏ ပေါ်ပေါက်လာမှုသည် မွန်ဒေသအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အသစ်တစ်ခု၏ ပေါ်ထွက်လာမှုဖြစ်သော်လည်း ယင်းအဖွဲ့၏ ရေရှည်ရပ်တည်နိုင်မှု၊ မြေပြင်စစ်ရေးစွမ်းရည်နှင့် မဟာမိတ်ဆက်ဆံရေးများမှာ ဆက်လက်စောင့်ကြည့်ရဦးမည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

ထို့အပြင် မွန်နိုင်ငံရေးနှင့် စစ်ရေးအခင်းအကျင်းအတွင်း အဖွဲ့အစည်းများ ပိုမိုများပြားလာခြင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုများအကြား ပူးပေါင်းညှိနှိုင်းမှုကို ခက်ခဲစေနိုင်ပြီး အင်အားပြန့်ကျဲမှုများ ဖြစ်ပေါ်လာစေနိုင်သည်။ သို့ရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် မွန်လူငယ်များ၏ နိုင်ငံရေးနှင့် စစ်ရေးကဏ္ဍ၌ ပါဝင်လိုစိတ်များ မြင့်တက်လာနေခြင်းကိုလည်း မွန်သွေးတပ်တော် ပေါ်ပေါက်လာမှုမှတဆင့် တွေ့မြင်နေရသည်။

ထို့ကြောင့် မွန်တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဘုံရည်မှန်းချက်အောက်တွင် နိုင်ငံရေးနှင့် စစ်ရေး ညှိနှိုင်းဆောင်ရွက်မှုများကို ပိုမိုတည်ဆောက်နိုင်ရန် အထူးကြိုးပမ်းကြရမည်ဖြစ်သည်။ အထူးသဖြင့် မွန်တော်လှန်ရေးချာတာ ကဲ့သို့သော ဘုံနိုင်ငံရေးမူဘောင်အောက်တွင် မွန်တော်လှန်ရေးအဖွဲ့များအကြား စုစည်းညီညွတ်မှုနှင့် ဘုံဦးတည်ချက်များ ဖော်ဆောင်နိုင်ခြင်းသည် မွန်တော်လှန်ရေး အနာဂတ်အတွက် အရေးပါလာနိုင်သည်။ မဟုတ်ပါက အဖွဲ့အစည်းများ ပိုမိုကွဲပြားလာခြင်းနှင့် ဦးဆောင်မှုဆိုင်ရာ ပြိုင်ဆိုင်မှုများ မြင့်တက်လာခြင်းသည် မွန်တော်လှန်ရေး၏ စုပေါင်းအင်အားကို အားနည်းစေနိုင်ပြီး မွန်ဒေသ၏ ရေရှည်နိုင်ငံရေးအနာဂတ်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

[1] Independent Mon, April 10, 2026: "မွန်သွေးတပ်တော်"မှ နိုင်ငံရေးထက် စစ်ရေးဦးစားပေးသွားမည်ဟုဆို။ Independentmonnewsagency

[2] Mon Blood Army, March 8, 2026: လိက်ကော်ဘိက်ကောန်သ္ဂံင်တၟိ (ဗ္တိုက်သရိုဟ်တၠအဝဵုပၞာန်)။ https://www.facebook.com/share/p/1B9KmaVbKk/

[3] Mon Blood Army, March 18, 2026: ကိစ္စပရူချူဓဇက်မူဝါဒ ဒပ်ဆီမန်။ https://www.facebook.com/share/p/1A6AMz1S5c/

[4] Mon Blood Army, May 6, 2026: တစ်လတာ စစ်ရေးလှုပ်ရှားမှုထုတ်ပြန်ချက်။ https://www.facebook.com/share/v/17Uut948Zi/

[5] Mon State Revolutionary Force – MSRF, May 1, 2026: တိုက်ပွဲသတင်းထုတ်ပြန်ချက်။ https://www.facebook.com/share/p/1Acp6wYSiP/

[6] RMA-Ramonnya Mon Army, May 1, 2026: တိုက်ပွဲသတၚ်းထုတ်ပြန်ခြၚ်း။ https://www.facebook.com/permalink.php?story_fbid=pfbid033hwC3xhC9Xzu2BtAbmvhvwYk3o9DPpsxWiExhjYPxnYwNBz2ZkuuHTLfc4bSTqCDl&id=61586499010147

[7] Ye Guerrilla Force-ရေးပြောက်ကျားတပ်, May 3, 2026: အင်အား (၁၀၀) ခန့်ရှိ ရန်သူစစ်ကြောင်းအား မိုင်းဖြင့် ကြားဖြတ်တိုက်ခိုက်ခြင်း။ https://t.me/ygf1221/322

[8] ပရိုၚ်ဍုၚ်မန်တၟိ, February 15, 2024: ပ္တိုန်ဂုဏ်စရာဲ ပအပ်တဆိပ်ကြာ ဝဳရဟံသာ ကုဥက္ကဌဇၞော် နာဲဟံသာ တုဲဒှ် (မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာအား ဝီရဟံသာ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲတွင် တွေ့ရသော ဗိုလ်လေး အာကာ)။ https://www.facebook.com/share/p/1DBemrgSD1/

[9] NMSP-AD/Ramonnya Mon Army, February 14, 2026: ဗော်ဍုၚ်မန်တၟိ(ဗတိုက်သရိုဟ်တၠအဝဵုပၞာန်) ပတိတ်လိက်လလောၚ်တြး။ https://www.facebook.com/share/p/1Uqbht2LHo/

Comments

No comments yet. Why don’t you start the discussion?

Leave a Reply