နိဒါန်း
ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးဆိုင်ရာအကြောင်းအရာများကို အသားပေးတင်ပြပေးသွားမည်ဖြစ်ပါသည်။ အကြောင်းအရာများမှာ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် အင်အားချထားမှုနှင့် လှုပ်ရှားမှုများ၊ တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အရပ်သားများအပေါ် သက်ရောက်မှုများကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲနှင့် လုံခြုံရေးအခြေအနေ
အာဏာသိမ်း စစ်အုပ်စုသည်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရော စသည့်မြို့နယ် (၅) ခု၌ ရွေးကောက်ပွဲအပိုင်း (၁) ကို ကျင်းပခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဘီးလင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေး စသည့် မြို့နယ် (၅) ခု၌ ရွေးကောက်ပွဲအပိုင်း (၂) အား ဆက်လက်ကျင်းပခဲ့ပါသည်။
စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်များအပြင် “အပြာရောင်ဝတ်စုံ” ဝတ် ပြည်သူ့လုံခြုံရေးအဖွဲ့များကိုပါ အင်အားသုံး၍ မဲရုံလုံခြုံရေး ချထားခဲ့ပါသည်။ ဤလုံခြုံရေးတပ်ဖွဲ့ဝင်များကို ရွေးကောက်ပွဲကျင်းပသည့် ရက်မတိုင်ခင်ကတည်းက ဖြန့်ကျက်ချထားခဲ့သည်ကို တွေ့ရပါသည်။[1] မဲရုံအတွင်း ကြိုတင်ကင်းပုန်းဝပ်ခြင်း၊ လှည့်ကင်းနှင့် အထိုင်ကင်းခွဲ၍ လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းတို့ကို မြို့နယ်အားလုံးလိုလို၌ ပြုလုပ်ခဲ့ပါသည်။
ထိုမျှမက ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲကျင်းပနေစဉ် ကာလများတွင်လည်း မြို့အဝင်အထွက်ပေါက်များကို ဆက်သွယ်ထားသည့် လမ်းပေါ်များတွင် စစ်တပ်က စစ်ကြောင်းထွက် လှည့်လှည်ခြင်းများလည်း ရှိခဲ့ပါသည်။ ထို့ကြောင့်ပင် ပြည်နယ်တွင်းရှိ တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးမှုများ ရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်၊ ကူးတို့ဆိပ်ရွာနှင့် နှစ်ကရင်ရွာကြားတစ်နေရာ၌ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်လည်းကောင်း၊[2]
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ ဝါးဒက်ကွင်းကျေးရွာအနီးတစ်နေရာနှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့ ရေကျော်ရွာနှင့် သုံးခွကျေးရွာကြားတို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များနှင့်လည်းကောင်း၊[3]
ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မော်လမြိုင်အမြန်လမ်းပေါ်ရှိ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာ ခြင်္သေ့နှစ်ကောင်ဘုရားအနီးတွင် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များနှင့်လည်းကောင်း စသည်ဖြင့် မွန်ပြည်နယ်၌ ထိတွေ့တိုက်ပွဲ (၄) ကြိမ် ရှိခဲ့ပါသည်။[4] ဤတိုက်ပွဲအားလုံးသည် အာဏာသိမ်းစစ်အုပ်စုက စစ်ကြောင်းထိုးလာရာမှ ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောက်ကြားစစ်ဆင်ရေးနှင့် အာဏာသိမ်း စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တစ်ရက်တည်းတွင် ရေးမြို့နယ်၊ အစင်ရွာထိပ်ရှိ စစ်အုပ်စုဂိတ်စခန်းကိုလည်းကောင်း၊ ရေးမြို့ပေါ်ရှိ စစ်အုပ်စု၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်ကိုလည်းကောင်း၊ ရေးမြို့နယ် ကလော့ကျေးရွာအနီးရှိ အမှတ် (၃၁၆) အမြောက်တပ်ရင်းကိုလည်းကောင်း၊ မုဒုံမြို့နယ် ကမာဝက်မြို့အနီးရှိ ခမရ (၂၀၉) တပ်ရင်းကိုလည်းကောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ၏ ရာမညမွန်တပ်တော် (RMA) က တိုက်ခိုက်ခဲ့ပါသည်။[5] ဇန်နဝါရီလ ၁၁ ရက်သည် စစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့်ရက်ဖြစ်ကာ မုဒုံနှင့် ရေးမြို့နယ်တို့သည်လည်း ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သောမြို့နယ်များ ဖြစ်ကြပါသည်။
အရပ်သားများအပေါ် သက်ရောက်မှု
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်မနက်ပိုင်းတွင် စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာရှိ ခေတ္တာဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံ အမျိုးသ္မီး (၃) ဦး ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသ္မီး (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။[6]
ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတိုက်ပွဲကြောင့် ၎င်းလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာနေကြသည့် အရပ်သား (၂) ဦးသေဆုံးခဲ့ကာ (၄) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။[7]
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအတွင်းသို့ ဘီးလင်းအခြေစိုက် ခမရ (၃) တပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဒေသခံများအပါအဝင် အရပ်သား (၃) ဦးသေဆုံးခဲ့ပြီး (၂) ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။[8]
ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းအချိန်တွင် အင်အား ၁၀၀ ကျော်ရှိသော အာဏာသိမ်းစစ်ကြောင်းတစ်ခုသည် ဘီးလင်းမြို့နယ်၊ ရွှေလောင်းအင်းကျေရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်းပေါ်တွင် ဆိုင်ကယ်တစ်စီးတည်း စီးနင်းလာသည့် အမျိုးသား (၂) ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့ပါသည်။[9]
သုံးသပ်ချက်
- မွန်ပြည်နယ်တွင် အာဏာသိမ်း စစ်တပ်က အင်အားအလုံးအရင်းနှင့် လုံခြုံရေးချ၍ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။ သို့သော်လည်း မွန်ပြည်နယ် (၁၀) မြို့နယ်လုံးအား လွှမ်းခြုံသော ရွေးကောက်ပွဲ အခင်းအကျင်း မဟုတ်ခဲ့ပါ။ မြို့ပေါ်၌သာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲလည်းဖြစ်ပါသည်။ ထို့အပြင် ၎င်းတို့ကြေညာထားသည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုသည့် မွန်ပြည်နယ်မှ ကျေးရွာအုပ်စု (၁၄၀) ကျော်မှလွဲ၍ ကျန်သည့် ကျေးရွာအုပ်စု (၃၂၈) ခုတို့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့သလားဆိုသည်ကိုမူ အတည်ပြုရန် ခက်ခဲပါသည်။ မွန်ပြည်နယ်၏ လက်ရှိကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲရုံ (၂၉) ရုံနှင့် အနည်းဆုံးတွင်ရှိနေသည့် ရေးမြို့နယ်တွင် ကျေးရွာအုပ်စု (၃၀) အနက် မော့ကနင်၊ ကုလားကုတ်၊ အာယုတောင်၊ တူးမြောင်း၊ ကျောင်းရွာ၊ ကလော့နှင့် ကိုးမိုင် စသည့်ကျေးရွာအုပ်စု (၇) ခု၌သာ ကျင်းပခဲ့ပါသည်။ သို့ဆိုသော်လည်း ဤကျေးရွာအုပ်စု (၇) ခုရှိ အာဏာသိမ်းစစ်တပ်၏ နယ်မြေခံတပ်ရင်းများမှ ကာကွယ်ရေးဝန်ထမ်းများအတွက် တပ်တွင်းမဲရုံမျှသာဖြစ်ခဲ့ပြီး အရပ်သားများ မဲပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှ မုဒုံမြို့သို့ ဆိုင်ကယ်ဖြင့်ပြန်လာသော ကျောင်းရွာအထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးသူရထွန်းကို ရေး-သံဖြူဇရပ်မြို့နယ်ကြား အမှတ် (၈) လမ်းမကြီးတစ်နေရာတွင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဤစာတမ်းရေးသားချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။ အဆိုပါကျောင်းအုပ်ကြီးသည် ဇန်နဝါရီလ ၁၁ ရက်တွင် ကျင်းပမည့် စစ်အုပ်စု၏ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကျောင်းရွာရှိ တပ်တွင်းမဲရုံမှူးတစ်ဦးအဖြစ် တာဝန်ယူရမည့်သူဖြစ်သည်ကို ၎င်း၏ဖုန်းအတွင်း စစ်ဆေးတွေ့ရှိခဲ့၍ ဖမ်းဆီးလိုက်ရခြင်းဖြစ်သည်ဟု လွတ်လပ်သောမွန်သတင်းဌာန (IMNA) က ဖော်ပြထားပါသည်။[10] ကျောင်းအုပ်ကြီးဖမ်းဆီးခံခဲ့ရသော အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး ရေး–သံဖြူဇရပ်လမ်းပိုင်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ ကာကွယ်ရေးဌာနအောက်မှ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် ပြည်ထဲရေးဌာနအောက်ရှိ ရာမညရဲတပ်ဖွဲ့တို့ စိုးမိုးထိန်းချုပ်ထားသကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် အခြားဒေသတွင်းတော်လှန်ရေးအဖွဲ့များလည်း လှုပ်ရှားလျက်ရှိကြပါသည်။ ထိုကျောင်းအုပ်ဆရာကြီးဖမ်းဆီးခံရမှုကို ကြည့်ခြင်းအားဖြင့် လက်ရှိအချိန်ထိ စစ်အုပ်စုက ရေး–သံဖြူဇရပ်လမ်းပိုင်းကို ပြန်လည်စိုးမိုးမှု မရှိသေးသည်ကို တွေ့ရပါသည်။
နိဂုံး (ဖြစ်တန်ချေအလားအလာ)
အမှတ််် (၈) ပြည်ထောင်စုလမ်းမကြီး ရေး-သံဖြူဇရပ်လမ်းပိုင်းကဲ့သို့ အဓိကလမ်းမကြီးများပေါ်တွင် တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှု ဆက်ရှိနေခြင်းသည် စစ်အုပ်စု၏ ရွေးကောက်ပွဲပြီးသွားသည့်တိုင် နယ်မြေအရ အားပြိုင်မှုဆက်ရှိနေနိုင်သေးသည်ကို မီးမောင်းထိုးပြနေပါသည်။
ဤကဲ့သို့ နယ်မြေအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ အားပြိုင်ထိတွေ့မှု ရှိလာလျှင် အာဏာသိမ်း စစ်အုပ်စုသည် အရပ်သားများရှိရာ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လမ်းသွားလမ်းလာများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို ဆက်လက်ကျူးလွန်လာနိုင်ပါသည်။
ထို့အပြင် စစ်အုပ်စု၏ “သောက်လေ၊ ငတ်မပြေ၊ ဆားငန်ရည်” ကဲ့သို့ ပြဌာန်းခဲ့သော “ပြည်သူ့စစ်မှုထမ်းဥပဒေ” အသက်ဝင်နေသေးသ၍ လူငယ်များ လွတ်လပ်ခြင်းမရှိဘဲ အတင်းအဓမ္မတပ်သားသစ် စုဆောင်ခြင်း ခံနေရဦးမည်ဖြစ်ပါသည်။
ထို့ကြောင့် အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ရှေ့ကာလများတွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်ရှိလာနိုင်ပြီး အရပ်သားများ၏ လုံခြုံရေးမှာလည်း ပိုမိုစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
[1] Thanlwin Times, December 24, 2025: မွန်ပြည်နယ်ရှိ မဲရုံတွေမှာ စစ်ကော်မရှင်တပ် လုံခြုံရေးတိုးမြှင့်ထား။ Thanlwintimes
[2] Mon State Revolutionary Force, December 24, 2025:“တိုက်ပွဲသတင်းထုတ်ပြန်ချက်”။ https://www.facebook.com/share/p/17gDrvmsDf/
[3] Thanlwin Times, December 26, 2025: ကျိုက်ထိုတိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးနေရ။ Thanlwintimes
[4] Thanlwin Times, December 31, 2025: ဘီးလင်းတိုက်ပွဲမှာ အရပ်သားနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ။ Thanlwintimes
[5] NMSP-AD/RMA, January 12, 2026: လလောၚ်ပရိုၚ်ပေါဲဗ္တိုက်ဂမၠိုၚ်။ https://www.facebook.com/RamonnyaMonArmy/posts/pfbid0mPZeCpXeF7cbjBG5hyWiSdyBUmvAzJGFgLBVRSHeeGTTVZRMwrtxkhSoxAMFJNnHl
[6] Thanlwin Times, December 25, 2025:ဘီးလင်းမှာ ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးသုံးဦးသေဆုံး။ Thanlwintimes
[7] Thanlwin Times, December 31, 2025: ဘီးလင်းတိုက်ပွဲမှာ အရပ်သားနှစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ။ Thanlwintimes
[8] Karen Information Center, January 2, 2026: လက်နက်ကြီးကြောင့် အလူးလေးတွင် အမျိုးသမီးများအပါအဝင် ၃ ဦးသေဆုံး၊ ၂ဦး ဒဏ်ရာရ။ Kareninformationcenter
[9] Thanlwin Times, January 13, 2026: ဘီးလင်းမှာ စစ်တပ်စစ်ကြောင်းက အရပ်သား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်။ Thanlwintimes
[10] Independent Mon News Agency, January 7, 2026: ရွေးကောက်ပွဲဆန့်ကျင်ရေးဥပဒေနှင့် ငြိစွန်းနေသူ အ.ထ.က(ကျောင်းရွာ)မှ ကျောင်းအုပ်တစ်ဦး ဖမ်းဆီးခံရ။ Independentmonnewsagency

