
မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ
(၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လတာအတွင်း မွန်နှင့်တောင်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွါးမှု (၁၅) ကြိမ်အထိ ရှိခဲ့သည်။ ရရှိထားသော အချက်အလက်များအရ ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် တိုက်ပွဲ (၆) ကြိမ်စီနှင့် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့သည်။ ဘီးလင်း မြို့နယ်တွင် တိုက်ပွဲ (၁) ကြိမ် နှင့် ရေဖြူမြို့နယ်တွင် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွားခဲ့သည်။
ဖေဖော်ဝါရီလ (၂၂) ရက် နံနက် (၈) နာရီအချိန်တွင် ဖြစ်ပွါးခဲ့သော ရေးမြို့နယ်၊ ကျောင်းရွာတိုက်ပွဲ ကြောင့် ဒေသခံအရပ်သား (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ (၃) ဦးအနက် (၂) ဦးမှာ အသက်မပြည့်သေးသော (၁၄) နှစ်အရွယ်နှင့် (၄) နှစ်အရွယ် ကလေးသူငယ်များ ဖြစ်ကြသည်။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းစစ်ဆင်ရေးဖြစ်စဥ်များအကျဉ်းချုပ်
မွန်နှင့် တောင်ပိုင်းဒေသအတွင်း မြို့နယ်များတွင် စုစုပေါင်း လက်နက်ကြီးပစ်ခတ်မှု (၆) ကြိမ်၊ ဒရုန်း တိုက်ခိုက်မှု (၅) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစု ပေါင်း အရပ်သား (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး (၄) ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ရေဖြူမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၅) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် ဒရုန်း စစ်ဆင်ရေး (၁) ကြိမ်ဖြင့် တိုက်ခိုက်မှုအကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့သည်။ ဤတိုက်ခိုက်မှုများ ကြောင့် မဟုတ်ဘဲ အာဏာသိမ်း စစ်အုပ်စု လက်အောက်ခံ ပျူစောထီးနှင့် စစ်ကြောင်းတို့၏ ပစ်ခတ် သတ်ဖြတ်မှု ကြောင့် ရေဖြူမြို့နယ်တွင် သေဆုံးသူ (၂) ဦး ရှိခဲ့သည်။ ၎င်းတို့ (၂) ဦးအနက် (၁) ဦးမှာ ရာဖူး ကျေးရွာနေ ကိုရွှေအ ဟုခေါ်သော စွန့်အနားမကြားသည့် မသန်စွမ်းသူတစ်ဦး ဖြစ်သည်။
ကော့ကရိတ်မြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ် ရှိခဲ့ သည်။ အလားတူ ရေးမြို့နယ်တွင် ဒရုန်းတိုက်ခိုက်မှု (၂) ကြိမ်၊ သံဖြူဇရပ်မြို့နယ်တွင် ဒရုန်းတိုက်ခိုက်မှု (၁) ကြိမ်၊ ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၁)၊ ဘားအံမြို့နယ်တွင် လေကြောင်း တိုက်ခိုက် မှု (၁) ကြိမ် စသဖြင့် အသီးသီး ရှိခဲ့သည်။


မြို့နယ်အလိုက် ဖမ်းဆီးခံရမှု အကျဉ်းချုပ်
(၂၀၂၆) ခုနှစ် ဖေဖော်ဝါရီလအတွင်း မွန်နှင့် တောင်ပိုင်းဒေသရှိ မြို့နယ်များတွင် စုစုပေါင်း ဖမ်းဆီးခံရသူ (၇၆) ဦးအထိ ရှိခဲ့ပြီး အားလုံးကို အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးခြင်းဖြစ်ပါသည်။ တိုက်ပွဲအတွင်း ပိတ်မိကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရခြင်းနှင့် စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရခြင်း စသည့်နည်းလမ်း ဖြင့်(၂)ခုဖြင့် အရပ်သားပြည်သူများ အဓိကဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရသူ (၄၃) ဦး ရှိခဲ့ပြီး လူငယ်အမျိုးသားများ ဖြစ်ကြသည်။ ယင်းအနက် ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာနေ လူငယ်တစ်ဦးသာ ငွေပေး လွတ်မြောက်ခဲ့သည်။တိုက်ပွဲအတွင်း ပိတ်မိကာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ (၃၀) ဦး ရှိခဲ့ပြီး အမျိုးသားနှင့် အမျိုးသ္မီး မည်မျှ ပါဝင် ကြောင်းကို ခွဲခြားအတည်ပြုနိုင်ခဲ့ခြင်း မရှိပါ။ ယင်းအပြင် ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ဖြစ်ပွါးခဲ့ သော ရေဖြူမြို့နယ်၊ သစ်တိုထောင့်ရွာတိုက်ပွဲကြောင့် မပြေးနိုင်ဘဲ ရွာအတွင်းကျန်ရစ်နေ့သည့် သက်ကြီး ပိုင်းဒေသခံများကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ (၅)ရက် နံနက်တွင် ပြန်လည် လွတ်မြောက်ခဲ့ကြသည်။ အရေအတွက် မည်မျှဖမ်းဆီးခံရသည်ကိုမူ အတည်ပြုနိုင်ခဲ့ ခြင်း မရှိပါ။
အထက်ဖော်ပြပါဖမ်းဆီးခံရမှုများကြောင့် မဟုတ်ဘဲ အခြားအကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသူ (၃) ဦး ရှိခဲ့ပြီး အမျိုးသား (၂) ဦးနှင့် အမျိုးသ္မီး (၁) ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာ အုပ်ချုပ်ရေးမှူးလည်း ဖြစ်၊ ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူ ဦးစုငယ် (ခ) ဦးနောင်ကြီးက ၎င်းနေအိမ်၌ ရွှေပျောက်သည့် ကိစ္စနှင့်ပတ်သက်၍ သံသယရှိသည်ဟု စွပ်စွဲကာ တစ်ရွာတည်းနေ မခိုင် ဆိုသူကို ဖမ်းဆီးသတ်ဖြတ်ခဲ့ သည်။

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်အရေအတွက်များ
(၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလအတွင်း မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သော စစ်ရေးပဋိပက္ခ အခြေအနေများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးခဲ့ကြရသည်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုနှင့် ဖောက်ထွင်းခိုးယူမှုများကြောင့် ဖြစ်သည်။ ကောက်ယူထားသော အချက်အလက်များအရ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း နေအိမ် (၆၄) လုံးပျက်စီးခဲ့ရာတွင် မီးရှို့ဖျက်စီးခံရမှုကြောင့် နေအိမ် (၆၀) လုံးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၄) လုံး ပျက်စီးခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ရေဖြူမြို့နယ်တွင် မီးရှို့ဖျက်စီးခံရသည့် အိမ်ခြေ (၅၈) လုံးအထိရှိခဲ့ပြီး အများဆုံးဖြစ်သည်။ ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင်လည်း နေအိမ်များ အပြင် ဆိုင်ကယ်၊ ဖုန်း၊ ငွေကြေးနှင့် မော်တော်ယာဉ်များပါ အတင်းအဓမ္မ သိမ်းယူဖျက်စီးခြင်းကိုခံခဲ့ ရသည်။
တိုက်ပွဲများနှင့် လုံခြုံရေးအခြေအနေများကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ဦးရေမှာ စုစုပေါင်း (၁၄,၄၃၀) ခန့် ရှိသည်။ ၎င်းတို့အနက် ဘီးလင်းမြို့နယ်တွင် စစ်ဘေးရှောင် (၆,၈၉၄) ဦးဖြင့် အများဆုံးဖြစ်ပြီး၊ ကျိုက်ထိုမြို့နယ်တွင် (၆,၀၃၉) ဦးနှင့် ရေဖြူမြို့နယ်တွင် (၁,၅၀၀) ခန့် အသီးသီး ရှိနေကြသည်။



