နိုင်ငံရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဒီဇင်ဘာလ ၇ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
နိဒါန်း
များမကြာမီကာလတွင် ကျင်းပတော့မည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ (၂၀၂၅) ခုနှစ်ရွေးကောက်ပွဲတွင် မွန်တို့၏ နိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲ မူဝါဒသဘောထားများကို အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရုင်မြင်သံကြားမှ ထုတ်ပြန်ထားပြီး ပါတီ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရပါသည်။ ယ္ခုသုံးသပ်ချက်စာတမ်းတွင် ထိုထုတ်ပြန်ထားသည့် မွန်ညီညွတ်ရေးပါတီ၏ မူဝါဒသဘောထားများကို အသားပေးသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ ထို့အပြင် စစ်အုပ်စု၏ (၂၀၂၅) ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောထားရပ်တည်ချက်တချို့ကိုလည်း ကောက်နုတ်ဖော်ပြသွားမည်ဖြစ်ပါသည်။
Watch on Youtube:
♦(MUP) ၏ မူဝါဒသဘောထားများကို လေ့လာခြင်း
နိုဝင်ဘာလ (၂၀) ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲမူဝါဒသဘောထားများကို မွန်၊ ဗမာ (၂) ဘာသာနှင့် ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် (၂) ဦးက ဖတ်ကြားတင်ပြထားသည်ပါသည်။ (၁၄း၄၆) မိနစ်ခန့် ကြာမြင့်သည့် မူဝါဒတင်ပြချက်တွင် မွန်ဘာသာတင်ပြချက်က ပို၍ပြည့်စုံသည်ကို တွေ့ရပါသည်။[1] မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်တခုတည်း၌သာ ဦးတည်ကာ ပြည်နယ်၏ မဲဆန္ဒနယ်အသီးသီးတွင် ပါတီကိုယ်စားလှယ်လောင်း (၃၈) ဦးနှင့် ပါဝင်ရွေးကောက်ခံသွားမည်ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် ဥပဒေဘောင်အတွင်းတွင် လှုပ်ရှားသော မွန်နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်အနေနှင့် ရပ်တည်ကာ ပါတီ၏ ရွေးချယ်ထားသည့်လမ်းစဉ်ဖြစ်သည့်အလျောက် လက်ရှိနိုင်ငံရေးဖြစ်စဉ်ကိုလည်း ပြောင်းလဲမှု ပေါ်ပေါက်လာစေရန်အတွက် ယ္ခု (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲကို ခေါင်းမရှောင်ဘဲ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု တင်ပြထားသည်။ မွန်ပြည်သူတို့၏ လိုအင်ဆန္ဒကို ရွေးကောက်ပွဲနှင့် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသော်လည်း ပါတီ၏ မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ပေါ်ပေါက်လာရန် အခွင့်အလမ်းနှင့် နည်းလမ်းဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီက ယူဆထားပါသည်။
ရွေးကောက်ပွဲအပေါ် ပြည်သူလူထု၏ အမြင်များသည် မည်သို့ပင်ရှိစေကာမူ လာမည့်လွှတ်တော်သက်တမ်းတွင် မွန်လူမျိုးတို့၏ အကျိုးကို ဆောင်ရွက်သွားနိုင်မည့် မွန်နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် ရှိသင့်သည်ကို ပြည်တွင်းရှိ မွန်လူထုအားလုံး လက်ခံမည်ဟု ယုံကြည်ကြောင်း မွန်ဘာသာနှင့် ပြောဆိုတင်ပြထားပါသည်။[2]
“ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရာများနှင့် ပြည့်စုံပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနှင့် နိုင်ငံတော် တည်ဆောက်သွားရေးကို ဦးတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လိုအပ်သည့် လုပ်ငန်းဆောင်တာများကို ပူးပေါင်းဆောင်ရွက်သွားရန်။”
ဟု ပါရှိပြီး (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာလျှင် မွန်ညီညွတ်ပါတီက တွန်းအားပေးသွားမည်ဟု နားလည်ရပါသည်။
တစ်နည်းအားဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည့် မွန်ညီညွတ်ရေးပါတီ၏ မူဝါဒလည်း ဖြစ်ပါသည်။ ထို့ကြောင့် မွန််််ညီညွတ််ရေးပါတီသည် “ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချီတက်စို့”ဟု ကြွေးကြော်နေသော်လည်းမရေရာသည့် မူဝါဒကိုသာ ချမှတ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ပါတီ၏ မူဝါဒအနှစ်ချုပ် ပညာရေးတင်ပြချက်တွင် “တိုင်းရင်းသားများ၏ မိခင်ဘာသာစကားအခြေပြု သင်ကြားရေးကို အကောင်အထည်ဖော်သွားရန်” ကို မွန်ဘာသာ၌သာ ပါရှိပြီး ဗမာဘာသာတွင် မပါရှိပေ။
♦ရွေးကောက်ပွဲအပေါ်မွန်နိုင်ငံရေးလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြောကြားချက်များ
»မွန်ပြည်သစ်ပါတီ (New Mon State Party)
ရွေးကောက်ပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေး ပြောကြားချက်
“မွန်လူထုရဲ့ သဘောထားကတော့ ကျနော်တို့လည်း မသိဘူးပေါ့။ သူ့ရဲ့ကိုယ်ပိုင် နိုင်ငံရေး၊ နိုင်ငံသား တစ်ရပ် အနေနဲ့တော့ သူတို့ဟာသူတို့ ဆက်လုပ်ကြမယ်။ ကျနော်တို့အနေနဲ့ ဒီရွေးကောက်ပွဲ အပေါ်မှာ တော့ ဘာမှ စောဒကတက်စရာ၊ ပြောစရာမရှိဘူး။ ကျနော်တို့ ဒေသမှာလည်း သူတို့ မဲရုံဆောက်တာတို့၊ ဘာတို့ အခုထက်ထိတော့ ဘာမှအရိပ်အယောင် မပြဘူးပေါ့။ ကျနော်တို့ကလည်း ဘာမှ pressure မပေးဘူး။ သွားချင်တဲ့ လူသွား၊ နေချင်တဲ့လူနေ၊ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ကြပေါ့။ ကျနော်တို့ အနေနဲ့ ဘာမှ ဝင်ရောက်စွက်ဖက်၊ ဝင်ရောက် ပြောဆိုတာတော့ ဘာမှမရှိဘူး”[3]
»မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့
(New Mon State Party – Anti-military Dictatorship)
မွန်ပြည်သစ်ပါတီ (AD) ၏ နိုင်ငံရေးနှင့် စစ်ရေးဦးဆောင်ကော်မတီဝင် နိုင်စိုက်ချမ်းအောင် ပြောကြားချက်
“စစ်အုပ်စု ကြီးစိုးခဲ့တဲ့ အစိုးရအဆက်ဆက်ကို ပြန်ကြည့်လျှင် မဆလ၊ နဝတ၊ နအဖ၊ အခုစစ်ကော်မရှင်လက်ထက်အထိ လူမှုရေးဆိုင်ရာ အကြပ်အတည်းများကို ဖြေရှင်းပေးတာထက် ဒီထက်ဆိုးရွားလာအောင် လုပ်ဆောင်လာကြတယ်လို့ မြင်တယ်။ စစ်ကော်မရှင်က မြန်မာနိုင်ငံအနှံ့ ကျေးရွာများကို မီးရှို့မယ်၊ လူထုများကို ဗုံးကြဲမယ်၊ အစုလိုက်အပြုံလိုက် သတ်မယ်၊ လူငယ်တွေကို အတင်းအကြပ် စစ်တပ်ထဲသွတ်သွင်းမယ်။ ဒီလိုမတရားမှု၊ ဖိနှိပ်မှုများကို ကျူးလွန်နေတဲ့ စစ်ကော်မရှင်က တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ (ရွေးကောက်ပွဲသည်) စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့အတွက် လုပ်တဲ့လုပ်ငန်းစဥ်သာ ဖြစ်တယ်။”[4]
»မွန်ပြည်ဖက်ဒရယ်ကောင်စီ (Mon State Federal Council)
ရွေးကောက်ပွဲဆန့်ကျင်ရေးဆိုင်ရာ ဥပဒေကို ပြဌာန်းပြီးနောက်
မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ ဥက္ကဌ မိသုတဂျော် ပြောကြားချက်
“ကျွန်မတို့ ပြဌာန်းထားတဲ့ ဥပဒေတွေလည်း ပြည်သူတွေကို ပညာပေးဖို့ ပြည်သူတွေ ပါဝင်မှုကိုလည်း အလေးထား ပညာပေးသွားဖို့ လက်ကမ်းစာစောင်များ စစ်တမ်းများ စတဲ့ ဆောင်ရွက်မှုတွေ ပြည်သူပညာပေးမှု ပြည်သူပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အရာများလည်း ပါတယ်။အဲဒီအတွက်ကြောင့် တားဆီးအပြစ်ပေးအရေးယူတာ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့တကွ ကျွန်မတို့နဲ့အတူ လုပ်ဆောင်သွားမယ်ဆိုရင် အဖွဲ့အစည်းတစ်ခု မှားနေတာကို ကျွန်မတို့က အတိုင်းအတာတစ်ခုအထိ အကောင်းဆုံး ဟန့်တားသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်”[5]
♦နိဂုံး
အချုပ်အားဖြင့် မွန်ညီညွတ်ရေးပါတီသည် အာဏာသိမ်းစစ်အုပ်စု၏ (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် ရှုမြင်ကာ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ပါတီ၏ မူဝါဒသဘောထား ထုတ်ပြန်ချက်များ၌ မွန်ဘာသာ၊ ဗမာဘာသာ နှစ်မျိုးဖြင့် ထုတ်ပြန်ရာတွင် မွန်မှာတစ်မျိုး၊ မြန်မာမှာတစ်မျိုး မူဝါဒကွာဟချက်များ ရှိနေခြင်းတို့သည် ပါတီ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာစေပါသည်။
ထို့အပြင် မွန်နိုင်ငံရေးအင်အားစုများကြားတွင်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ရှိနေသည်ကို တွေ့ရပါသည်။ မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ရွေးကောက်ပွဲအပေါ် ကြားနေသဘောထားဖြင့် ပြည်သူလူထု၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံကာ မွန်ပြည်သစ်ပါတီ (AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ကမူ စစ်အာဏာရှင်သက်ဆိုးရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ဖျက်လျက်ရှိပါသည်။
သို့ဖြစ်၍ လာမည့် (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲသည် မွန်ညီညွတ်ရေးပါတီ မျှော်မှန်းသကဲ့သို့ ဖက်ဒရယ်လမ်းကြောင်းဆီသို့ ဦးတည်နိုင်မလား (သို့မဟုတ်) စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မာစေမလား ဆိုသည်မှာ စောင့်ကြည့်ရမည်ဖြစ်သော်လည်း လက်ရှိအနေအထားအရ မွန်နိုင်ငံရေးအင်အားစုများကြား ရွေးကောက်ပွဲအပေါ် လမ်းကြောင်းကွဲပြားမှုများကို သိသိသာသာ ထင်ဟပ်နေကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
[1] MRTV, November 20, 2025: ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၏ ဟောပြောချက်အစီအစဉ်-မွန်ညီညွတ်ရေးပါတီ။ https://t.me/mrtvnews/294584
[2] Mon Unity Party-Central, November 21, 2025: သတင်းထုတ်ပြန်ခြင်း။ https://www.facebook.com/watch/?ref=saved&v=840738045330360
[3] CNI Myanmar, November 27, 2025: ရွေးကောက်ပွဲအပေါ် မွန်ပြည်သစ်ပါတီက ဖိအားပေးခြင်းမရှိ။ https://cnimyanmar.com/index.php/political-2/politics-local/32922-2025-11-27-05-05-43
[4] NMSP(AD), November 20, 2025: စစ်အုပ်စုကို လူသတ်လိုင်စင်ထုတ်ပေးမည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်။ https://www.facebook.com/reel/1560627138455533
[5] Than Lwin Times, November 28, 2025: ရွေးကောက်ပွဲပါဝင်သူတွေကို အရေးယူမှု စတင်တော့မယ်လို့ ဖက်ဒရယ်ကောင်စီပြော။ Thanlwin Times

