မွန်တို့၏ ခေတ်သစ်တော်လှန်ရေးနှင့် ယနေ့ခေတ်မွန်လူငယ်

0

ဆောင်းပါးကဏ္ဍ

ခေတ်သစ် မွန် လက်နက်ကိုင် တော်လှန်ရေးသည် ၁၉၄၈ ခုနှစ် ဝါခေါင်လပြည့်နေ့၍ နိုင်ရွှေကျင်၊ နိုင်ထင်၊  နိုင်ပန်းသား တို့အပါအဝင် မျိုးချစ်မွန်တော်လှန်ရေးသမား တို့မှ စတင်ခဲ့ပြီး မွန်တို့အနေဖြင့် မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် ကာလသည် နှစ်ပေါင်း ၇၆ နှစ်ရှိပြီ ဖြစ်သည်။  ဤသို့သော ရှည်ကြာသည့် တော်လှန်ရေးစတင်ရန် လမ်းစ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် အမျိုးသားလွတ်မြောက်ရေး၊ တန်းတူညီမျှရေးတို့အတွက် နိုင်ငံရေးအရ လှုပ်ရှားရန် မွန်လူငယ်အဖွဲ့ ဖွဲ့စည်းသည့် နေ့၍ အခြေတည်သည်ကို အစွဲပြု၍ မွန်လူငယ်နေ့အဖြစ်သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်၍ မွန်သမိုင်းကြောင်းတွင် ခမ်းနားသည့် တော်လှန်ရေးကြီးကို စတင်ခဲ့သူများမှာ မွန်လူငယ်တို့ပင်ဖြစ်သည်ကို မှတ်ချက်ပြုလိုသည်။

မွန်လူငယ်အခြေအနေတစ်ရပ်

မွန်လူမှုအဖွဲ့အစည်းတွင် လူငယ်များ ပြည်ပထွက် စီးပွားရှာမှု နှင့် ဘိန်းစာရွက်၊ မူးယစ်ဆေးဝါးတို့ဖြင့် ပျော်ပါးနေမှုတို့ကြောင့် နိုင်ငံရေးနိုးကြားသည့် မွန်လူငယ်၊ မွန်လူမျိုး လွတ်မြောက်ရေးအား စိတ်ပါဝင်စားသည့် မွန်လူငယ်များ နည်းသထက် နည်းပါးလာနေသည်။ မွန်လူငယ်ဆုံရပ် အထွေထွေအတွင်းရေးမှူး နိုင်မရော့ချိုင်းမှ လူငယ်များအား တော်လှန်ရေးစိတ်ဓာတ်နိုးကြားလာစေရန် အစဥ်အမြဲ နှိုးဆော်တိုက်တွန်း နေသည့်တိုင် တစ်ဖက်တွင် လူငယ် တော်လှန်ရေး အင်အား တိုးပွားလာခြင်းမရှိကြောင်းကို မွန်လူငယ်နေ့ မိန့်ခွန်းတွင် ပြောဆို မှတ်ချက်ပြု ခဲ့သေးသည်။ ထို့နောက် မွန်လူငယ်ဆုံရပ်၏ ထုတ်ပြန်ကြေညာချက်တွင် မွန်လူငယ်တစ်ရပ်လုံး အနေဖြင့် မူးယစ်ဆေးဝါး မသုံးစွဲမိစေရန် နှင့် အသက် ၁၈ နှစ်ပြည့်သူတိုင်း စစ်သင်တန်းတက်ရောက်ရန် နှိုးဆော်တိုက်တွန်းထားသည်။  မွန်လူငယ်မူဝါဒ တွင် အသက် (၁၈) နှစ်ပြည့်သူတိုင်း စစ်သင်တန်းတက်ရောက်ရမည်ဆိုသည့် မူဝါဒတစ်ရပ်ပါဝင်၏။ မွန်ပြည်သို့ စစ်မီးကူးစက်လာသည့် ယနေ့ခေတ်ကာလ အခြေအနေအရ မွန်လူငယ်ဆုံရပ်အနေဖြင့်လည်း ထိုမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်။

မွန်လူငယ်ဆုံရပ်မှ ထုတ်ပြန်သော မွန်လူငယ်နေ့ ကြွေးကြော်သံ (၃) ရပ် မှာ

(၁) တို့လူငယ်သည် တစ်စုတစ်တည်း ဖြစ်၏။

(၂) လူငယ်တို့၏ တော်လှန်ရေးသည် လူမျိုးအတွက် ဖြစ်၏။

(၃) အမျိုးသားလွတ်မြောက်ရေးသည် မွန်လူငယ်၏တာဝန် ဖြစ်၏။

တို့ဖြစ်သည်။ ၎င်းကြွေးကြော်သံ (၃) ရပ်တွင် ပထမ ကြွေးကြော်သံ သည် ဝိဝါဒ နှင့် အဖွဲ့အစည်းများ ကွဲပြားပြီး တစ်စုတစ်စည်းတည်း မဖြစ်သည့် မွန်လူငယ်တို့၏ ဖြစ်ရပ်အခြေအနေအတွက် တစ်စုတစ်စည်းတည်း ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းထားသည် ဟုဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ အခြားသော ဗမာမဟုတ်သည့် တိုင်းရင်းသားများကဲ့သို့ လူမျိုးစုကွဲများမရှိဘဲ တစ်မျိုးတည်းသာရှိသော မွန် လူမျိုးအတွက် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဆိုသည့် အမြင်ဖြင့်လည်း အင်အားစုစည်းရန် ကြိုးပမ်းချက်များ ရှိသည်။

၂။ မွန်ပြည်သစ်ပါတီ၏ မူဝါဒ ပြောင်းလဲနိုင်ချေ

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်နေသည့် အခြေအနေတွင် ရာမည မွန်ပြည်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များစွာထွက်ပေါ်လာပြီး ၎င်းအထဲတွင် မွန်လူမျိုးအခြေပြု တော်လှန်ရေး အင်အားစုများမှာလည်း နိုင်ငံရေး နှင့် စစ်ရေးအရပါ အားကောင်းလာနေသည်။ သို့သော် ၎င်းတော်လှန်ရေးအဖွဲ့အစည်းများတွင် အစဥ်အလာကြီးသည့် မွန်ပြည်သစ်ပါတီသည် အာဏာသိမ်းမှုတွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကို လက်ကိုင်စွဲထားသဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိခဲ့ပါ။

မွန်ပြည်သစ်ပါတီနောက်ခံရှိသည့် မွန်လူငယ်ဆုံရပ် အထွေအထွအတွင်းအရေးမှူး နိုင်မရော့ချိုင်း ၏ မွန်လူငယ်နေ့ မိန့်ခွန်း မှ ထူးခြားသည့် ပြောဆိုချက်တစ်ရပ်ရှိခဲ့သည်။ ၎င်းမှာ

ကျွန်တော်တို့ လူမျိုးရဲ့ အခွင့်အရေး ကျွန်တော်တို့လက်ထဲကို တစ်နေ့ရောက်လာရမယ်။ နောက်နှစ်၊ ဒါမဟုတ် ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မွန်တို့ရဲ့ ကံကြမ္မာဟာ မွန်တို့ရဲ့ လက်ထဲ ပြန်ရောက်ရမယ်။

ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ၂၀၂၄ ခုနှစ်တွင် လက်နက်ကိုင်တော်လှန်ရေး၌ မွန်ပြည်သစ်ပါတီ ပါဝင်လာမည်လော ဆိုသည်ကို မျှော်လင့်နိုင်ပေသည်။ ထို့အပြင် ရှမ်းမြောက်ပိုင်းဒေသ စစ်ဆင်ရေးဖိအားနှင့် စစ်ဘေးသင့် မွန်ပြည်သူလူထု၏ လုံခြုံရေး ဖိအားတို့ကို ခံစားနေရသည့် မွန်ပြည်သစ်ပါတီသည် ၎င်းတို့၏ ၄ နှစ် တစ်ကြိမ်ကျင်းပသည့် ၁၁ ကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာလ ၂၅ ရက်မှ စ၍ ၁ လ အကြာကျင်းပမည် ဖြစ်ရာ ထိုညီလာခံတွင် ၎င်းတို့၏ မူဝါဒ ရေးရာအပြောင်းအလဲ ဖြစ်လာမည်လော ဆိုသည်ကိုလည်း မွန်လူငယ်များမှ မျှော်လင့်နေကြရသည်။ သို့သော် တက်ကြွလှုပ်ရှားသည့် လူငယ်များ ၏ မျှော်လင့်ချက်များအတိုင်း ဖြစ်မလာခဲ့ပါ။ မွန်ပြည်သစ်ပါတီ ညီလာခံ၏ ထုတ်ပြန်ချက် မှ သိသာထင်ရှားသည့် မူဝါဒ ဆိုင်ရာ အပြောင်းအလဲ များကို မတွေ့ရသေးချေ။

၃။ မွန်တော်လှန်ရေးအင်အားစုဘက်မှ မွန်လူငယ်များအား နှိုးဆော်တိုက်တွန်းချက်များ

အာဏာသိမ်းကာလအတွင်း ဖွဲ့စည်းခဲ့ပြီး မွန်ပြည်ဖက်ဒရယ်ယူနစ် ပေါ်ပေါက်လာရန် ကြိုးပမ်းနေသည့် တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းမှ မွန်လူငယ်တို့အား-

ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွန်ပြည်ပြန်လည်တည်ထောင်ခွင့်ဆိုတာ ကျွန်တော်တို့ လက်နဲ့တောင်းယူလို့မရပါဘူး။‌ နောက်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ အကြိမ်ကြိမ် ဖြတ်သန်းခဲ့တယ်။ အဲဒီမှာလည်း ကျွန်တော်တို့ မွန်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ မွန်ပြည်ပြန်လည်တည်ထောင်ခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခွင့်ကို ဘယ်အစိုးရ အဆက်ဆက်ကမှ ပေးအပ်ခဲ့တာ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အားလုံး လက်တွေ့ တော်လှန်ရေးထဲမှာ ဝင်ရောက်လုပ်ဆောင်ဖို့ လိုတဲ့အကြောင်း မွန်လူငယ်တွေကိုမှာကြားချင်တယ်

ဟု ပြောကြားခဲ့ပြီး လက်ရှိတော်လှန်ရေးအခြေအနေအရ မွန်လူငယ်တစ်ရပ်လုံး စုစည်းသွားရန် လိုအပ်ကာ မွန်တစ်မျိုးသားလုံး၏ ဘုံရန်သူဖြစ်သော မြန်မာစစ်တပ်ကို မွန်လူငယ်များ အနေနှင့် ကျရာအခန်းကဏ္ဍတွင် အတူတကွ တိုက်ပွဲဝင်သွားရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ တိုက်တွန်ထားကြောင်း ကို သံလွင်းတိုင်းသတင်းဌာန မှ ဖော်ပြထားသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)သည် မွန်ပြည်အတွင်း တိုက်ပွဲများဖော်ဆောင်နေပြီး လှုပ်ရှားမှုအားကောင်းလာနေသည့် မွန်လူမျိုးအခြေပြု တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ရာ မွန်လူငယ်တို့၏ ထောက်ခံမှုလည်း ရရှိလာနေသည်။

ရာမည ဖက်ဒရယ် အင်အားစုသစ် (NRFF) မှ လက်ရှိအချိန်သည် မဟာလူမျိုးကြီးဝါဒ ဖြင့် နှစ်ပေါင်းများစွာ ကြီးစိုးလာသည့် စစ်တပ်၏ အင်အားချိနဲ့ချိန် ဖြစ်သောကြောင့် မိမိတို့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် တိုက်ယူရမည့် အချိန်ကောင်းဖြစ်သည်ကို ထောက်ပြထားသည်။ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF)တာဝန်ခံ နိုင်ပညာမာန် မှ –

လက်ရှိနွေဦးတော်လှန်ရေးက လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့စခဲ့တဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီအတွက် ကျွန်တော့်အမြင်က အနာဂတ်မွန်ပြည်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ လူငယ်တွေပဲ ရှိသင့်တယ်လို့ မြင်ပါတယ်။ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့သာ အနာဂတ်မွန်ပြည်ကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဆိုတော့ တစ်ဖက်မှာလည်း မွန်လူငယ်တွေက နိုင်ငံရေးနိုးကြားနေဖို့ လိုပါတယ်။ ကျွန် တော်တို့က လွတ်မြောက်တဲ့လူမျိုးတမျိုး ဖြစ်ကြောင်းပြနိုင်ဖို့ အမြဲတမ်းနိုင်ငံရေး နိုးကြားနေရမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့က တော်လှန်ရဲဖို့လည်း လိုအပ်ပါတယ်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်မီးတောက်လောင်နေမှု သည် ရာမညမွန်ပြည် သို့ ကူးစက်လာနေပြီဖြစ်သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေပြီး အရာရောက်ခြင်း မရှိတော့သည့် ဗမာစစ်တပ်မတော်သည် ပြိုလဲနိုင်ချေမရှိဆိုသည့် တော်လှန်ရေး အယူအဆဟောင်းကို စွန့်ခွာသင့်ပြီး ချဥ်းကပ်ပုံ နည်းသစ်ဖြင့် တော်လှန်ရေး ကိုဆက်လက်စွဲကိုင်သင့်ပေပြီ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအတွက် လက်နက်ကိုင်တိုက်ပွဲများဆင်နွှဲရန် အချိန်အခါကောင်းကို စောင့်၍ ဆင်နွှဲသင့် သကဲ့သို့ တိုက်ပွဲဖော်ဆောင်ရာတွင်လည်း ပြည်သူလူထုအတွက် ခံသာစေမည် နည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ပေသည်။ အာဏာအကြမ်းဖက်မှုများဖြင့် အသက်ရှူကြပ်နေသည့် လူမျိုးစုအတွက် မွန်လူငယ်များ တန်းတူညီမျှရေး၊ လွတ်လပ်ခွင့် နှင့် ကိုယ့်ကြမ္မာကိုယ့်ဖန်တီးရေးအတွက် တော်လှန်ရေးကဏ္ဍပေါင်းစုံမှ အားသွန်၍ ပါဝင်သင့်သည်မှာ သမိုင်းပေးတာဝန် တစ်ရပ်လည်းဖြစ်ပေသည်။

 

 

Share.

About Author

Leave a Reply