မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(March 2023 အတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

မြန်မာနိုင်ငံတွင် မဟာလူမျိုးကြီးဝါဒနှင့်အတူ စစ်အာဏာ ရှင်စနစ်၏ ကြီးစိုးမှုသည် ယနေ့အထိ အားကောင်း လျက်ရှိသည်။ ပြည်တွင်းစစ်နှင့် လုံးပမ်းရင်း အဖက်ဖက်မှ တဖြည်းဖြည်း ပြိုလဲပျက်စီးလာပြီး အာရှနိုင်ငံများအကြား တွင် ခေတ်မှီတိုးတက်သော နိုင်ငံမှ တိုးတက်မှု အနှေး အကွေးဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ကျရောက်ခဲ့သည်။ ယင်းအကျိုးအဆက်များသည် အနှစ်(၇၀) ကျော် ပြည်တွင်း စစ်ကြောင့်ပင် ဆိုနိုင်သည်။ ၂၀၁၀ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းလာချိန်တွင်  တိုင်းပြည်သည် သိသာထင် ရှားစွာ တိုးတက်ပြောင်းလဲလာပြီး ဒီမိုကရေစီအခွင့် အရေးများနှင့်အတူ  လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်၊ရေးသာ ပိုင်ခွင့်နှင့် စည်းရုံးခွင့် အစရှိသည့် အခွင့်အရေးများနှင့် အသစ်တစ်ဖန် ရှင်သန်လာခဲ့သည်။ စီးပွားရေးများကဏ္ဍများသည်လည်း တိုးတက်ပြောင်းလဲ လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက် မြှုပ်နှံကြသည်။  ပိုမိုတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ခြေလှမ်းအသစ် စတင်ပြင်ဆင် နေချိန်တွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် အမှောင်သို့ တစ်ဖန်ပြန်လည် ကျရောက်ခဲ့သည်။

၂၀၂၁ စစ်အာဏာရှင်အသွင်သို့ တကျော့ပြန် ကူးပြောင်း လာပြီးနောက်  စစ်ရေးပဋိပက္ခများ ပိုမိုကြီးထွားလာသည်။ စစ်အာဏာရှင်စနစ်ကို မလိုးလားသူ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီကြား ထိုးစစ်ဆင် လက်နက်ကိုင်တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်လာသည်။ နိုင်ငံတစ်ဝှမ်းက ပြင်းထန်သော လက်နက်ကိုင်တိုက်ပွဲများ ကြောင့်  ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက် (1.5)ကျော် အထိရှိသည်ဟု လွတ်လပ်သော သတင်း မီဒီယာ၏ ဖော်ပြချက်မှသိရသည်။ ပြည်တွင်းစစ်ပြေး ဒုက္ခသည်များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အထူးတလဲ လိုအပ်နေသည်။ ၎င်းအပြင် စစ်ကောင်စီတပ်သားများ၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် မီးရှို့ ပျက်စီးမှုများကြောင့်  ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် ပြည်သူပိုင်နေအိမ်အလုံးပေါင်း ( 60,000) ကျော်ထိရှိသည်ဟု သိရသည်။ စစ်ကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုလုပ်ဆောင် လာသည်ကိုတွေ့ရသည်။ အလားတူပင် အချို့သော တော်လှန်ရေးအင်အားစုဘက်များကလည်း စစ်ရာဇာ ဝတ်မှုနှင့် ဆန့်ကျင်စေသော ပြည်သူပိုင်ပစ္စည်းများကို ဖျက်စီးခြင်း၊ ဒလံဟု စွတ်စွဲချက်ဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းစသော လုပ်ရပ်မျိုးကို ဆက်လက်ကျူး လွန်နေလျက်ရှိသည်။ စစ်ရေးပဋိပက္ခများအကြားတွင် ပြည်သူများ အကာအကွယ်မဲ့နေသည်။

အခြားတစ်ဖက်တွင်  တိုင်းပြည်တိုးတက်ရန် အဓိကကျသော စီးပွားရေး၊ လူမှုရေး (ပညာရေး၊ကျန်းမာရေး) ကဏ္ဍများ သည်လည်း  ပုံမှန်အခြေအနေသို့ မရောက်ရှိနိုင်သေးပေ။  ပြည်တွင်းမတည်ငြိမ်မှုကြောင့်  ဒီမိုကရေစီ အစိုးရလက် ထက်က ရင်နှီးမြှုပ်နှံထားကြသည့် နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု အများအပြား    ထွက်ခွာသွားကြသည်။ စီးပွားရေးစနစ်များ ပျက်စီးပြီး ငွေကြေးဖောင်းပွမှုပြဿနာများ နှင့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းပြဿနာများကို ပြည်သူများက ယနေ့အထိ ရင်ဆိုင်ကြုံတွေ့ရသည်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသည့် ရိုက်ခတ်မှုကြောင့်  အလုပ်အကိုင် ရှားပါးမှုပြဿနာများလည်း အရှိန်အဟုန်မြင့်လာသည်။  တိုင်းပြည်မတည်ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးမှုကဏ္ဍ လည်း ပြိုလဲပျက်စီးပြီး လူသတ်မှု၊ အနုကြမ်းစီးမှု၊ ခိုးမှု၊ လုယက်မှုစသည့်  အဖြစ်အပျက်များသည် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယိုယွင်းပျက်စီးမှုနှင့်အတူ ကျရှုံးနိုင်ငံတော် အဖြစ်သို့ ကျရောက်နေသည်။  

 

 

 

Share.

About Author

Leave a Reply