မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ လူသားလုံခြုံရေးစိန်ခေါ်မှုများ အစီရင်ခံစာထုတ်ပြန်ခြင်း
အောက်တိုဘာ ၂၀ ၊ ၂၀၂၆
Flipbook (အစက်သုံးစက်) ကို ဖွင့်၍ Download ရယူနိုင်သည်
၁။ ၂၀၂၆ ခုနှစ် စစ်ကောင်စီမှ ပြုလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ ရလဒ်မှ ဖွဲ့စည်းထားသည့် အသွင်ပြောင်းစစ်အစိုးရ စတင်အုပ်ချုပ်သည့် ဇန်နဝါရီနှင့် ဇွန်လကြား ကာလတွင် ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန(RICE)မှ မွန်ပြည်နယ် အတွင်းနှင့် မြန်မာပြည်တောင်ပိုင်းဒေသအချို့တွင် လူသားလုံခြုံရေးဆိုင်ရာ သုတေသနပြုမှု တရပ်ကို ပြုလုပ်ခဲ့ပြီး ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ “အန္တရာယ်ကြားက ပြည်သူ့ဘဝ – မွန်ပြည်နယ်နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ လူသားလုံခြုံရေးစိန်ခေါ်မှုများ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။
၂။ လူသားတို့၏ လုံခြုံရေးဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းရေးအတွက် အန္တရာယ်များမှ ကာကွယ်နိုင်ခြင်းနှင့် တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာရှိစွာ ကောင်းမွန်စွာ ရှင်သန် နေထိုင်နိုင်ရေးတို့ကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ သို့သော် စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ (၅) နှစ်ကျော် ကြာမြင့်လာသည့်တိုင် ဖြစ်ပေါ်နေဆဲ ပဋိပက္ခများကြောင့် အာဏာသိမ်းစစ်အုပ်စု စိုးမိုးနိုင်သော နယ်မြေများသည် အကန့်အသတ်ဖြစ်လာခဲ့ရာ ဖိနှိပ်မှုအမျိုးမျိုးကို တိုးမြှင့်လုပ် ဆောင်ကြသဖြင့် ပြည်သူတို့အနေဖြင့် ဘေးဒုက္ခမျိုးစုံကြားတွင် နေထိုင်နေရပါသည်။
၃။ နိုင်ငံတစ်နိုင်ငံ မငြိမ်းချမ်းမှု၏ နောက်ဆက်တွဲအဖြစ် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး တို့တွင်သာမက အသက်အရွယ်မရွေး မလုံခြုံမှုများ ကြုံတွေ့ရခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်/ သွားလာခွင့်၊ ဘဏ်စနစ်နှင့် အွန်လိုင်းသုံးစွဲမှုများ စောင့်ကြည့်ခံရခြင်း အပါအဝင် လူ့အခွင့်အရေး များစွာ ထိခိုက်ဆုံးရှုံးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူတို့၏ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို လေ့လာဖော်ထုတ်၍ ၎င်းတို့၏ အသံများကို တင်ပြပေးခြင်းဖြင့် ပြည်သူများအား ကူညီပေးနိုင် ရေးသည် အရေးပေါ် လုပ်ဆောင်ရမည့် ဦးစားပေးလုပ်ငန်းတရပ် ဖြစ်လာပါသည်။
၄။ ဤအစီရင်ခံစာတွင် အခန်း(၅)ခန်း ပါရှိပြီး ၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလမှ ဇွန်လအတွင်း ကောက်ယူ ရရှိထားသည့် မြေပြင်အချက်အလက်များကို RICE သုတေသီများက ပြုစုလေ့လာထားခြင်း ဖြစ်သည်။ ထိုကာလအတွင်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း အပါအဝင် ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများကို တွေ့ရှိရသည်။ ထို့ပြင် စီးပွားရေး ပြိုလဲမှု၊ စားနပ်ရိက္ခာရှားပါးမှု၊ ပညာရေးနှင့် ကျန်းမာရေးစနစ်များ ဖရိုဖရဲဖြစ်မှုတို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြိုလဲနေပုံကို ခြုံငုံဖော်ပြထားသည်။ ဤမျှမက တိုင်းပြည်၏ အနာဂတ်ဖြစ်သော လူငယ်များ လုံခြုံမှုကင်းမဲ့ခြင်း၊ ပစ်မှတ်ထား ဖမ်းဆီးခံရခြင်းနှင့် ဆန္ဒမပါဘဲ ပြည်သူအချင်းချင်း သတ်ဖြတ်ရသည့် စစ်ပွဲများအတွက် အတင်းအကျပ်စစ်မှုထမ်း ခိုင်းစေခံနေရမှုများကိုလည်း အကျယ်တဝင့် တင်ပြထားပါသည်။
၅။ “လူသားတို့၏ လုံခြုံရေး” ဆိုင်ရာ အခြေခံအချက်များအရ ပြည်သူတို့ဘဝ ပြန်လည်ရပ်တည်ရေး၊ စိုးရိမ်ထိတ်လန့်ရသော ပူပင်သောကနှင့် ကြောက်ရွံ့မှုတို့မှ လွတ်မြောက်ရေး၊ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ပြည့်စုံရေးသည် အရေးကြီးသော ဦးစားပေးအချက်များ ဖြစ်သည်။ ပဋိပက္ခလျှော့ချနိုင်ရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တည်ဆောက်ခြင်း၊ အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ရေရှည်ရပ်တည်နိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း၊ အစားအစာ မျှဝေနိုင်မည့်ကွန်ယက် တည်ဆောက်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာစနစ်များ ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းခြင်းအားဖြင့် ပြည်သူတို့၏ ဘေးဒုက္ခများကို လျှော့ချပေးရမည် ဖြစ်သည်။
၆။ ပြည်သူတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံရေးဆိုင်ရာ ကိစ္စများကို မဖြေရှင်းဘဲ ထားရှိမည် ဆိုပါက ရေရှည်အနေဖြင့် မတည်ငြိမ်သော ဘေးဒုက္ခများစွာကို ဆက်လက်ရင်ဆိုင်ရမည်။ သို့ဖြစ်၍ နိုင်ငံတကာအပါအဝင် ပြည်တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ကောင်းမွန်သော လူ့အဖွဲ့အစည်းဖြစ်လာအောင် ပြည်သူတို့၏ လုံခြုံရေးနှင့် ဘေးဒုက္ခများကို ချက်ချင်းလျော့ပါးစေမည့် နည်းလမ်းများဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန် အရေးတကြီး လိုအပ်လှပါသည်။ အဖွဲ့အစည်းများအနေဖြင့် ဤအစီရင်ခံစာပါ တွေ့ရှိချက်များနှင့် ပြည်သူ့ကိုယ်စားပြုအသံများကို ကြည့်ရှုပြီး မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ရာတွင် အသုံးပြု နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
ဆက်သွယ်ရန်
0933074538 (Signal)

